ရရှိသည့်နှစ်-၁၉၅၁ ခုနှစ်
အမှတ်-၀၄၉၈၅ တပ်ကြပ်ဘားဗဟာဒူးလင်းဘူး (ကျဆုံး)၊ အမှတ် (၄) ခြေလျင်တပ်ရင်း
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း။။
၁၉၅၀
ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် ၀မ်ပန်စီတက်တွင် တပ်စွဲလျှက်ရှိသော တရုပ်ဖြူ
တပ်စခန်းအား တပ်ကြပ် ဘားဗဟာဒူးလင်းဘူး ပါဝင်သော အမှတ် (၄) ခြေလျင်တပ်ရင်း
မှ တပ်စုတစ်စု ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ တပ်ကြပ် ဘားဗဟာဒူးလင်းဘူးသည်
အဆိုပါတပ်စု ၏ စက်ကလေးတပ်စိတ်တွင် ပါဝင်ခဲ့သည်။
ရန်သူကို အားစိုက်ခွန်စိုက် တိုက်ခိုက်နေချိန်တွင် တပ်စုမှူးလုပ်သူသည် တပ်ကြပ်ဘားဗဟာ ဒူးလင်းဘူးအား ကိုက် ၂၀ ခန့်အကွာတွင်ရှိသော ရန်သူဘန်ကာကို တိုက်ခိုက် ချေမှုန်းပစ်ရန် အမိန့်ပေးခဲ့သည်။ ဘားဗဟာဒူးလင်းဘူးသည် ရှေ့သို့ ၁၀ ကိုက်ခန့်အထိ တွားသွားပြီး ရန်သူ့ဘန်ကာကို ဘရင်းဂန်းဖြင့် ပစ်ခတ်လိုက်သည့် အခါတွင် ထွက်ပြေးတော့မည့် ဆဲဆဲဖြစ် သော ရန်သူ ၂ ယောက်မှာ နေရာတွင်ပင်ကျဆုံးခဲ့သည်။ ဘားဗဟာဒူးလင်းဘူးသည် မိမိ၏ တာဝန် ကုန်ဆုံးပြီဖြစ်သော်လည်း ၄င်း၏ညာဖက်ရှိ ရန်သူဘန်ကာသို့ ပစ်ခတ်နေသော နံပါတ် ၂ ဘရင်းဂန်း သေနတ်သမားမှာ ရန်သူ့လက် ချက်ဖြင့် ဒဏ်ရာရနေသည်ကိုမြင်သောအခါ ကူညီနိုင်ရန်အတွက် ထိုသူ၏အနီးသို့ ချဉ်းကပ်သွားခဲ့သည်။
ရန်သူ့ဘက်မှ ဒလစပ်ပစ်ခတ်နေသော ကျည်ဆံများအကြားမှ သွားရန်ခဲယဉ်းလှသဖြင့် နံပါတ် ၂ ဘရင်းဂန်း သေနတ်သမားအား မိမိထံသို့ တွား၍ပြန်လာရန်ခေါ်ရသည်။ မိမိအနားသို့ လာနိုင်ရန်အတွက် ရန်သူ့ဘန်ကာအား ဘရင်းဂန်းဖြင့် အဆက်မပြတ် ပစ်ခတ်ပေးသော်လည်း နံပါတ် ၂ ဘရင်း သေနတ်သမားမှာ ရရှိသောဒဏ်ရာဖြင့် မည်သို့မျှ လှုပ်ရှားခြင်းမပြုနိုင် တော့ချေ။ ဘားဗဟာဒူးလင်းဘူးသည် ဒဏ်ရာနှင့်လဲနေသူ ရဲဘော်ကိုကယ်တင်ရန် တွား၍ အသွားတွင် ရန်သူ့ကျည်ဆံသည် ၄င်းအား ထိမှန်ခဲ့သည်။ သို့ရာတွင် သူသည် ဒဏ်ရာကို အမှုမထားနိုင်ဘဲ ဆက်လက်၍ အသွားတွင် ရန်သူ့ကျည်ဆံ ဒုတိယအကြိမ်ထိမှန်ပြန်သည်။ ဒီတကြိမ်တွင် ဘားဗဟာဒူးလင်းဘူး မှာ မည်သို့မှမတတ်သာတော့သဖြင့် အခြားရဲဘော် များကို အော်ဟစ်၍ အကူအညီတောင်းခံခဲ့ရသည်။
၎င်းအားကူညီမည့်သူ မရောက်မချင်း ရန်သူများကို ဘရင်းဂန်းနှင့် အဆက်မပြတ်ပစ်ခတ်လျက် ပင် ရှိနေခဲ့သည်။ ၄င်းအား ကူညီမည့်သူများ ရောက်လာသည့်အခါမှသာလျှင် ဘားဗဟာဒူး လင်းဘူး မှာ လက်လျှော့ခဲ့သည်။

ဘားဗဟာဒူး လင်းဘူးကို ဌာနချုပ်သို့
ပို့ဆောင်ပြီးသည့်အခါတွင် ရရှိခဲ့သော ဒဏ်ရာနှင့် ပင် သေဆုံးသွားသည်။
ဘားဗဟာဒူး လင်းဘူးသည် အဆိုပါတိုက်ပွဲတွင် ၄င်း၏ ဇွဲသတ္တိ နှင့်
ခေါင်းဆောင်မှုကို ထင်ရှားစွာပြသသွားနိုင်ခဲ့သည်။ ထိုသို့သော
စွန့်စားမှုများကြောင့် တပ်ကြပ်ဘားဗဟာဒူးလင်းဘူး အား ၁၉၅၁ ခုနှစ်တွင်
နိုင်ငံတော်သမ္မတက “သီဟသူရ” ဘွဲ့ကို ချီးမြှင့်လိုက်သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၄) ရက်နေ့ စာ-၅ မှ)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်