ကိုအောင်ကြီးက မကျေမနပ်နှင့် ကျဉ်းသော မျက်ပေါက်ကို အစွမ်းကုန်ပြူးလျက် ဒေါသ
တကြီး ပြော ၏။ ဗိုလ်မှူး တင်ဖေက ကြားဝင်လိုက်၏။“ကဲ … ကိုယ့်လူ … သတ္တလောကကြီး တခုလုံး ဖြစ်ချင်တာ ဖြစ်သွားပစေ၊ အပြစ်ရှိလာလဲကျုပ်တို့ခံမယ်၊ ခင်ဗျား ဘယ်လိုသွားမလဲ ကျုပ်တို့က ဘာတွေ လုပ်ပေးရမလဲ၊ အဲဒီအစီအစဉ်တွေကိုသာ ကျုပ်တို့ကို ပြော … ”
ထိုသည့်နောက်ကား စာရေးသူ၏ တောင်းဆိုချက်အရ တပ်ရင်းအသီးသီးတွင် ရှိနေကြသော စာရေးသူ၏ ရဲဘော်ဟောင်းအချို့ကို ကိုအောင်ကြီး၏ ကြိုးမဲ့ကြေးနန်းအမိန့်ဖြင့် ရန်ကုန်သို့ အမြန်ဆုံး ရောက်ရှိ လာကြရန် ခေါ်ပေး၏။ ၁၉၅၁ ခု ဇူလိုင်လ ၁၂ ရက်နေ့တွင် အားလုံး ရောက်ရှိလာကြ၏။ ၂၃ ရက်နေ့တွင် စာရေးသူတို့ သွားရမည့် နယ်သို့ကြိုတင်စေလွှတ်လိုက်၏။ စာရေးသူက ခရီးရှည်ချီတက်ရာတွင် အရေးအကြီးဆုံး လိုအပ်သော ရိက္ခာ သယ်ဆောင်သွားနိုင်ရေး ပြဿနာကို ဖြေရှင်းရန် ရန်ကုန်၌ ကျန်ရစ်ခဲ့ရ၏။ဤကိစ္စ၌လည်း စာရေးသူနှင့် ကိုအောင်ကြီး သဘောကွဲလွဲကြရသည်။ ကိုအောင်ကြီးက
စာရေးသူကို ဗိုလ်မှူးအောင်ရွှေ ဆီသို့ ခေါ်သွား၏။
ဂျပန်ခေတ် ပဲခူးစံပြစစ်ကျောင်းတွင် စာရေးသူတို့ ၀ရမ်းပြေးတသိုက် စစ်သင်တန်းသွားရောက် တက်ကြ စဉ် က ဗိုလ်မှူးအောင်ရွှေ၏ တပ်တွင်း၌ နေကြရ၏။ ထို့ကြောင့်ဗိုလ်မှူးအောင်ရွှေက တွေ့လျှင်တွေ့ချင်း အပိုတွေ ဇာချဲ့မနေတော့ဘဲ ၎င်းပြုလုပ်ထားသည့် ရိက္ခာဗူးကို စာရေးသူအားပြ၏။ ဆရာဝန်များနှင့် တိုင်ပင်ညှိနှိုင်း၍ ကျန်းမာရေးနှင့် ညီညွတ်အောင် အချိန်မှီ စမ်းသတ်လုပ်ကိုင်ထားသည် ဆို၏။
လေးတောင့် ငါးသေတ္တာဗူးကဲ့သို့ လေလုံသော သံဗူးငယ်မျိုးဖြစ်သည်။ တခုလျှင် လေးတောင့် ငါးသေတ္တာ လေးလုံးစာခန့် အရွယ်ရှိ၏။ အတွင်း၌ ကြာရှည် ၀ါး၍စားရသော ဘီစကွတ်အမာ ဆယ်ချပ် ထောပတ်ထုပ်ငယ် ၁၊ ဇီးတော်ဖီထုပ် ၁၊ လေးလိပ်ပါ စီးကရက်ထုပ် ၁၊ သုံးလိပ်ပါ ဆေးပေါ့လိပ်ငယ်ထုပ် ၁၊ မီးခြစ်ဆံ ၁၂ ချောင်းပါစက္ကူ မီးခြစ်ပြား ၁၊ ရေနွေးကြို၍ခပ်လိုက်လျှင် အသင့်ဖျော်ပြီး ကော်ဖီ အချို ဖြစ်သော နို့သကြားပါသည့်ကော်ဖီမှုံအထုပ် ၁။ သီးသန့် နိုမှုံထုပ် ၁ နှင့်၊ ဗီတာမင် ဆေးပြား၂ ပြား ပါရှိသည် ထမင်းတနပ်စာအတွက် ဖြစ်၏။
စာရေးသူက ထိုခေတ်မှီလှသော ဆရာဝန်နှင့် တိုင်ပင် ပြုလုပ်ထားသည့် ရိက္ခာဗူးကိုမကြိုက်။ ရဲဘော် တယောက်သည် ဤထမင်းတနပ်နှင့် ညီမျှသော ရိက္ခာဗူးမျိုး ဘယ်နှစ်ဗူး သယ်ယူနိုင်ပါ မည်နည်း ဟု တွေး၏။ ရဲဘော်တယောက်တယောက်၌ မပါလျှင် မဖြစ်သော ကျောပိုးအိတ် သို့မဟုတ် ဘေးလွယ် အိတ်တခုစီ ပါရမည်၊ ထို့ပြင် ရေဗူးတလုံး၊ထမင်းချက်အိုလည်းဖြစ်၊ စားခွက်လည်းဖြစ်သော “ဟန်းကော” ခေါ်သည့် ခွက်တခု၊လက်ပစ်ဗုံး ၂ လုံး၊ သေနတ်ကျည်ဆံများ၊ ထို့နောက် သေနတ် ….
ထိုပစ္စည်းတွေအပြင် ဗိုလ်မှူးအောင်ရွှေ၏ တဗူးလျှင် ထမင်းတနပ်နှင့် ညီမျှသော ခေတ်မှီရိက္ခာဗူး များ ကို ရဲဘော်တယောက်တယောက်လျှင် လေးလုံးထက်ပို၍ သယ်နိုင်ကြပါမည်လော ….
“ကျနော်တော့ ရဲဘော်တွေ သိပ်သယ်နိုင်ကြမယ် မထင်ဘူး၊ ရိုးရိုးပြောရမှာဖြင့်“ထမင်းခြောက်”နဲ့ “ထန်းလျက်ခဲ”လောက် မကြိုက်ဖူး …”
“ခင်ဗျားအဘကြီးမှဘဲ၊ ခင်ဗျားကတော့ နေရာတကာ စိတ်ကူးလိုက်မှဖြင့် ဂွချည်းဘဲ၊ဘယ်လိုကြံကြံဖန်ဖန် မဟုတ်တာတွေကို စိတ်ကူးတတ်တဲ့ လူမှန်း မသိဘူး … ”ကိုအောင်ကြီးက ၀င်ဟောက်လိုက်ခြင်း ဖြစ်၏။ ခက်သည်ကား သူတို့သည် စာရေးသူကို ချစ်ကြခင်ကြ၏။ စာရေးသူကို တခြားတပါးသူက ထိပါးလျှင် မခံချင်ကြ။ သို့ရာတွင်စာရေးသူနှင့် သူတို့နှင့် အတွေးအခေါ်ခြင်းမတူ၊ စာရေးသူ လုပ်သမျှ တမင်ဂွလုပ်နေ
သည်ချည်း သူတို့ထင်ကြ၏။ မည်သည့်ကိစ္စမဆို စာရေးသူနှင့် အငြင်းအခုံပြုကြသည်ချည်း ဖြစ်၏။ တခါတရံ ဘာမဟုတ်သည့် ကိစ္စကလေးကို ထိုင်ငြင်းလိုက်ကြသည်မှာတနေကုန်သွားရသဖြင့် သူတို့တွင် အလုပ်အကိုင်ပျက်ကြရ၏။
ထို့ကြောင့် စာရေးသူက ယခုအကြိမ်တွင် ကိုအောင်ကြီးနှင့် အငြင်းအခုံမပြုတော့၊သို့သော် ဒီလူတွေ အတော်ညံ့သေးသည်ဟု စာရေးသူက တွေး၏။ ရိုင်ဖယ် သေနတ်ကို ကိုင်၍ တိုက်နေကြရသော ယခုခေတ် စစ်သားတိုင်းလိုလို လှံ၊ ဓါးနှင့် ၀ါးရင်းဒုတ် တို့အား အားကိုး၍ တိုက်ခိုက်လာခဲ့ကြရရှာသော ရှေးခေတ် စစ်သားကြီးများကိုအထင်သေးတတ်ကြ၏။ ရှေးခေတ် စစ်သားကြီးများသည် လှံ၊ ဓါး၊ ၀ါးရင်းဒုတ်၊ တူမီ
သေနတ်နှင့် ဂိုက် ၁၀၀ ကျော် ၂၀၀- လောက်မျှ ပြေးသည့် ထန်းလုံး အမြောက်ကြီးတလက် နှစ်လက်ကို အားပြုလျက် အာသံ မဏိပူရနှင့်တကွ ဗမာပြည်အနီးအပါးရှိ တိုင်းပြည်တွေကို သိမ်းပိုက်ခဲ့ကြသည်။ ဒါတွေကို ယခုစစ်သားတွေက မေ့နေကြ၏။
အမရပူရ ပထမမြို့တည် နန်းတည် မင်းတရာကြီးသည် အမရပူရမှ မုတ္တမမြို့သို့တိုင်အောင် စခန်းပေါင်း ၃၈- စခန်းပြု၍ ၃၉- ရက်နှင့် အရောက် ချီတက်၏။ စစ်သည်ရဲမက်များ ထောင်နှင့် ချီ၍ ပါလေသည်။ အလုံမင်းကြီး ဗန္ဓုလနှင့်တကွသော စာဆိုတော်မြ၀တီမင်းကြီး ဦးစ တို့သည် ဗမာရဲမက် ၄၀၀၀၊ ကချင် သိန်းဖေါ ရဲမက် ၁၀၀၀၊ မြင်း၅၀၀၊ ဆင် ၂၀တို့ဖြင့် မြင့်မားသော တောတောင် အထပ်ထပ်တို့ ကို ဖြတ်ကျော် လျက် အာသံမဏိပူရသို့အရောက် စခန်းပေါင်း ၇၀ ပြု၍ ချီတက်၏။ထိုလမ်း သည် ရှေးအခါ ကမဆိုထားနှင့် ယခုအချိန်၌ပင် ရိက္ခာရရှိရန် ခက်ခဲ၏။ လမ်းခရီးတွင် ချင်းအမျိုးသားများနှင့်
နာဂ အမျိုးသားတို့သာ ရှိကြ၏။
ထိုတောင်ပေါ်သားများသည် ဆန်ချည်းသက်သက် စားရန်မလုံလောက်သောကြောင့်၊ပိန်းဥ မြောက်ဥတို့ကို အားပြုနေကြရ၏။ စားဘွယ်အဖြစ် အမှီပြုနိုင်သော အမဲ,တောကောင်လည်း ရှား၏။ မျောက်၊ ပြောင်၊ ၀က်ဝံ၊ ရစ်၊ တောကြက်၊ ဒေါင်းမင်း စသောလိုက်ရန်ခက်သည့် သားမျိုးဌက်မျိုးတို့သာ အနည်းအကျဉ်း ရှိ၏။ ဤသို့ဆိုလျှင် အလုံမင်းကြီး မဟာဗန္ဓုလသည် ဆင်စာ၊ မြင်းစာနှင့် တကွသော လူငါးထောင်စာ ရိက္ခာများကိုစခန်းပေါင်း ၇၀ ဖြတ်ကျော် ချီတက်နိုင်ရန် မည်ကဲ့သို့ ယူဆောင် သွားပါမည်နည်း။
စာရေးသူသည် ရှေးစစ်သားကြီးများ ဤသို့ ရိက္ခာယူဆောင်သွားမှု၊ သို့မဟုတ် ရရှိမှုနှင့် ပက်သက်၍ မည်သို့ သယ်ယူသွားသည်၊ မည်သို့ရရှိကြသည် စသည်တို့ကို တတ်သိနားလည်သူတို့၏အထံ၌ စူးစမ်းမေးမြန်းကြည့်၏။ သို့ပါလျက် တခါမျှစိတ်ကျေနပ်လောက်သည့် အဖြေကို မရခဲ့။
တခါက ဥတုဘောဇနလက်စွဲဟူသော စာအုပ်ငယ်တခု၌ စစ်သည်ဆောင် ခရီးသွားမုန့်ပြုလုပ်နည်း ဟု တွေ့ဘူး၏။ ကျွဲသား၊ ကောက်ညှင်း၊ ထန်းလျက်၊ ဤသုံးမျိုးကို အမှုံပြုခြင်းဖြစ်သည်။ အခွံမနွှာ ရသေးသည့် ကွမ်းသီးအလုံးကြီးကြီးခန့် မုန့်ဆုပ် ပြုလုပ်ထား၍ တဆုပ်စားလျှင် ထမင်းတရက်ငြိမ်း၏ဟု မှတ်မိလိုက်သည်။ ဟုတ်၏ မဟုတ်၏လုပ်မကြည့်သဖြင့် မသိရသေး။ ဟုတ်လျှင် လူတယောက် တလစာအတွက် ပေါ့ပေါ့သယ်နိုင်လိမ့်မည်။
ကိုယ်တွေ့ကြုံဘူးသော အမေတို့ ပြောပြဘူးသည် ကုလားကြီးတက်လာတုန်းက ထမင်းခြောက်အိတ် ကလေးတွေ လွယ်လျက် သစ်ပင်ပေါ်သို့ တက်ပုန်းနေကြရသည် ဆို၏။ထို့နောက် ရွာလုံးကျွတ် လုယက်တိုက်ခိုက်တတ်သူတွေလည်း ထ၊ ဗိုလ်တွေကလည်းထ,လာသောကြောင့် နေ့တထိတ်ထိတ် ညတထိတ်ထိတ် ရှိနေကြသောအခါ၊ ထမင်းတွေချက်လျက် ထမင်းခြောက်တွေလှမ်းပြီး ရာဝင်အိုးကြီး၌ ထည့်ဝှက်ထားရသည် ဆို၏။တရွာနှင့် တရွာလှမ်း၍ “ကုလားတက်” တုံးကြီးတွေကို ခေါက်လျက် အချက်ပေးသံကြားရလျှင် ထမင်းခြောက်အိတ်နှင့် ဆားကျည်တောက်ကို လွယ်လျက် အနီးအနားတောထဲ၌
စုပုန်းနေကြရသည် ဆို၏။ တခါတရံ လေးရက်၊ ငါးရက် တောထဲမှ မထွက်ကြရ၊ ထိုသို့သော အချိန်အခါမျိုး တွင် ပါလာသော ထမင်းခြောက်အိတ်ကို အားပြု စားကြရသည် ဆို၏။ လိုက်ရှာနေပြီဟု ကြားလျှင် ဝေးလံသော နေရာသို့ သွားရောက် စုပုန်း နေကြရသည်ဆို၏။ ထမင်းခြောက်ကား ရေစိုလျှင် ဆန်ကဲ့သို့ မပျက်စီး။ နေလှမ်းလျှင် ပြန်ခြောက်၏။
ချက်စားလျှင် ထမင်းကဲ့သို့ဖြစ်၏။ ပြုတ်စားလျှင် ဆန်ပြုတ်ဖြစ်၏၊ တောတွင်းရှိ စားကောင်းသော ရရာ အသီးအရွက်တို့နှင့် ရောကျိုသောက်နိုင်၏။ အချိန်မရလျှင် သွားရင် လာရင်းထန်းလျက်နှင့် အတူဝါး၍ ရေသောက်ယုံမျှ ကိစ္စပြီး၏။ ထမင်းခြောက်ကို လူတယောက်အတွက် တပြည်မျှသယ်က ချွေတာလျှင် ဆယ်ရက်စာခန့် စားရ၏။ ပေါ့လည်း ပေါ့ပါး၏။
“ဟေ့လူ … ဘာငိုင်နေတာလဲ၊ ခင်ဗျား အဲဒါတွေဘဲ ယူသွား၊ အဲဒီသံဗူးတွေကို ကျုပ်တို့လုံလောက်အောင် လုပ်ပေးလိုက်မယ် ….”
ကိုအောင်ကြီးက ပြောပြောဆိုဆို နေရာမှ ထသည်။ ကိုအောင်ကြီးသည် သူ့အစာကိုလုံလောက်အောင် လုပ်ပေးလိုက်မည်ဟုသာ ပြော၏။ မည်ကဲ့သို့ သယ်ဆောင် သွားရမည်ကိုကား မပြော ….
ရေးသူ- ရန်ကုန်ဘဆွေ
(ဆက်လက် ဖော်ပြမည်။)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်