ဘွဲ့ရရှိသည့်နှစ်-၁၉၅၂ ခုနှစ်
အမှတ်-ဘီ-၂၉၄၅၈ တပ်သားထွန်းယု၊ အမှတ် (၅) ဗမာ့သေနတ်ကိုင်တပ်ရင်းဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း။။
၁၆-၆-၅၁ ရက်နေ့တွင် အထက်မှအမိန့်အရ တောင်ငူမြို့ မှ ၄၅ မိုင်ကွာဝေးသော ရေသိုးကြီး ရွာတွင် ကေအင်ဒီအိုများ ဖမ်းဆီးအကျဉ်းချထားခြင်းကို ခံနေရသောဒု-ဗိုလ်မှူးကြီးမောင်မောင်
နှင့် အခြားအရာရှိများကို သွားရောက်ကယ်တင်ရန်တာဝန်နှင့် တပ်သားထွန်းယု၊ တပ်သားမောင်သွင် နှင့် အခြားအရပ်သား ၄ ယောက်တို့ကို စေလွှတ်သည်။
တပ်သားထွန်းယုတို့အား မစေလွှတ်မီ ဒု-ဗိုလ်မှူးကြီးစောမြင့်က ယခုလွှတ်လိုက်သော ၆ ယောက်ထဲဖြင့် ရန်သူ့နယ်မြေအတွင်းသို့ သွားရောက်ကာ ဒု-ဗိုလ်မှူးကြီးမောင်မောင်တို့ လွတ်မြောက်ရေးကို ဆောင်ရွက်ပြီး တောင်ငူသို့ ခေါ်လာရမည်ဖြစ်၍ အခက်အခဲအမျိုး မျိုးတွေ့မည်ဖြစ်၍ သွားနိုင်မသွားနိုင်မေးသည့်အခါ တပ်သားထွန်းယု နှင့် ကျန်ရဲဘော် ၅ ယောက်တို့က ဘယ်လိုပင် အန္တရာယ်များကို တွေ့ပါစေ ၄င်းတို့၏ အသက်နှင့် လဲဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပေးပြီး ၁၆-၆-၅၁ ရက်နေ့တွင် တောင်ငူမှစတင်ပြီး ရန်သူ့နယ်မြေထဲသို့ တိတ်တဆိတ် ၀င်ရောက် သွားခဲ့ကြသည်။
၎င်းတို့ တောင်ငူမှထွက်ခွာခဲ့ပြီး ၄ ရက်မြောက်နေ့တွင် ဒု-ဗိုလ်မှူးကြီးမောင်မောင်တို့ကို အကျဉ်းချထားသည့် ရွာအနားသို့ ရောက်ခဲ့ကြသည်။ ရန်သူများကလည်း ကြိုတင် သတင်းရ ထား၍ ညဘက်တွင် အထူးစောင့်ကြပ်နေသဖြင့် တပ်သားထွန်းယုတို့သည် ပုန်းကွယ်၍ ရွာနားသို့ချဉ်းကပ်ခဲ့သည်။ ဤကဲ့သို့ ပုန်းကွယ်လာသည့်အထဲမှပင် ရန်သူများက လက်နှိပ် ဓါတ်မီးနှင့်ထိုးပြီး သေနတ်များဖြင့်ပစ်ခတ်ကြသည်။ ဘယ်လိုပင် ပစ်ခတ်သော်လည်း ထွန်းယု တို့သည် ပြန်လှန်မပစ်ခတ်ဘဲ ရွာထဲသို့ အရောက်ဝင်ခဲ့ကြသည်။
ရွာထဲသို့ ရောက်သည့်အခါ အကျဉ်းထောင်သို့ ၃ ယောက်၊ ရန်သူ့ကင်းတဲသို့ ၃ ယောက် နှစ်စုခွဲကာ တစုကို ရဲဘော်ထွန်းယု နှင့် အခြားတစုကို ရဲဘော်မောင်သွင် တို့ခေါင်းဆောင်ပြီး တိုက်ခိုက်ကြသဖြင့် ရန်သူများသည် အလစ်တွင် ခံလိုက်ရပြီး ထွက်ပြေးသွားကြသည်။ ရန်သူများ ထွက်ပြေးကြသည့်အခါ ဒု-ဗိုလ်မှူးကြီးမောင်မောင်တို့ ရှိသောအကျဉ်းထောင်အား စတင်းသေနတ်ဖြင့်ပစ်ဖွင့်ပြီး ဖမ်းဆီးခံနေရသော တပ်မတော်အရာရှိကြီးများ ကို ခေါ်ထုတ်ခဲ့ သည်။ အားလုံး အပြင်ရောက်၍ ခရီးထွက်ရန် စီစဉ်နေစဉ် ရန်သူဘက်မှ ပစ်လိုက်သော လက်ပစ် ဗုံးတစ်လုံး အနားတွင် ကျရောက် ပေါက်ကွဲ သွားသဖြင့် ထောင်တွင်းမှ အရာရှိတဦး ၊ တောင်ငူမှ အရပ်သားလမ်းပြ ၂ ဦး ဗုံးထိမှန်သေ ဆုံးပြီး ကျန်လူများမှာ ၂ စုကွဲကာပြေး ခဲ့ကြရသည်။
ထိုအချိန်မှစ၍ မောင်သွင်တို့အစုနှင့်ကွဲခဲ့သည်။ ထွန်းယုတို့အစုသည် ၄င်းရွာအနားမှာပင် ၂ ည အိပ်ပြီး ခရီးဆက်ရန် လမ်းစပျောက်ခဲ့ကြသည်။ နောက်တနေ့တွင် ကားပျက်များရှိသော ရွာတရွာအနားသို့ ရောက်သွားစဉ် ရန်သူများ လိုက်လံတိုက်ခိုက်ခြင်းခံရပြန် သဖြင့် ထောင် တွင်း မှ ပြန်လည်လွတ်မြောက်လာသူ တပ်မတော် အရာရှိတဦး ကျဆုံးကျန်ရစ်ခဲ့ပြန်သည်။ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ပြီးလာခဲ့ရာ တနေ့တွင် တောင်ပူစာတခုကို ဖြတ်ကျော်စဉ် ရန်သူများက လိုက်လံပစ်ခတ်ပြန်သဖြင့် ပြေးကြရပြန်သည်။ ထိုအချိန်တွင် လွတ်မြောက် လာသော တပ်မတော် အရာရှိတဦးသည် ခရီးဆက်မသွားနိုင်တော့သဖြင့် ၄င်းအား လက်ပစ်ဗုံး ၂ လုံးနှင့်ထားခဲ့ရသည်။
တောင်ငူမြို့သို့ရောက်ရန် မိုင် ၂၀ အလိုတွင် ချောင်းတချောင်းကို တံတားပေါ်မှ ဖြတ်ကူးနေ စဉ် ရန်သူများက လိုက်လံပစ်ခတ်ပြန်သဖြင့် လူစုထပ်မံကွဲသွားကာ တပ်သားထွန်းယု နှင့် အရပ်သား ၁ ယောက်သာကျန်တော့သည်။ တောင်ငူမြို့သို့ ဆက်လက်ထွက်ခဲ့ရာ၊ ရာဘာခြံနားတွင် ရန်သူများက လိုက်လံပစ်ခတ်ပြန်သဖြင့် လူထပ်ကွဲသွားပြီး နောက်ဆုံး တပ်သားထွန်းယု တယောက်တည်းသာ တောင်ငူမြို့ သို့ ပြန်လည်ရောက်ရှိခဲ့သည်။
တပ်သားထွန်းယုသည် ကေအင်ဒီအို လက်နက်ချတဦးဖြစ်ပြီး တပ်မတော်မှ ဘီးလင်းကို တိုက်စဉ်ကလည်း ရဲဘော်ထွန်းယု၏ လမ်းပြချက်၊ သတင်းပေးချက် အရ အောင်မြင်စွာ တိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ၏ တောင်းပန်ချက်အရ အမှတ် (၅) ဗမာ့သေနတ် ကိုင်တပ်ရင်းသို့ ၀င်ရောက်ခွင့်ရခဲ့သည်။ သနက (၅) တွင် တာဝန် ထမ်းဆောင်နေစဉ် ဒု-ဗိုလ်မှူးကြီးစောမြင့်၏ တာဝန်ပေးချက်အရ ရန်သူ့နယ်မြေတွင် ၀င်ရောက်စွန့်စား ခဲ့ခြင်းကြောင့် တပ်သားထွန်းယုအား ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော် သမ္မတက “သီဟသူရ” ဘွဲ့ကို ချီးမြှင့်လိုက်သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၃၁) ရက်နေ့ စာ-၆ မှ)
ဂုဏ် ယူ ပါ သည် ရဲ ဘော်
ReplyDelete