Pages

Thursday, 7 February 2013

သီဟသူရ တပ်ကြပ်ခင်မြင့်

ရရှိသည့် ခုနှစ်-၁၉၅၀
အမှတ်-၈၈၈၉၉ တပ်ကြပ်ခင်မြင့် (ကျဆုံး)၊ အမှတ် (၃) ဗမာ့သေနတ်ကိုင်တပ်ရင်း

 ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း
၁၉၄၉ ခုနှစ် ဧပြီလ (၂၈) ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ် အချိန်တွင် ဒိုက်ဦးရှမ်းစုရွာရှိ အမှတ် (၃) ဗမာ့ သေနတ်ကိုင်တပ်ရင်း ရှေ့တန်းဌာနချုပ်ကို ကေအင်ဒီအို သောင်းကျန်းသူ ၁၀၀၀ ခန့်က စခန်းအနောက်ဖက်မှ ပတ်၍ လာရောက်တိုက်ခိုက်ခဲ့ကြသည်။
ထိုအချိန်တွင် ရှေ့တန်းဌာနချုပ်၌ တပ်ကြပ်ခင်မြင့်မှာ ထောက်လှမ်းရေး တာဝန် ထမ်းဆောင်   နေ ရသည်။ ရှေ့တန်း ဌာနချုပ်တွင် တပ်သား ၇ ယောက်၊ မော်တာတပ်စိတ်တွင် ၈ ယောက်   နှင့် ကာကွယ်ရေးတပ်စုတွင် ၂၀ ယောက် - စုစုပေါင်း တပ်မတော်သား အင်အား ၃၅   ယောက် မျှသာရှိသဖြင့် ရန်သူအင်အားမှာ အဆများစွာသာလျှက်ရှိခဲ့သည်။

ရန်သူတို့သည် အင်အားသာနေသည့်အလျှောက် ရှေ့တန်းဌာနချုပ်အား လေးဘက်လေးတန်မှ အပြင်းအထန် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ တပ်သား ၂၂ ယောက်မှာ ကျဆုံးခဲ့ရ သည်။ တိုက်ပွဲမှာ ၂ နာရီမျှ ကြာပြီး တပ်သား ၁၃ ယောက်မှာ အခက်အခဲများကြားမှ လွတ်မြောက် ထွက်ပြေးခဲ့ရသည်။

တပ်ကြပ်ခင်မြင့်သည် ရန်သူများ ၀င်ရောက်တိုက်ခိုက်စကတည်းက ကိုယ်လွတ်ရုန်း၍ ထွက်ပြေး မည်ဆိုပါက လွတ်မြောက်နိုင်မည်ကို သိသော်လည်း မိမိတာဝန်ကျနေသော နေရာမှ တဖ၀ါးမျှမခွာဘဲ သေသည်အထိ တာဝန်ကို ကြေပြွန်စွာ ထမ်းဆောင်သွားခဲ့သည်မှာ ချီးကျူး စရာ ပင်ဖြစ်သည်။

တပ်ကြပ်ခင်မြင့်သည် ရန်သူများ ၀ိုင်းရံပစ်ခတ်နေချိန်တွင် တယ်လီဖုန်းကိုကိုင်၍ အမှတ် (၂) တပ်မဟာ ဌာနချုပ် ရှိ တပ်မင်း နှင့် တပ်မဟာဗိုလ်မှူးတို့ထံသို့ တိုက်ပွဲ အခြေအနေအ ရပ် ရပ်ကို သတင်းပို့လျှက်ရှိသည်။ တစ်နာရီကျော်မျှ တပ်မဟာဌာနချုပ်သို့ အဆက်မပြတ် သတင်းပို့နေစဉ် ရန်သူ့ကျည်ဆံသည် တပ်ကြပ်ခင်မြင့်ကို ထိမှန်ခဲ့သည်။ ဤကဲ့သို့ တာဝန် ကျသောနေ ရာမှ မိမိ၏တာဝန်ကို မတွန့်မဆုတ်ဘဲ သတ္တိရှိရှိ ထမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် စစ်ကူများ အချိန်မီ ရောက်လာနိုင်ခဲ့သည်။

စစ်ကူများရောက်လာခြင်းကြောင့် ကျန်ရှိသော ရဲဘော် ၁၃ ယောက် လွတ်မြောက်ခဲ့ရ သည်။ နောက်ဆုံးတွင် ရန်သူများကို တပ်လန်သည်အထိ တိုက်ခိုက် အောင်မြင်နိုင်ခဲ့သည်။ ထို့ကြောင့် တပ်ကြပ်ခင်မြင့်အား ၁၉၅၀ ခုနှစ်တွင် နိုင်ငံတော် သမ္မတက “သီဟသူရ” ဘွဲ့ကို အပ်နှင်းလိုက်သည်။

(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၁) ရက်နေ့ စာ-၇ မှ)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်