အမှတ်-ဘီ-၂၉၂၈၅ တပ်သားမောင်သွင် (ကျဆုံး)၊ အမှတ် (၅) ဗမာ့သေနတ်ကိုင် တပ်ရင်း
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း။။
တပ်သားမောင်သွင်သည် သထုံခရိုင်တွင် ကေအင်ဒီအို လက်နက်ချ အလင်းဝင်တစ်ဦးဖြစ် ခဲ့သည်။ အမှတ် (၅) ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် အရပ်သား ထမင်းချက် အဖြစ်နေထိုင်ကာ၊ ဖားအံတွင် တိုက်ပွဲများဖြစ်ပွားချိန်အတွင်း စစ်တပ်တွင်ကင်းစောင့်ခြင်း၊ ခဲယမ်းမီးကျောက် များကို ကတုတ်ကျင်းများသို့ သယ်ယူပေးခြင်း၊ တခါတရံ သေနတ်ဝင်ပစ်ခြင်း စသည်ဖြင့် တပ်မတော်အား တတ်နိုင်သမျှကူညီခဲ့သူဖြစ်သည်။
ဖားအံကို ကေအင်ဒီအိုတို့ လာရောက် စီးနင်းစဉ်တွင် တပ်သားမောင်သွင်သည် အရပ်သား အဖြစ်နှင့်ပင် ရဲဘော်များနှင့် အတူ ကေအင်ဒီအိုများကို ရဲရင့်စွာခုခံတိုက်ခိုက်ခဲ့ သည်။ နောက်ဆုံးတွင် တပ်မတော်သို့ တပ်သား အဆင့်ဖြင့် ၀င်ရောက်ခွင့်ပြုခြင်းခံရသည်။
၁၉၅၁ ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် အခြားရဲဘော် တစ်ယောက်နှင့်အတူ ဒု-ဗိုလ်မှူးကြီးစောမြင့် ၏ ခေါ်ဆောင်ချက်အရ တောင်ငူမြို့တွင် တပ်စွဲနေသော အမှတ် (၄) ဗမာ့သေနတ်ကိုင် တပ်ရင်းသို့ သွားရောက်ရသည်။ မောင်သွင်သည် အမှတ်-ဘီ-၂၉၄၅၈ တပ်သားထွန်းယု နှင့် အရပ်သား ၄ ယောက်ကို ခေါ်ဆောင်ကာ တောင်ငူမှ ၄၅ မိုင် အကွာ တွင်ရှိသော ရေသိုးကြီးရွာ၌ ကေအင်ဒီအိုတို့က ဖမ်းဆီးအကျဉ်းချထားခြင်းခံနေရသော ဒု-ဗိုလ်မှူးကြီးမောင်မောင် နှင့် အဖွဲ့အား သွားရောက်ကယ်ဆယ်ရန် တာဝန် ပေးခြင်း ခံခဲ့ရသည်။
တာဝန်ဖြင့် ခရီးစတင် မထွက်ခွာမီတွင်
ဒု-ဗိုလ်မှူးကြီးစောမြင့်က ယခုသွားရောက်ရမည့် အရပ်ဒေသသည်
ဘေးရန်များကြောင်း၊ ထမ်းဆောင်ရမည့် တာဝန်မှာလည်း မလွယ်ကူဘဲ အသက်ဘေးနှင့်
နီးကပ်ကြောင်း၊ ထို့ကြောင့် မိမိတို့ သဘောတူမှ သွားစေလိုကြောင်း။ သို့သော်
မောင်သွင် နှင့် ထွန်းယု တို့က မည်သည့် ဘေးရန်ကိုမှမမှုဘဲ တခုတည်းသော တာဝန်
ပြီးမြောက်ရေးကို မမှိတ်မသုံရှေ့ရှု၍ အရောက်သွားမည်ဟု ရဲရင့်ပြတ်သားစွာ
ပြော ဆိုပြီးနောက်၊ အကျဉ်းစခန်းရှိရာ ကေအင်ဒီအိုတို့ တပ်စခန်းချသည့်
ရေသိုးကြီးရွာသို့ ထွက်ခဲ့ကြသည်။
လမ်းခရီးတွင် ၃ ည ကြာပြီးနောက် ဒု-ဗိုလ်မှူးကြီးမောင်မောင်တို့ကို အကျဉ်းချထား ရာစခန်း ကို ရောက်လျှင် လက်နှိပ်ဓါတ်မီးဖြင့်ထိုး၍ ရန်သူများက ပစ်ခတ်သည်ကို ခံကြရသည်။ သို့သော် မောင်သွင်တို့သည် ၃ ယောက်စီ ၂ စုခွဲ၍ တစုက ရန်သူကင်းစခန်းကို စီးနင်း တိုက်ခိုက် စဉ်၊ ကျန်တစုက ဒု-ဗိုလ်မှူးကြီးမောင်မောင်တို့အား အကျဉ်းမှ ကယ်တင်ခဲ့သည်။ ထိုအခိုက် ရန်သူ့ လက်ပစ်ဗုံးကျလာ၍ အရပ်သားလမ်းပြ ၂ ဦး နှင့် ထောင်တွင်းမှ အရာရှိ ၂ ဦးတို့ ပွဲချင်းပြီးသေဆုံးရသည်။ ထိုသို့ရှုတ်နေသည့်ကြားမှ အသက်ကိုလု၍ ထွက်ခဲ့ကြရာ တပ်သားထွန်းယု တဦးတည်း ၄-၇-၅၁ ရက်နေ့တွင် တောင်ငူ တပ်စခန်းသို့ ရောက်လာကာ အကြောင်းစုံကို သတင်းပို့ခဲ့သည်။ တပ်သားမောင်သွင်သည် လွတ်မြောက်ဖို့ အခွင့်ရလျက်နှင့် ကျန်ရဲဘော်များ လွတ်မြောက်ရေးကို ငဲ့ညှာ၍ နောက်ချန်နေ ရစ်ခဲ့ရသည်ကိုသိရသည်။
ဤမျှ သတ္တိပြောင်မြောက်၍ ယနေ့တိုင် ကျဆုံးသွားပြီလော၊ ကေအင်ဒီအိုများ ဖမ်းမိထားလော ဟု မသိရသည့် တပ်သားမောင်သွင်အား ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော် သမ္မတက “သီဟသူရ” ဘွဲ့ကို ချီးမြှင့်လိုက်သည်။

(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၉) ရက်နေ့ စာ-၁၄ မှ)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်