Pages

Thursday, 7 February 2013

သီဟသူရ ဒု-တပ်ကြပ်ဆကားအိ

ဘွဲ့ရရှိခဲ့သည့်နှစ်-၁၉၅၁ ခုနှစ်
အမှတ်-၅၀၉၉၆ ဒု-တပ်ကြပ်ဆကားအိ (ကျဆုံး)၊ အမှတ် (၂) ဗမာ့သေနတ်ကိုင်တပ်ရင်း (လွယ်ကော်တိုက်ပွဲ)


 ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း။။
၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် အမှတ် (၂) ဗမာ့သေနတ်ကိုင်တပ်ရင်းမှ တပ်စု (၃) သည် ရန်သူအမြောက်အမြားရှိသော နမဲကုန်းကျေးရွာသို့ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။ ဒု-တပ်ကြပ်ဆကားအိသည် တပ်စိတ် (၁) တွင်ပါဝင်ပြီး ရန်သူများရှိသောရွာအတွင်းသို့ ၀င်ရောက်တိုက်ခိုက်ရန် တာဝန်ကျသည်။ တပ်စိတ် (၂) နှင့် (၃) တို့မှာ ၀ဲယာညှပ်လျှက် တိုက်ခိုက်ရန်ဖြစ်သည်။

  
တိုက်ပွဲသည် နံနက် ၆ နာရီမှ ညနေ ၇ နာရီထိ ကြာမြင့်ပြီး ရန်သူအင်အားမှာ ၅၀၀ ခန့်ရှိသည်။ တိုက်ပွဲပြင်းထန်နေစဉ်အတွင်း ရန်သူသည် နောက်ထပ်စစ်ကူတပ်များ လွိုင်ကော်မှ ရောက်ရှိလာသဖြင့် ရန်သူအင်အားမှာ ၈၀၀ ခန့်ရှိသွားပြီး တပ်မတော်တပ်စုတစု၏ အင်အားနှင့် နှိုင်းစာလျှင် များစွာကြီးမားနေသည်။ တပ်စု (၃) သည် ရန်သူအား နောက်မဆုတ်တန်း တိုက်ခိုက်နေရာမှ ၂ လက်မ စိန်ပြောင်း နှင့် အော်လီကွန်သေနတ်တို့မှာ လုံးဝပစ်၍မရတော့သော အခြေသို့ဆိုက်ရောက်ခဲ့ရသည်။
  
ဤသို့သော အခြေအနေမျိုးတွင် ရန်သူတို့မှ စိတ်ဓါတ်တက်ကြွလာပြီး တပ်စု (၃) အား ဒလကြမ်း ၀ိုင်းရံတိုက်ခိုက်ကြတော့သည်။ ရန်သူ၏အနေအထားမှာ အလွန် ကောင်းမွန်ပြီး တပ်စု (၃) မှာ မြေပြန့်ပေါ်တွင်ဖြစ်နေသည်။ ထို့ကြောင့် တပ်စု (၃) အနေနှင့် အခြားနည်းလမ်း မရှိတော့ဘဲ နောက်သို့ ဆုတ်ခွာပေးရန်သာရှိနေသည်။ ဆုတ်ခွာပေးရာတွင်လည်း ဒု-တပ်ကြပ်ဆကားအိ ရှိသည့်ဘက်မှ အကာအကွယ်ယူပြီး ဆုတ်ခွာရမည်ဖြစ်သဖြင့် ဆကားအိ မှာ အကာအကွယ်ပေးသည့်သဘောဖြင့် ရန်သူအား မီးကုန်ယမ်းကုန် ပစ်ခတ်နေခဲ့သည်။
  
ထိုအတောအတွင်း ရန်သူများသည် ဒု-တပ်ကြပ်ဆကားအိအား ၀ိုင်းရံထားလိုက်ကြသည်။ ထိုသို့ ၀ိုင်းရံထားပြီး တပ်စု၏ထွက်ပေါက်ကို ပိတ်ရန်ကြိုးစားကြသည်။ သို့သော် ဒု-တပ်ကြပ်ဆကားအိ လက်ချက်ဖြင့် ရန်သူ ၆၀ ခန့်မှာ ကျဆုံးရပြီး၊ တပ်စုတစုလုံးမှာလည်း လွတ်မြောက်ခဲ့ရသည်။ ဒု-တပ်ကြပ်ဆကားအိသည် ၄င်းတွင်ရှိနေသော ကျည်ဆံများ အားလုံးကုန်သည်အထိ ရန်သူများကို ဒလစပ် ပစ်ခတ်လျှက်ပင်ရှိနေသည်။ ကျည်ဆံများကုန်ဆုံးသွားသောအခါတွင် လှံစွပ်ထိုး တိုက်ပွဲဆင်နွှဲရန် ရဲဘော်များ အား အမိန့်ပေးတော့သည်။ သို့သော်လည်း ဒု-တပ်ကြပ်ဆကားအိ၏ စွန့်စားမှုမှာ များပြားလှသော ရန်သူ့ကျည်ဆံများအား မကျော်လွှားနိုင်ခဲ့ချေ။ တပ်စုတစုလုံး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သော်လည်း ကျန်ရစ်ခဲ့သော ဒု-တပ်ကြပ်ဆကားအိမှာ ရန်သူလက်ချက်ဖြင့်ကျဆုံးခဲ့ရသည်။
  
တပ်စုတစုလုံး ရန်သူ့လက်တွင်း အသက်ပျောက်သွားနိုင်သည့် အခြေအနေမှ မိမိ၏ အသက်နှင့်လဲ၍ တပ်စုအား လွတ်မြောက်အောင် စွန့်စားပေးနိုင်ခဲ့သည့်အတွက် ဒု-တပ်ကြပ်ဆကားအိအား ၁၉၅၁ ခုနှစ်တွင် “သီဟသူရ” တံဆိပ်ကို ချီးမြှင့်လိုက်သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၁၉) ရက်နေ့ စာ-၅ မှ)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်