Pages

Thursday, 7 February 2013

သီဟသူရ တပ်ကြပ်မန်းဗဟာဒူးသားပါး

ဘွဲ့ရရှိခဲ့သည့်နှစ် -၁၉၅၁ ခုနှစ်
အမှတ်-၆၂၂၁၃ တပ်ကြပ်မန်းဗဟာဒူးသားပါး၊ အမှတ် (၄) ခြေလျင်တပ်ရင်း
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း
၁၉၅၀ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် အမှတ် (၄) ခြေလျင်တပ်ရင်း၏ တပ်ခွဲ (၃) မှ တပ်စု (၇) သည် ၀မ်ပန်စီတက်တွင် တပ်စွဲနေသော တရုပ်ဖြူရန်သူများကို ဘယ်တောင်ပန် မှ တိုက်ခိုက် ရန်တာဝန်ကျခဲ့သည်။ တာဝန်ကျသည့်အတိုင်းပင် တပ်စု (၇) မှာ ဒလစပ်ပစ်ခတ်နေသော ကျည်ဆံများအကြားမှ ရန်သူနှင့် ကိုက် ၅၀ ကွာအထိ ချီတက်တိုက်ခိုက်နိုင်ခဲ့သည်။ သို့ရာတွင် ရန်သူ၏တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လှသဖြင့် ထို့ထက်ရှေ့ကိုတိုး၍ ချီတက်နိုင်စွမ်း မရှိခဲ့ချေ။
  

ထိုအချိန်တွင် တပ်စုမှူးသည် ဘန်ကာအတွင်းမှ အပြင်းအထန် ပစ်ခတ်လျှက်ရှိသော ရန်သူ စက်သေနတ်ကို တက်ရောက်တိုက်ခိုက်ရန်အတွက် တပ်ကြပ်မန်းဗဟာဒူးသားပါး ၏ တပ်စိတ် အား အမိန့်ပေးလိုက်သည်။ မန်းဗဟာဒူးသားပါးသည် ၄င်း၏တပ်စိတ်နှင့် တက်ရောက်၍ ရန်သူ့ဘန်ကာကို တိုက်ခိုက်ရမည့်အစား သူတစ်ဦးတည်း သွားရောက် ကာ ဘန်ကာကို လက်ပစ်ဗုံးနှင့်ပစ်သွင်းမည့်အကြောင်းကို တပ်စုမှူးထံ အမိန့်တောင်းခံခဲ့လေသည်။ 
တပ်စုမှူးက အမိန့် ပေးလိုက်သည်နှင့် တပြိုင်နက်တည်း တပ်ကြပ်မန်းဗဟာဒူးသားပါး သည် ရန်သူ့စက်သေနတ်ဘန်ကာထံသို့  တစ်ဦးတည်းတွား၍သွားပြီးနောက် လက်ပစ်ဗုံးနှင့် ပစ်သွင်းလိုက်သည်။ ထိုနောက် ရန်သူ့ စက်သေနတ်မှာ အပစ် ရပ်စဲသွားခဲ့သည်။
 
ရန်သူ့ဘက်မှ အပစ်အခတ် အနည်းငယ်စဲသွားသည်ကို အခွင့်ကောင်းယူ၍ တပ်ကြပ် မန်းဗဟာ ဒူးသားပါး၏ တပ်စိတ်သည် ရှေ့သို့ချီတက်ကြသော်လည်း အခြားဘက်မှ ရန်သူများက ၀ိုင်းဝန်းပစ်ခတ်လိုက်သည့်အတွက် သူ၏ တပ်စိတ်မှ အမှတ် (၁) နှင့် (၂) ဘရင်းဂန်း သေနတ် သမားတို့မှာ ဒဏ်ရာများ ရရှိသွားခဲ့သည်။ ထိုသူတို့ ဒဏ်ရာများနှင့် နောက်သို့ပြန်၍ မဆုတ်နိုင် ဘဲဖြစ်နေချိန်တွင် တပ်ကြပ်မန်းဗဟာဒူးသားပါးသည် ရန်သူ့ကျည်ဆံများ အကြားမှ အတင်း တက်၍ ဒဏ်ရာရသူများကို ကယ်ဆယ်ရန်သွားခဲ့သည်။ 
သို့သော်လည်း ၄င်းအားရန်သူကျည်ဆံထိမှန်သဖြင့် ရဲဘော်များကို ကယ်တင်ရန် မည်သို့မှ မတတ်နိုင်ဘဲဖြစ်ခဲ့ရသည်။ မန်းဗဟာဒူးသားပါးသည် မည်သို့မှမတတ်နိုင်သည့်အဆုံးတွင် ၄င်း၌ရှိနေသော ဘရင်းဂန်းသေနတ်ဖြင့် ရန်သူအား ပြန်လှန်ပစ်ခတ်နေပြီး ဒဏ်ရာရနေသော ရဲဘော်များကို နောက်သို့ ဆုတ်ခွာကြရန် ပြောကြားသည်။
 
မန်းဗဟာဒူးသားပါးသည် ရရှိသောဒဏ်ရာမှ သွေးတွေစီးဆင်းနေသော်လည်း ရန်သူအား မလျှော့တန်း ပစ်ခတ်လျက်ပင်ရှိနေသည်။ ထိုနောက် ဒဏ်ရာမှစီးဆင်းလားသော သွေးများ မှာများပြားလာသဖြင့် သတိမေ့ပြီးနေရာတွင်ပင်လဲသွားတော့သည်။ 
တပ်ကြပ်မန်းဗဟာဒူးသားပါးအား အခြားရဲဘော်များက ရန်သူ့လက်တွင်း မရောက်မီ သယ် ယူနိုင် ခဲ့ကြသည်။ မန်းဗဟာဒူးသားပါးသည် ရန်သူ၏ အချက်အချာဘန်ကာကို ၀င်ရောက် တိုက်ခိုက်နိုင်ခြင်း နှင့် ဒဏ်ရာရနေသော ရဲဘော်များအား ကယ်ဆယ်နိုင်ရန် အစွမ်းကုန် အကူအညီပေးနိုင်သည့်အတွက် တပ်ကြပ်မန်းဗဟာဒူးသားပါး အား နိုင်ငံတော် သမ္မတက ၁၉၅၁ ခုနှစ်တွင် “သီဟသူရ” ဘွဲ့ကို ချီးမြှင့်လိုက်သည်။

(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၇) ရက်နေ့ စာ-၅ မှ)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်