Pages

Sunday, 26 May 2013

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပါယ်ဖော်ပြချက်နှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ



အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပါယ်ဖော်ပြချက်
၁။ ဤဥပဒေကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို မည်သူမဆို ပြည်တွင်းတွင် သို့မဟုတ် မြန်မာနိုင်ငံ ၏ တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားသော ရေယာဉ်နှင့် လေယာဉ် တစ်ခုခုပေါ်တွင် ကျူးလွန်လျှင်ဖြစ်ေ စ ၊ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်သည့် နိုင်ငံခြားသားက ပြည်ပတွင် ကျူးလွန် လျှင်ဖြစ်စေ ဤဥပဒေအရ စီရင်ပိုင်ခွင့် ရှိစေရမည်။

၃။ ဤဥပဒေတွင်ပါရှိသော စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်-
(က) လူကုန်ကူးမှု ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူ တစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီ ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုရန် အလို့ငှာ အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကိုပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း ၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်း ကိုဆိုသည်-
(၁) ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း။
(၂) သွေးဆောင်ခေါ်ယူခြင်း။
(၃) လိမ်လည်ခြင်း။
(၄) လှည့်ဖြားခြင်း။
(၅) အခွင့်အာဏာကိုအလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အလွဲသုံးစားပြုခြင်း။
(၆) တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း။


ရှင်းလင်းချက်(၁)။ ခေါင်းပုံဖြတ်ခြင်း ဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူတစ်ဦး တစ်ယောက်အား   ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင် ရာ ကိစ္စပြုလုပ်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မဝန်ဆောင်မှု ပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ ခိုင်းစေခြင်း ကိုဖြစ်စေ၊ သူတစ်ပါး ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်း ကိုဖြစ်စေပြု ရာမှ ငွေကြေးကို သော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတစ်ရာကို သော်လည်းကောင်း လက်ခံရယူခြင်း သို့မဟုတ် လက်ခံရယူရန် သဘောတူခြင်းပါဝင်သည်။
 
ရှင်းလင်းချက်(၂)။ ပြည့်တန်ဆာပြုခြင်း ဆိုသည်မှာ ငွေကြေး၊ အကျိုးအမြတ်သို့မဟုတ် အခြားအဖိုးစားနား တစ်ခုခုအတွက် ကာမစပ်ယှက်ရန် သို့မဟုတ် ကာမ ရာဂစိတ်ပေါ်ပေါက်ရန်အလို့ငှာ ပုဂ္ဂိုလ်တစ်ဦးကို အခြား တစ်ဦးက တစ်စုံတစ်ရာပြုလုပ်ခြင်း၊ အသုံးပြုခြင်း၊ ဆက်ဆံခြင်း သို့မဟုတ် အစီအစဉ် ချမှတ် ဆောင်ရွက်ခြင်း ကိုဆိုသည်။
 
ရှင်းလင်းချက်(၃)။ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း ဆိုသည်မှာ ကြွေးမြီအတွက် ပေးဆပ် သည့် အနေဖြင့်ဖြစ်စေ ၊ ကြွေးမြီအတွက် အာမခံပေးသည့် အနေဖြင့် ဖြစ်စေ အလုပ်လုပ်ကိုင်ပေးရမည့် ကာလနှင့် လုပ်ငန်းအမျိုးအစား တိကျ မှုမရှိဘဲ သို့မဟုတ် ကြွေးမြီပြေကျေသည်အထိ သင့်လျော်သည့် လုပ်အားတန်ဖိုးကို သတ်မှတ်ချက်မရှိဘဲ အလုပ်လုပ်ကိုင်ပေးစေခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးစေခြင်းကိုဆိုသည်။
 
(ခ) ညစ်ညမ်းသည့်ပုံပြသခြင်း ဆိုသည်မှာ ကာမရာဂစိတ် နိုးကြွစေရန် အလို့ငှာ ဖိုမ ဆက်ဆံမှုကို ဖြစ်စေ၊ ပုဂ္ဂိုလ် တစ်ဦးဦး၏ လိင်အင်္ဂါအစိတ်အပိုင်းကိုဖြစ်စေ ကိုယ်တိုင်ပြသခြင်း၊ အမူအရာ ပြုလုပ်ပြသခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ရုပ်ရှင်ရိုက်ကူးပြသခြင်း သို့မဟုတ် ခေတ်မီနည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ ပြသခြင်းကိုဆိုသည်။
 
(ဂ ) လူကုန်ကူးခံရသူ ဆိုသည်မှာ လူကုန်ကူးမှု ကျူးလွန်ခြင်းခံရသူကိုဆိုသည်။
 
(ဃ) ဂိုဏ်ဖွဲ့ကျူးလွန်သူအုပ်စု ဆိုသည်မှာ ငွေကြေးသို့မဟုတ် ပစ္စည်းနှင့် စပ်လျဉ်းသည့် အကျိုး အမြတ်တစ်စုံ တစ်ရာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရရှိရန် အလို့ငှာ ကြီးလေးသော ပြစ်မှုကို ကျူးလွန်ရန်လူ ၃ ဦးနှင့်အထက်ပါဝင်၍ အချိန်ကာလတစ်ခုအတွက် ပုံစံတကျ ဖွဲ့စည်းထားသော အုပ်စုကိုဆိုသည်။

ရှင်းလင်းချက်။ ပုံစံကျဖွဲ့စည်းထားသောအုပ်စု ဆိုသည်မှာ ပြစ်မှုကို လတ်တလောကျူးလွန်ရန် ရည်ရွယ်ချက်မဲ့ ကြုံရာကျပန်းဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ပြစ်မှုကျူးလွန်ရန် ရည်ရွယ် ချက်ဖြင့် ပုံစံတကျ ကြိုတင် ဖွဲ့စည်း ထား သည့် အုပ်စုကိုဆိုသည်။ ယင်းသို့ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ အဖွဲ့ဝင်အဖြစ် ဆက်လက် ရပ်တည် နိုင်ခွင့်နှင့် အုပ်စုတိုးချဲ့ဖွဲ့စည်းမှုအတွက် သတ်မှတ်ချက်များ နည်းလမ်းတကျရှိရန် မလို။
 
(င ) ကြီးလေးသောပြစ်မှု ဆိုသည်မှာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ် ၄ နှစ်နှင့် အထက် ပြစ်ဒဏ် ထိုက်သင့်သည့် ပြစ်မှုကိုဆိုသည်။
 
(စ ) နိုင်ငံဖြတ်ကျော်မှုခင်း ဆိုသည်မှာ တစ်နိုင်ငံထက်ပိုသော နိုင်ငံများတွင် ကျူးလွန်သော ပြစ်မှု ကိုသော် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ကျူးလွန်ထားသော ပြစ်မှု၏ အရေးကြီးသော အစိတ် အပိုင်းများကို အခြားနိုင်ငံ တစ်ခုခုတွင်ပြင်ဆင်ခြင်း၊ စီမံခြင်း၊ ညွန်ကြားခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းပြုသော ပြစ်မှု ကိုသော် လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများသည် အခြားနိုင်ငံ တစ်ခုခု၏ ဂိုဏ်းဖွဲ့ကျူးလွန်သူအုပ်စုတွင် ပါဝင်ခြင်းနှင့် နိုင်ငံတစ်ခုတွင် ပြစ်မှုကျူးလွန်ရာ၌ အခြားနိုင်ငံတစ်ခုခုကို ထိခိုက်နစ်နာ စေသော ပြစ်မှုကိုသော်လည်းကောင်း ဆိုသည်။
 
(ဆ) ထိန်းချုပ်ဖော်ထုတ်ခြင်း ဆိုသည်မှာ တရားမဝင်သော သို့မဟုတ် သင်္ကာမကင်းဖွယ်ရာဖြစ်သော ပစ္စည်း သို့မဟုတ် လူပုဂ္ဂိုလ်ကိုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခု၏ ပိုင်နက် နယ်မြေအတွင်းသို့ဖြစ်စေ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဝင်ရောက်ခြင်း၊ ဖြတ်သန်းခြင်း သို့မဟုတ် ထွက်ခွာခြင်းတို့ကို စစ်ဆေးတွေ့ရှိသည့်အခါ အဓိကကျူးလွန်သူများအား ဖော်ထုတ်အရေးယူ ရန်အလို့ငှာ သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် ထိန်းချုပ် ၍ ၄င်းတို့၏ အစီအစဉ် အတိုင်း ဆက်လက်ဆောင်ရွက်စေသည့် နည်းစနစ်ကိုဆိုသည်။
 
(ဇ ) ပစ္စည်း ဆိုသည်မှာ မည်သည့်ပုံစံဖြင့်မဆို ဒြပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိတွေ့၍ ရနိုင် သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ ရွေ့ပြောင်းနိုင်သည့် သက်ရှိ သက်မဲ့ပစ္စည်း ကိုသော်လည်း ကောင်း၊ မရွေ့မပြောင်းနိုင်သည့် ပစ္စည်းကိုသော်လည်းကောင်းဆိုသည်။ ယင်းစကားရပ်တွင် ပစ္စည်းနှင့် စပ်လျဉ်းသည့်ပိုင်ဆိုင်ခွင့်ဆိုင်ရာ တရားဝင် စာတမ်းအမှတ်အသား၊ လွဲပြောင်းနိုင် သော စာချုပ်စာတမ်းနှင့် အကျိုးအမြတ်များလည်းပါဝင်သည်။
 
(ဈ ) ထောင်ဒဏ်တစ်သက် ဆိုသည်မှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူအား အကျဉ်းထောင်၌ သေဆုံး သည် အထိ ပြစ်ဒဏ်ကျခံစေရန် ချမှတ်သည့်ထောင်ဒဏ်ကိုဆိုသည်။

(ည) ကလေးသူငယ် ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသောသူကို ဆိုသည်။

(ဋ ) လူငယ် ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသောသူကိုဆိုသည်။

(ဌ ) ဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ကိုဆိုသည်။


ပြစ်မှုနှင့်ပြစ်ဒဏ်များ
၂၄။ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက် အထိ ချမှတ်ရမည့်အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၂၅။ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်များမှအပ အခြားသူတစ်ဦးဦးကို လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး   ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၂၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်-
(က) လူကုန်ကူးမှု ကျူးလွန်ရန်အလို့ငှာ လိမ်လည်လှည့်ဖြား၍ သူတစ်ဦးဦးအား မွေးစားခြင်း သို့မဟုတ် ထိမ်းမြားလက်ထပ်ခြင်း၊
(ခ ) လူကုန်ကူးခံရသူကို ပြည်ပသို့ထွက်ခွာနိုင်ရန်ဖြစ်စေ၊ ပြည်တွင်းသို့ဝင်ရောက်နိုင်ရန်ဖြစ်စေ၊ လိုအပ်သော စာရွက်စာတမ်း အထောက်အထား၊ စာတမ်းအမှတ်အား သို့မဟုတ် တံဆိပ်ကို အတုပြုလုပ်ခြင်း သို့မဟုတ် တရားမဝင်ရယူပေးခြင်း။

၂၇။ မည်သူမဆို ညစ်ညမ်းသည့်ပုံ ပြသခြင်းပြုရေးအတွက် လူကုန်ကူးခံရသူကို ခိုင်းစေခြင်း သို့မဟုတ် စီစဉ်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံးထောင် ဒဏ် ၁ဝ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၂၈။ မည်သူမဆို-
(က)ပုဒ်မ ၂၄ ပါ လူကုန်ကူးမှုကို ဂိုဏ်းဖွဲ့ကျူးလွန်သူ အုပ်စုဖြင့် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် အနှစ် ၂ဝ မှ အများဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့် အပြင် ငွေ ဒဏ်လည်း ချမှတ်နိုင်သည်။

(ခ )ပုဒ်မ ၂၅၊ ပုဒ်မ ၂၆ သို့မဟုတ် ပုဒ်မ ၂၇ ပါလူကုန်ကူးမှုကို ဂိုဏ်ဖွဲ့ကျူးလွန်သူ အုပ်စုဖြင့် ကျူးလွန်ကြောင်း   ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက် အထိ ချမှတ်ရမည့်အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။

(ဂ )ဂိုဏ်ဖွဲ့ကျူးလွန်သူအုပ်စုတွင်အဖွဲ့ဝင်ဖြစ်ကြောင်း ပေါ်ပေါက်လျှင် ထိုသူသည် ပြစ်မှုကျူးလွန် ရာတွင် ကိုယ်တိုင်ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ)ပါ ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည်။

၂၉။ မည်သူမဆို လူကုန်ကူးမှုကို ကျူးလွန်ရာတွင် ပုဒ်မ ၃၊ ပုဒ်မခွဲ (င)ပါ ကြီးလေးသော ပြစ်မှုကိုလည်း ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံး   ထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်။

၃ဝ။ မည်သည့်ပြည်သူ့ဝန်ထမ်းမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲ ဆိုခြင်း၊ စစ်ဆေးစီရင်ခြင်းပြုရာတွင် မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ တံစိုးလက်ဆောင် အဖြစ်   ငွေကြေးနှင့် ပစ္စည်းတစ်စုံတစ်ရာကို တောင်းခံခြင်း သို့မဟုတ် လက်ခံရယူခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင်   ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၃၁။ ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုတင်ရှားစီရင်ခြင်းခံရသူသည် ယခင်ကလည်း ဤဥပဒေပါ ပြစ်မှု တစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရလျှင် ထပ်မံကျူးလွန်သောပြစ်မှုအတွက် ပြဌာန်းထားသော အများ ဆုံး ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။

၃၂ ။မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် ပြင်ဆင်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံ စည်ခြင်း၊ စည်းရုံးခြင်း၊ စီမံခန့်ခွဲခြင်းပြုလျှင်ဖြစ်စေ၊ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် သို့မဟုတ် ပြစ်မှုကျူးလွန်ရာတွင် အားပေး ကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်း တစ်ခုခုပြုလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင်   ပြဌာန်းထား သည့် ပြစ်ဒဏ်ကိုချမှတ်ခြင်းခံရမည်။
 

၃၃။ တရားရုံးသည် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့်ပြစ်ဒဏ်ချမှတ်လျှင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်း ထားသော ပြစ်မှုနှင့် သက်ဆိုင်သည့် ပစ္စည်းကို ပြည်သူ့ဘဏာအဖြစ် သိမ်းယူခြင်း သို့မဟုတ် သတ်မှတ်ချက် များနှင့်အညီ စီမံခန့်ခွဲခြင်းပြုသည့်အမိန့်ချမှတ်ရမည်။ ပြည်သူ့ဘဏာအဖြစ် သိမ်းဆည်းထားသော ငွေကြေးမှ သို့မဟုတ် ပစ္စည်းရောင်းရငွေမှဖြစ်စေ၊ ငွေဒဏ်မှဖြစ်စေ လူကုန်ကူးခြင်းခံရသူအား နစ်နာကြေးပေး သည့်အမိန့် ချမှတ်နိုင်သည်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်