Pages

Tuesday, 19 March 2013

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၄)


 (၂)
အသေခံတပ်ဖွဲ့

ဖြစ်ချင်တာဖြစ်ပေစေ၊ ကိုမောင်မောင်တို့ အသတ်မခံရမီ သွားရောက် တိုက်ထုတ်ယူလိုပါသည်ဟု စာရေးသူက တောင်းဆို၏။ ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့ကလည်း သဘောတူကြ၏။ သို့သော် သက်ဆိုင်ရာ စစ်ဦးစီး၏ အမိန့်ကို ရရှိရန်လိုသေးသည်။

စာရေးသူ စစ်ဦးစီးနှင့် သွားရောက်တွေ့ဆုံသောအခါ စစ်ဦးစီး၏ မျက်နှာသည် အတော်စိတ်မချမ်းမြေ့ပုံ ရနေ၏ ။ နက်နက်နဲနဲ တွေးတောစဉ်းစားနေ၏။ ထို့နောက် အစားပျက်အအိပ်ပျက် အဖျားနေ့စဉ် တက်နေသော စာရေးသူ၏ ဖြူရော်ရော် မျက်နှာကို လှမ်းကြည့်သည်။
“မင်း …. နေကောင်းရဲ့လား …… ”
“ဟုတ်ကဲ့ … ”


ဟုတ်ကဲ့ဟု ဆိုရသော်လည်း မိမိကိုယ်၏ အခြေအနေကို မိမိက ပိုသိထားသောကြောင့်မလုံမလဲ ဖြစ်နေ၏။ ကျန်းမာမှု မပြည့်စုံသည့်အတွက် မသွားရဟု ဆိုလိမ့်မည်ကိုကြောက်နေ၏။ စာရေးသူ သွားရမည့်နေရာ တွင် ယခုအချိန်၌ ဥတုရာသီ အလွန်ဆိုးရွား လျက်ရှိကြောင်း စာရေးသူက စုံစမ်းပြီးဖြစ်၏။ မည်သို့   ပြောလေ မလဲဟု တထိတ်ထိတ်ဖြင့် မျက်လွှာလှန်ကြည့်လိုက်သည်။

“လွန်ခဲ့တဲ့ လတွေက စောမြင့်ကောင်လေးတွေ သွားတဲ့ သတင်းကော ကြားရဲ့လား”
“ဟုတ်ကဲ့ … ဒါပေမဲ့ အပြည့်အစုံတော့ ကျနော် မကြားသေးဘူး …”
“ကောင်လေးတွေ သေကုန်ကြတယ်၊ တယောက်ဘဲ ပြန်လာနိုင်တယ် …”
“ဟုတ်ကဲ့ မအောင်မြင်ဘူးလို့ ကြားတာဘဲ၊ ဒါပေမဲ့ ကျနော်လဲဖြစ်လို့ဖြစ်ငြား စမ်း
ကြည့်ချင်သေးတယ် …”

စစ်ဦးစီးသည် ခနငြိမ်နေပြီးနောက် ရုပ်ရှင်ဆန်ဆန် စွန့်စားနိုင်ရက်ကြသော မထင်မရှားသည့် အညတြ သူရဲကောင်း ကလေးတွေ၏ အကြောင်းကို ပြောပြသည်။ထိုသူရဲကောင်းကလေးတွေ၏ စွန့်စားခန်းကား၊ ရုပ်ရှင်ဇာတ်လမ်းတခု၊ ၀တ္ထုကောင်းတပုဒ် ဖြစ်နိုင်၏။ တပေါက်တည်းသာ ဖွင့်ထားလျက် ခရီးသွား လက်မှတ်ပါမှ ၀င်ခွင့်ရှိသည့် လမ်းမကြီးအတိုင်း ….

အထပ်ထပ်ချထားသော ကင်းပုန်းများ၊ အထပ်ထပ် စစ်ဆေးနေသော ထွက်ပေါက်ဝင်ပေါက်များ၊ အထပ် ထပ်   ၀ိုင်းရံထားကြသည့် စစ်တပ်များအတွင်းသို့ ထို သူရဲကောင်းကလေးတွေ ဖောက်ထွင်း ၀င်ရောက် ခဲ့ကြ၏။ ထို့နောက် လက်နက်ကိုင်များ ၀ိုင်းရံ စောင့်ကြပ်ထားကြသော ခိုင်လုံစွာ တည်ဆောက် ထားကြသည့် အချုပ်ခန်းအတွင်းမှ ကိုမောင်မောင်နှင့် အားလုံးသော ဗိုလ်ကြီးတို့ကို တိုက်ထုတ်ယူလာ ခဲ့ကြ၏။သို့ရာတွင် ထိုသူရဲကောင်းကလေးများနှင့် ကိုမောင်မောင်တို့ လူစုအား ထိုအရပ်ရှိလက်နက် ကိုင် ကရင်အမျိုးသားတို့က များလှစွာသော စစ်တပ်တို့ဖြင့် အမဲလိုက်သလိုဝိုင်းဝန်း လိုက် ကြ၏။ လမ်းဟူသမျှတို့ကို ပိတ်ဆို့ထားကြ၏။ လူကို မဆိုထားနှင့်သားကောင် အမဲများကိုပင် မထွက်နိုင်အောင် ၀ိုင်းရံ လိုက်ကြ၏။

ထို့နောက် အရက်ကိုးမောင်း သောက်ထားသည့် အင်အားတောင့်တင်းသော မောင်းပြန်လက်နက်ကိုင် စစ်သူရဲတပ်များက ပုန်းလျှိုး ပြေးလွှားနေကြသည့် ကိုမောင်မောင်တို့ လူစုအား တောချောက်သကဲ့သို့ ပစ်ခတ်ချောက်ထုတ်ကြ၏။ သူရဲကောင်းကလေးများနှင့် ကိုမောင်မောင်တို့သည် သားကောင်အမဲ တို့ကဲ့သို့ အပစ်အခတ် ခံကြရ၏။ မလွဲမရှောင်သာသည့် နေရာတို့၌မူ စွမ်းအားရှိသမျှ ခုခံတိုက်ခိုက် ကြသေး၏။ ဤသို့ပြုမူမှုသည် ထိုးရန်လိုက်သည့် ဆင်ကို ဆီးကြိုဝှေ့သည့် ဆိတ်ကဲ့သို့ မိမိတို့သာ အထိနာရသောကြောင့် အစိပ်စိပ်ကွဲလျက် ပြေးကြရ၏။ မပြေးနိုင်သူတို့အဘို့လည်း သားကောင်အမဲ ကဲ့သို့ သေကြေပျက်စီးကြရ၏။ နောက်ဆုံးတွင် ကိုမောင်မောင်တို့ လူစုအားလုံးသည် အဆိုပါ လူလိုက် မုဆိုးတို့၏ လက်၌ သားကောင်အမဲကဲ့သို့ပင်၊ အဖမ်းအဆီး ခံလိုက်ကြရသည်။

ထိုစွန့်စားမှု၌ မထင်ရှားသည့် အညတြ သူရဲကောင်း စစ်သား ၅-ယောက်နှင့် ဗိုလ်ကြီးအချို့ ကျဆုံးကြရ၏။ ဗိုလ်ကြီးနှစ်ယောက် အပြင်းအထန် ဒဏ်ရာရ၏။ ကိုမောင်မောင်နှင့်တကွ အသက်ရှင်လျက် ကျန်ရစ်သော သူအားလုံး ဖမ်းဆီးရိုက်နှက်ခြင်း ခံကြရ၏။ရဲဘော်ကလေးတယောက်သာလျှင် တိုက်ပွဲတခု၌ ပျောက်ဆုံး သွားပြီးနောက် ရက်ပေါင်းအတော်ကြာမှ တောင်ငူရှိ မူလတပ်ရင်းသို့ ဒဏ်ရာအနာတရဖြင့် ချည့်နဲ့ စွာ ပြန်ရောက်လာခဲ့၏။

ထိုရဲဘော်သူရဲကောင်းကလေးများသည် အားလုံးကရင်အမျိုးသားကလေးတွေ ချည်းဖြစ်ကြ၏။ ထို့ကြောင့် လည်း ဖွင့်ထားသော လမ်းမကြီးအတိုင်း အတွင်းသို့ ၀င်ရောက်နိုင်ကြခြင်း၊ ထိုနယ်၌သုံးသည့် ငွေကို လဲလှယ်နိုင်ကြခြင်း၊ အစောင့်အထပ်ထပ် အစစ်အဆေးအထပ်ထပ်တို့ကို ဖြတ်ကျော်နိုင်ကြခြင်း ဖြစ်၏။ ထို့အပြင် အရေးအကြီးဆုံးကိစ္စတရပ်ဖြစ်သော ခရီးသွားခွင့် လက်မှတ်တို့ကိုလည်းရအောင် ယူသွားနိုင် ကြခြင်းဖြစ်၏။ ထိုလက်မှတ်တို့ကို လွယ်လွယ်နှင့်ယူ၍မရ၊ ရွာတိုင်းတွင် ရှိသည့် ကရင်အမျိုးသား
စစ်ဗိုလ်နှင့် ရွာသူကြီးတို့ဆီသို့ ၀င်၍ အဆင့်ဆင့်လဲယူသွားမှ ရ၏။

စစ်ဦးစီးသည် ထိုအကြောင်းကို အတော်အတန့် ပြည့်စုံအောင် စာရေးသူအား ပြောပြ၏။စာရေးသူ၏ ၀မ်းထဲကမူ သူတို့လည်း သူတို့နည်းနှင့် ကျနော်လည်း ကျနော့်နည်းနှင့်ဟူသော အတွေးမျိုးပေါ်နေ၏။ စစ်ဦးစီးက စာရေးသူ၏ မျက်နှာထားကို ကြည့်လျက်အကဲခပ်မိသည်။

“အဲဒီကောင်လေးတွေက မော်တော်ကား သွားနေတဲ့ အကောင်းဆုံးလမ်းက သွားတာတောင် ရက်,တွေ အတော်ကြာအောင် သွားရတာ၊ မင်းတို့က စကားချင်းမတူဘူးမှုတ်လား၊ သူတို့နယ်ထဲ ၀င်သွားတာနဲ့ ချက်ခြင်းသိပီး အဆော်ခံရမှာ။ လမ်းအတိုင်းမသွားဘဲ သူတို့မသိအောင် တောတွေ တောင်တွေ ကြားထဲက ဖြတ်သွားနိုင်တယ်ထားအုံး၊ မင်းတို့ ရောက်သွားတဲ့ အချိန်ကြတော့ ဒို့ကောင်တွေ အကုန်လုံး အသတ်ခံရပြီးနေပြီ။ ဒီတော့ မင်းတို့ဘာလုပ်မလဲ၊ အဆစ်လိုက်ပြီး အသေခံလိုက်ကြယုံဘဲပေါ့။ပီးတော့   မင်းတို့က ဟိုအထဲရောက်မှ ဒို့ကောင်တွေ ဘယ်မှာ ရှိလဲဆိုတာကို စုံစမ်းကြရမှာ၊ ဒီတော့ ဘယ်လို စုံစမ်းမလဲ …. ကဲ့ပြောပါအုံး …. ”

စာရေးသူ ငြိမ်နေ၏။ သို့သော် ၀မ်းထဲက တွေးနေသည်။ ဤလိုကိစ္စမျိုးသည် တဖက်နှင့် တဖက် ဥာဏ်စွမ်းနှင့် လူ,စ,ချင်းပြိုင်ကြရသော ကိစ္စမျိုး ဖြစ်၏။ မိမိနှင့် ပါလာသောလက်နက်ကိုင်ရဲဘော်များကို မိမိနှင့်တထပ်တည်း တသားတည်း ကျအောင် အုပ်ချုပ်သွားနိုင်လျှင် စစ်ဘုရင်ထိုးသူကဲ့သို့၊ မိမိညံ့မှ ခံရပေမည်။“မင်း ဘာစဉ်းစားနေတာလဲ၊ လူမရှိရတဲ့အထဲ မဖြစ်နိုင်တာတွေ သွားလုပ်မနေနဲ့ ….
ကဲ …. သွား ….”

စာရေးသူက ခပ်အင်အင်နှင် ထပြန်လာခဲ့သည်။ လူကြီးဟူသည် လူကြီးပြီသစွာ ရှေ့ရှေ့နောက်နောက် ချင့်ချင့်ချိန်ချိန် ရှိတတ်ကြ၏။ ထိုချင့်ချိန်မှုတို့သည်လည်း အမြဲတမ်းမှန်ကန်တတ်ကြ၏။ သို့သော် တခါတရံ “လူမိုက် ကံကောင်း” တို့အတွက် မတော်တဆမှားယွင်းတတ်ပါသည်ဟု တွေးလာ၏။

ကိုအောင်ကြီးနှင့် ဗိုလ်တင်ဖေတို့က “ဘဲ့နဲ့လဲ”ဟု အရေးတကြီး ဆီးကြိုမေး၏။
“မစွံဘူး …”
ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့က အားမလိုအားမရ ဖြစ်နေကြသည်။ အကျိုးအကြောင်း ရှင်းရှင်းလင်း လင်း သိချင်နေကြသည်။
“မစွံတာတော့ ခင်ဗျားမြင်ကထဲက သိတာပေါ့ဗျ …. ခင်ဗျားအဘကြီးက ဘယ့်နဲ့ပြောလိုက်လဲဆိုတာ သိချင်လို့ မေးနေတာ ….”

ကိုအောင်ကြီးက စိတ်တိုစွာဖြင့်အော်လိုက်ရာ၊ ဗိုလ်မှူးတင်ဖေက အားနာဟန်ပေါက်သွား၏။ အရေးထဲတွင် စားရေသူက ပြုံးမိလိုက်သည်။
“ကျနော်တို့သွားလို့ အချိန်မှီမှာ မဟုတ်တော့ဘူးတဲ့ဗျ၊ ဟိုမှာရှိတဲ့ ကိုမောင်မောင်တို့အသတ်ခံ ရပြီးလောက် မှ ကျနော်တို့ ဟိုရောက်ကြမှာတဲ့၊ ပီးတော့လဲ ကျနော်တို့ကနေရာ အတိအကျ သိတာမဟုတ်တော့၊ ဟိုအထဲရောက်မှ ကိုမောင်မောင်တို့ကိုဘယ်မှာထားလဲလို့ စုံစမ်းကြရမှာ အဲဒီတော့ မဖြစ်နိုင်ဘူးတဲ့၊ နောက်ထပ်အဆစ်လိုက်ပီးအသေခံကြရသလို ဖြစ်နေလိမ့်တဲ့ ….”

ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့ နှစ်ယောက်သားလုံး ငိုင်သွားကြ၏။ စာရေးသူကလည်း စိတ်ပျက် လက် ပျက် ဖြစ်နေ၏။ သို့သော် ကိုအောင်ကြီး လုပ်ပေးရဲလျှင်ဖြစ်နိုင်လိမ့်မည်ဟု စာရေးသူက ထင်၏။
“ကျနော်တော့ စမ်းကြည့်ချင်တာဘဲ၊ ကိုအောင်ကြီးနဲ့ ဗိုလ်မှူးတင်ဖေတို့ တာဝန်ယူပေးယင် ဘာလို့ မသွားနိုင်ရမှာလဲ ကျနော်တို့ တောထဲရောက်ပြီးတဲ့ အချိန်ကျတော့လက်နက်တွေ ဖောက်ယူသွား တယ်၊ တောခိုသွားတယ်လို့ ကျေညာ လိုက်ပေါ့ဗျာ …”

“ခင်ဗျားကို ခင်ဗျား လူစွမ်းကောင်းကြီး လုပ်မနေပါနဲ့၊ ခင်ဗျားတောင် သွားရဲသေးယင်ကျုပ်တို့က ဘာလုပ်မပေးရဲစရာရှိသလဲ ဒီလိုဘဲ လုပ်ပေးခဲ့လို့ လက်နက်ကိုင်တပ်တွေတခုပီးတခု ဖြစ်လာခဲ့ တယ်မှုတ်လား၊ တပ်ခွဲပေါင်း ၁၂ ခုရှိတဲ့ ၂၂ ယူအမ်ပီ၊ လဲဗီး၊စစ်ဝန်ထမ်း ဒီတပ်တွေအားလုံး လက်နက်တွေ တပ်၊ အတိုက်ခိုင်း နောက်မှ တရားဝင်ဖြစ်အောင် တဖြေးဖြေးလုပ်၊ ဒီလို လုပ်ပေးလာတာခင်ဗျားလဲ သိသားဘဲခင်ဗျားဘကြီး မှဘဲ … ”

 ရေးသူ- ရန်ကုန်ဘဆွေ
(ဆက်လက် ဖော်ပြမည်။)

(မှတ်ချက်။ ။ စာရေးဆရာ ရန်ကုန်ဘဆွေတို့ အုပ်စု ဒုဗိုလ်မှူးကြီးမောင်မောင် ကိုသွားမကယ်ခင် က စိုးမြင့်နှင့် စောဘရီ ဦးဆောင်သော အသေခံတပ်ဖွဲ့တစ်ခုသည်သွားရောက် ကယ်ဆယ်ဖူးပါသည်။ သို့သော် သူတို့၏ ကယ်ဆယ်မှုမှာ ချုပ်နှောင်ထားမှုမှာ လွတ်ပြီး အပြန်လမ်းတွင် ကရင်လက်နက်ကိုင် တို့၏ ၀ိုင်းဝန်းဖမ်းဆီးမှုကို ခံရကာသွားရောက်ကယ်ဆယ်သူ အသေခံတပ်ဖွဲ့ဝင် ငါးဦးနှင့် လွတ်မြောက်ရန် ရုန်းကန်သူဗိုလ်မှူးဒေါ်ဆင် တို့ သေဆုံးခဲ့ပါသည်။ ဗိုလ်မှူးဒေါ်ဆင် အကြောင်းကို စာရေးဆရာဗိုလ်မှူးကြီး မြတ်ထန်တင်မောင် ရေးသော တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်စာအုပ် တွင် လေ့လာနိုင်ပါသည်။ ယင်းမအောင်မြင်သော ကယ်ဆယ်မှုတွင် ကျဆုံးခဲ့သော စိုးမြင့်နှင့် စောဘရီ တို့သည် နောင်အခါတွင် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဆုတံဆိပ်ဖြစ်သော အောင်ဆန်းသူရိယ ဆုကို ရရှိကြပါသည်။ ယင်းမတိုင်ခင်က သီဟသူရ ဘွဲ့တံဆိပ်သာလျှင် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဆုတံဆိပ်ဖြစ်ကြောင်း သိရပါသည်။…… ကိုအောင်(ပျူနိုင်ငံ)….. )

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်