ကြည်း ၅၁၇၄ ဗိုလ်ကြီးမြတ်စံ (ကျဆုံး)၊ အမှတ် (၄) ဗမာ့သေနတ်ကိုင်တပ်ရင်း
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း။။
၁၉၅၀
ခုနှစ် မတ်လ (၁၈) ရက်နေ့ နံနက်လင်းအားကြီးအချိန် ၂ နာရီခန့်တွင်
ကေအင်ဒီ အိုသောင်းကျန်း သူ ၃၀၀၀ ခန့်သည် ဓနုဖြူမြို့ကို သိမ်းပိုက်ရန်
ရည်ရွယ်ချက်ဖြင့် ဓနုဖြူမြို့၏ အနောက်ဘက် ၂ မိုင်ကွာရှိ တပ်မတော်တပ်စုတစု
တပ်စွဲထားသော ရေတွင်းကုန်းရွာဘက်မှ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။
တပ်မတော်တပ်စုမှာလည်း ရန်သူ့ အင်အားနှင့် နှိုင်းဆာလျှင်
များစွာကွာခြားနေသည့်အတိုင်း အရပ်ဝတ်အရပ်စားများဝတ်ဆင်ကာ ဓနုဖြူမြို့ဆီသို့
တဖြေးဖြေးခြင်း ဆုတ်ခွာပေးလိုက်ရသည်။
ထိုသို့ ဆုတ်ခွာ၍
တမိုင်လောက်အရောက်တွင် မြို့တွင်းမှ တပ်စိတ်တစိတ်နှင့်အတူ
စစ်ကူ အဖြစ် ချီတက်လာသော ဗိုလ်ကြီးမြတ်စံ နှင့်တွေ့ဆုံပြီး ရန်သူကို
ပြန်လှန်ခုခံရပြန်သည်။
ဗိုလ်ကြီးမြတ်စံသည် မြို့တွင်းရှိ လူထုအား
နေသားတကျ ဖြစ်စေရန်လည်းကောင်း၊ မြို့တွင်းရှိ လုံခြုံရေးတပ်များအား
အချိန်ယူ၍ ခုခံကာကွယ်ရေးအတွက် စီမံချက် ရရှိရန်လည်းကောင်း၊ စစ်ကူများ
အချိန်မီရောက်လာနိုင်စေရန်လည်းကောင်း ချိန်ဆ၍ ဓနုဖြူမြို့ကို
တိုက်ရိုက် ဆုတ်ခွာ မပေးဘဲ စစ်ပရိယာယ်သဘောအရ ရန်သူအား တိုက်စစ်ဆင်ခဲ့သည်။
တိုက်စစ်ဆင်သည့် အတိုင်းပင် လက်လျှော့ခဲ့ရသော ရေတွင်းကုန်းရွာကလေးအား
ချက်ခြင်းပြန် လည် သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူအင်အားမှာ
အလွန်များပြားလှသောကြောင့် တိုက်စစ်သဘောနှင့် အချိန်ကြာမြင့်စွာ
ဟန့်တားရန်မှာ ခဲယဉ်းလှသည်ကို ဗိုလ်ကြီးမြတ်စံ သည် သဘောပေါက်ထားသည့်အတိုင်း
ဓနုဖြူမြို့တွင်း၌ လုံခြုံရေးအစီအစဉ်များ ပြု လုပ်ပြီးလောက်ပြီ ဟု
ထင်ရသောအချိန်တွင် ၄င်း၏တပ်များအား မြို့ဘက်သို့ တဖြေးဖြေး ဆုတ်ပေးရန်
စီစဉ်ခဲ့သည်။
ဗိုလ်ကြီးမြတ်စံသည် တပ်စိတ်တစိတ်ကိုဦးစီး၍
ကျန်တပ်စိတ်များ အောင်မြင်စွာဆုတ်ခွာနိုင် ရန်အတွက် နောက်ဆုံးမှ
ရန်သူအားခုခံတိုက်ခိုက်ရန် ကျန်ရစ်ခဲ့သည်။ ဗိုလ်ကြီးမြတ်စံသည်
ရန်သူအလုံးအရင်းတို့ကို တပ်စိတ်တစိတ်တည်းနှင့်ပင် တနေကုန်သည်အထိ
ခုခံဟန့်တားနိုင် ခဲ့ သည်။ ညနေ ၅ နာရီခန့်တွင် ဆုတ်ခွာခိုင်းထားသော
တပ်စိတ်များ နှင့် လူထုအပေါင်း တို့ မြို့ တွင်း သို့ ရောက်ရှိကြသည်။
တပ်ရင်းရုံးမှလည်း စစ်ကူလာပြီဖြစ်ကြောင်းနှင့် တကွ
မြို့တွင်းလုံခြုံရေးအတွက် အသင့်စီစဉ်ပြီးကြောင်း သတင်းများကိုရရှိပြီးမှ
ဗိုလ်ကြီးမြတ်စံ သည် ၄င်းကိုယ်တိုင် ကွပ်ကဲခဲ့သော တပ်စိတ်နှင့်အတူ
မြို့တွင်းသို့ တဖြေးဖြေးခြင်း ဆုတ်ခွာခဲ့ သည်။
ထိုသို့ ဆုတ်ခွာခဲ့၍
မြို့နှင့် ၄ ဖာလုံ အလိုလောက်တွင် နောက်မှ ထပ်ချက်မကွာ လိုက်ပါလာသော
ရန်သူ တို့ကို ခုခံတွန်းလှန်ရင်း ဗိုလ်ကြီးမြတ်စံမှာ ရန်သူ၏ကျည်ဆံ ရင်ဝမှန်၍
နေရာတွင်ပင်ကျဆုံးတော့သည်။ ဗိုလ်ကြီးမြတ်စံ၏ ရဲရင့်မှု နှင့် စစ်မှုရေးရာ
လိမ္မာ ပါးနပ်မှုတို့ကြောင့် မြို့တွင်း တပ်များအားလုံး နေရာယူနိုင်ခြင်း၊
တပ်ရင်းမှ စစ်ကူများ အချိန် မီရောက် ရှိ သွားကြခြင်း၊ အ၀ိုင်းခံထားရသော
တပ်စုလည်း ချောမောစွာ ဆုတ်ခွာနိုင်ခဲ့ခြင်း တို့ကြောင့် ဗိုလ်ကြီးမြတ်စံအား
၁၉၅၂ ခုနှစ်တွင် “သီဟသူရ” ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၀) ရက်နေ့ စာ-၅ မှ)
စွမ်းရည် ဘွဲ့တံဆိပ်တွေ ရရှိပြီးသူများရဲ့ စွမ်းဆောင်မှုမှတ်တမ်းတွေကို စုစည်းပြီး စာအုပ်ထုတ်သင့်ပါတယ်။တပ်ရင်း တပ်ဖွဲ့တွေမှာလည်းရှိသင့်ပြီး တပ်ရင်းဆွေးနွေးပွဲ တပ်ခွဲဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးစေသင့်ပါတယ် ။ စွမ်းရည်ဘွဲ့ရရှိထားတဲ့ အရာရှိ စစ်သည်တွေရဲ့ တပ်ရင်း တပ်ဖွဲ့တွေမှာလဲ နောင်လာနောက်သားများ အားကျ အတုယူနိုင်အောင် ခမ်းမကြီးမှာ တခမ်းတနားဖေါ်ပြ ဂုဏ်ပြုထားသင့်ပါတယ်။ဖေါ်ပြထားကြတာတွေလည်း တွေ့ရှိပါတယ် ဒါပေမယ့် ရေစိုပြီး ပျက်သွားတာတို့ ၊ ခြစားပြီးဆွေးနေတာတို့ ရှိနေပါတယ် ။တပ်ရဲ့ဂုဏ်ပုဒ်တွေဖြစ်လို့ အမြဲတမ်းမညှိုးနွမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြင့် နောင်လာနောက်သားများလည်း စိတ်ဓါတ်နိုးကြားတက်ကြွနေမှာပါ။
ReplyDelete