Pages

Tuesday 7 May 2013

မောင်ငယ်ရင်သွေး နာဘိသေးလော့

မောင်ငယ်ရင်သွေး နာဘိသေးလော့ ၊ ရှေးသရောအခါ ပြည်ဗာရာဝယ်
ကုဋေကြွယ်သား သူဋ္ဌေးအားလျှင် ၊ သားတစ်ယောက်ဖြစ် ချစ်၍တစေ
အိမ်မှာနေ၍ စာပေမကျ မိဘစုတေ ၊ ခန္ဓာရွေ့သော်အရှေ့အနောက်
တောင်မြောက် ဘယ်မှာ မသိပါငြား ၊ သူဋ္ဌေးသားသည် သိုထားမတတ်
နှံ့အပ် ဥစ္စာရှိ သည့်ငှာကို များစွာ ၊ ကျွန်ပေါင်း မကောင်းခိုးသူ ယူ၍
ပြေးရှောင်း အိမ်ကို ရောင်း၍ ၊ ထောင်းထောင်းကြေလျက်
ခွက်လက်ဆွဲကာ တောင်းစားပါလည်း ၊ နင်သာလူမိုက် ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ ရွာမှ ထွက်လေ ၊ တောမှာသေသည် ကောင်သေ
လင်းဠ ကျ၏တည်း ။


ဒီကဗျာလေးက ကျောင်းသုံး မြန်မာစာ ဒုတိယတန်းလား ၊ တတိယတန်းလား သေချာမသိ။
ကလေးတွေ ရွတ်နေလို့ ကာရန်ယူထားပုံလေး ကောင်းလို့ စိတ်ထဲ စွဲနေတာနှင့် ချရေးကြည့်
လိုက်တာပါ ။ ကဗျာနေရာ အထားအသို စာကျန်ကောင်း ကျန်ခဲ့နိုင်ပါတယ် ။ ကာရန် ယူထား
ပုံကောင်းသလို အဓိပ္ပါယ်ကလည်း ပညာ ရဲ့ အခန်းကဏ္ဍအရေးပါပုံကို မြန်မာ့ ယဉ်ကျေးမှုနှင့် နီးစပ်ပြီး ၊ နီတိ ဆုံးမစာ ကဗျာလေးနှင့် ကလေးတွေ စိတ်ရွှင်ပြီး မှတ်မိအောင် ပြဌာန်းထားတဲ့ သင်ခန်းစာ ကဗျာလေးပါ။ ဒီကဗျာလေး ရဲ့ အဓိပ္ပါယ်မှာ ပါဝင်တဲ့ ဆိုလိုချက်တွေက ကလေး
ငယ်တွေကို ရိုင်းစိုင်းသွားစေသလား ဆိုတာ ဖြစ်နိုင်ပါ့မလား ။ ပညာ တတ်မှ သူတပါး အနိုင်
ကျင့် လှည့်ဖျားတာမခံရမှာလို့ပဲ နုနယ်တဲ့ ကလေးအတွေးမှာ ထင်မှတ်စေမှာပါ ။

သေချာပါတယ်လေ ၊ ဆရာ / မ တွေကလည်း ဘယ်ကလေးကိုမှ ပညာမတတ်သူ၊ သူတောင်း
စား ဖြစ်သွားတဲ့ သူဋ္ဌေးသား သောက်သုံးမကျသူမို့ ဝိုင်းရိုက်ကြ ၊ ရွာပြင်ထုတ်ကြ ၊ နှိပ်စက်ကြ ပါလို့ မသင်သလို ကလေးတွေကလည်း သူဋ္ဌေးသားလို လူ့အသိုင်းအဝန်း အပြင်ဘက်ရောက်
မှာကို စိုးရိမ်စိတ်နှင့် ပညာ တတ်အောင် သင်ရမယ်လို့သာ တွေးမိမှာပါ ။ အဲလိုမှ မဟုတ် အဆိုး
မြင်တတ်တဲ့ ကလေးငယ် ဆိုရင်တောင် အကြမ်းဖက်ရမယ် ၊ လူသားချင်းစာနာမှုမဲ့ပြီးသူတောင်း
စားကို ဝိုင်းရိုက်တဲ့ ရွာထဲကလူတွေကို အားကျပြီး အတုယူစရာ အကြောင်းမရှိ နိုင်ဘူးလို့ထင်ပါ
တယ် ။ ဆရာစစ်မှန်တဲ့ စိတ်ထားတတ်တဲ့ လူတွေ ပိုပြီး ကလေးတွေ စိတ်ကို ခံစားတတ်မှာပါ။

ဒီ နီတိ ကဗျာမှာ မိဘတွေသည်လည်း အလိုမလိုက်သင့်တာကို ကလေးကို ချစ်တဲ့စိတ်နှင့်အလို
လိုက်တာရယ် ၊ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တတ်တဲ့ ကျွန်ယုတ် ၊ ကျွန်စုတ် တွေကိုမွေး
မြူထားတာရယ် အတွက်မိဘတွေမှာလည်း အပြစ် ရှိပါတယ် ။ အရိပ်နေနေအခက်ချိုးချိုး ထမင်း
ကျွေးတဲ့ လက်ကို ပြန်ကိုက်ပြီး သခင် မျက်ကွယ်၌ သခင်၏ သွေးသားကို စောင့်ရှောက်ရမည့်
အစား သခင့်သွေးသား ပညာမဲ့သူအား လိမ်လည်လှည့်ဖျားပြီး ကျေးဇူးသစ္စာဖောက်သော ကျွန်
မျိုးယုတ် သဘောက်မသား ၊ သမီးတွေ မှာလည်း အပြစ်ရှိပါတယ် ။ သဋ္ဌေးသား အနား ခစားပြီး
သဋ္ဌေးသား အနား စားကောင်းခဲ့စဉ်တုန်းက ဘောတမမ ဖြစ်နေတဲ့ မိတ်ဆွေအပေါင်းအသင်း
တွေ ၊ သူဋ္ဌေးသား လုပ်သမျှ စားခွက်ပျောက်မှာ စိုးတာနှင့် မှန်၏ မမှန်၏ မိတ်ဆွေစိတ်ထား မရှိ
ပဲ မြှောက်ထိုးပင့်ကော်လုပ် ၊ သူဋ္ဌေးသား ခွေးဖြစ်ချိန်လည်းကျကော ဒင်းတို့ကအလျင်ဦးအောင်
ရသမျှ ယူငင်ထွက်ပြေးတတ်တဲ့ သူယုတ်မိတ်ဆွေ တွေမှာလည်း အပြစ်ရှိပါတယ် ။ ထို့ နောက်
ပညာတတ်အောင် သင်ယူလိုစိတ်မရှိ မိဘဖြစ်သူ၏ မေတ္တာကို အခွင့်ကောင်းယူပြီး ဆိုးခဲ့ ၊မိုက်ခဲ့၊
မူးခဲ့ ၊ ရူးခဲ့ ၊ ရမ်းကားခဲ့ ၊ မိဘ အရှိန်အဝါနှင့် လူတကာအပေါ် ရမ်းကား မိုက်ရိုင်း ခဲ့တဲ့ သားဆိုး ၊
သားမိုက် ဖြစ်တဲ့ သဋ္ဌေးသားမှာ အပြစ်ရှိဆုံး ဖြစ်ပါလိမ့်မယ်။ဘယ်သူမပြု မိမိ အမှု မဟုတ်လား။

ပညာမဲ့ သူတောင်းစား ဖြစ်သွားတဲ့ သူဋ္ဌေးသား ကို စာနာရမည့်အစား ဝိုင်းဝန်းရိုက်နှက် ရွာပြင်
ထုတ်တယ် ဆိုတဲ့ ရွာထဲက လူတွေရဲ့ ဘက်ကိုစဉ်းစားကြည့်ပါဦးမယ် ။ ဒါကလည်း ပညာမဲ့သူ
ဋ္ဌေးသားနှင့်သာ သက်ဆိုင်မယ်ထင်ပါတယ် ။ ဗာရာဏသီ ခေတ်လို လူမပြောနှင့် ခွေးတိရိစ္ဆာန် ကိုတောင် ကျွေးမွေးလှူဒါန်းတတ်တဲ့ ခေတ်မှာ လူတွေ သဒ္ဒါတရားမဲ့လောက်အောင် ၊ ရိုက်ချင်
နှက်ချင်လောက်အောင် သူဋ္ဌေးသားဖြစ်စဉ်ခါက အဘယ်မျှ ဆိုးသွမ်း ယုတ်မာခဲ့သလဲဆိုတာ
ကို ထည့်တွေးရမယ်ပါမယ် ။ အရပ်လေးမျက်နှာကိုတောင်မသိတဲ့ ပညာမဲ့တဲ့ လူတစ်ယောက်
မဟုတ်လား ။ ပညာမဲ့ပြီ ဆိုကတည်းက ကိုးကွယ်ရာမသိ ၊ မိဘ မသိ ၊ ကျေးဇူးမသိ ၊ မိတ်ဆွေ
အပေါင်းအသင်းကလည်း လူမိုက် လူယုတ်တွေချည်းနှင့်သာ ပေါင်းသင်းခဲ့တယ် ၊မမှီဝဲသင်တဲ့
လူကို ဆည်းကပ်မယ် ။ ငမူး ငရူးတွေက မြှောက်ပေးတိုင်း လျှောက်လုပ်တတ်တဲ့ ဒီကောင်ရဲ့  ဒါဏ်ကို ရွာကလူတွေ ကျိန်းသေပေါက် ခံစားရမှာ မလွဲဘူးလေ ။ ဆိုတော့ ဒီလို သူယုတ်မာ
မျိုးကို ရွာကလူတွေက မသတ်တာတောင် အတော်လေး ကျေးဇူးတင်သင့်နေပြီ မဟုတ်လား။
အချို့ဆို အပြစ်မရှိတဲ့ လူတွေကို ဗလိုင်းကြီး လည်လှီး မီးရှို့သတ်ဖြတ်နေတဲ့ လူ့အသိုင်းအဝိုင်း
တွေ နှင့်ယှဉ်ရင် တော်တော်လေး စာနာတတ်တဲ့ အသိုင်းအဝိုင်းလို့တောင် ပြောလို့ရနေပြီ ။

ကိုယ်က လူကြီးစိတ်နှင့် တွေးကြည့်တာပါ ။ ကလေးတွေ ဒီလောက်လည်း လိုက်မတွေးကြပါ
ဘူး ။ သူတို့ သိတာ ပညာတတ်အောင် သင်ရမယ် ။ ပညာ မတတ်ရင် လူလိမ် လူညာ လူယုတ်
တွေ လုပ်သမျှ ခံရမယ် ။ ကိုယ်ကလည်း အကောင်းအဆိုး မခွဲခြားနိုင်တဲ့ အတွက် တောင်းစား
တာတောင် အရိပ်အကဲမကြည့်တတ်ပဲ အရိုက်ခံရတတ်တယ် ဆိုတာလောက်ပါပဲ ။

ဒါနဲ့ဗျာ ။ မြန်မာနိုင်ငံ ပညာရေး စနစ်က နိမ့်ကျချင် ၊ နိမ့်ကျမယ် ။ အခြားနိုင်ငံတွေလောက်
အဆင့်မြင့်တာမျိုး ဖြစ်ချင်မှ ဖြစ်မယ် ။ ယနေ့ ခေတ်ပညာတတ်ပါတယ် ဆိုတဲ့ လူတွေ အနေ
နှင့် တွေးတတ် ခေါ်တတ် ၊ လူကို လူလို့ မြင်တတ်အောင် ၊ ခင်ဗျားတို့ ပညာကျူးပြီး အရူးမဖြစ်
ခင်လောက် အထိ ၊ ထိုက်သင့်တဲ့ ပညာ အရည်အချင်းကိုတော့ ပေးနိုင်ပါသေးတယ် ။
ဒီနိုင်ငံ ပညာရေးကို ၊ ကိုယ့်အနေနှင့် ဘာမှ အကျိုးမပြုနိုင်ဘူးဆိုရင်တောင် ၊ အကျိုးယုတ်စေ
နိုင်မယ့် ကလေးတွေ ပညာလိုချင်စိတ် မဲ့လေအောင် အရေးအသားမျိုး ၊ သိမ်ငယ်စိတ်ဖြစ်စေ
နိုင်မယ့် အတွေးအခေါ် အဆိပ်ခပ်မှုမျိုးတွေ ရိုက်မသွင်းမိစေဖို့ တကယ်ကို အရေးကြီးပါတယ်။

ကိုယ်က အစိုးရကို မကျေနပ်လို့ ၊ အစိုးရ ဆောင်ရွက်ချက်တွေကို အားမရလို့ ၊ အထင်မကြီးလို့
အစိုးရကို ဝေဖန်မယ် ၊ ပုတ်ခတ်မယ် ဆိုရင်တောင် မျိုးဆက်သစ်တွေ အဆိပ်သင့်စေမယ့် စာ
မျိုး အတွေးအခေါ်မျိုးတွေနှင့် အညွန့်မချိုးကြပါဗျာ ။ အကယ်၍ မြန်မာနိုင်ငံ ပညာရေးကို
အထင်မကြီးဘူး ဆိုပြီး ခင်ဗျားတို့ သားသမီးတွေက မြန်မာကျောင်းမတက်ချင်ဘူး ၊ မြန်မာစာ
မသင်ချင်ဘူး ဆိုပြီး ဘိုကျောင်း ဘိလပ်ကျောင်းမှာ တက်ချင်ပါတယ် ဆိုရင် ခင်ဗျားတို့ တတ်
နိုင်တဲ့ ဓနမျိုးရှိရင်တော့ တစ်မျိုးပေါ့ ။ မထားနိုင် မတတ်နိုင်တဲ့ လူမျိုးတွေ ဆိုရင် မိဘတွေ ၊
သားသမီးတွေ အတွက် ဘယ်မှာ စိတ်ချမ်းမြေ့စရာ ကောင်းပါတော့မလဲ စဉ်းစားကြည့်စေချင်
ပါတယ် ။ ခင်ဗျားတို့ သိပ်တိုးတက်ခေတ်မှီစေချင်တဲ့ ဒီမြန်မာ နိုင်ငံ ဘယ်မှာ ပညာတတ်ဆို
တာ မရှိပဲ ထူထောင်နိုင်ပါတော့မလဲ ဆိုတာ .......။

ဦးယဉ်ကျေး ။ ။

3 comments:

  1. အရမ်းကောင်းတယ်

    ReplyDelete
  2. ကောင်းလွန်းတယ်ဗျာ ကျေးဇူး

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်