Pages

Saturday, 27 April 2013

မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး စတင်



မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် မြန်မာ့ တပ်မတော်နှင့် စစ်ဘက်ဆက်ဆံရေးကို သတိကြီးစွာဖြင့် စတင်ထူထောင်လိုက်ပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ မစ္စစ် Mrs.Cathy Wilkinson က ထုတ်ပြန် ပြောကြားသည်။ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စိုးရိမ်ဆဲဖြစ်သော အမေရိကန် အစိုးရက မြန်မာတပ်မတော်နှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများတွင် ဆက်ဆံရေးကို ကန့်သတ် ထားပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရှိန်နှင့်အညီ စစ်ဘက်ဆက်ဆံရေး ကို မြှင့်တင် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြန်မာတပ်မတော်ကို ခေတ်မီသော တပ်မတော်တစ်ခု ဖြစ်လာစေ ရန် အမေရိကန်အစိုးရ အနေနှင့် နည်းလမ်းများ ရှာဖွေနေကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန လက်ထောက်အတွင်းရေးမှူး Joseph Yun ဧပြီလ ၂၅ ရက်နေ့က အမေရိကန် ဆီးနိတ်လွှတ်တော်    နိုင်ငံတကာရေး ရာ ကော်မတီ၏ အရှေ့အာရှနှင့် ပစိဖိတ်ကော်မတီခွဲသို့ တင်သွင်းသော အစီရင်ခံစာ တွင် ဖော်ပြထားသည်။

“နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အားကောင်းစေမယ့် စစ်ဘက်ဆက်ဆံရေး ဖြစ်အောင် အရပ်သားအစိုးရ ကွပ်ကဲတဲ့ တပ်မတော်ဖြစ်ရေး ဆိုတဲ့ စံချိန်စံညွှန်းတွေကိုလည်း သတ်မှတ်ထားပါတယ်” ဟု Joseph Yun က အစီရင်ခံစာတွင် ထည့်သွင်း ဖတ်ကြားသွားသည်။ မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပပျောက်စေရန် အာဏာရှင်စနစ်နှင့် ယဉ်ပါးလာသော Mindset (စိတ်အခံ)ကို ပြုပြင်ပြီး ဒီမိုကရက်တစ်အစိုးရ ကွပ်ကဲသော စိတ်အခံသို့ တပ်မတော်သားများ ပြောင်းလဲလာအောင် လုပ်ဆောင်သင့်ကြောင်း ရှမ်းပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းချိန်က အကြံပြုသည်။ “ကနဦးအစမှာ လူ့အခွင့်အရေးနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ အဓိက ထားပါတယ်” ဟု Mrs.Cathy Wilkinson က ဆိုသည်။ မြန်မာ့တပ်မတော်အနေနှင့် တိုင်းရင်းသားလူမျိုးများကို အကာအကွယ်ပေးရန်နှင့် လူ့အခွင့်အရေးကို လေးစားရန် အမေရိကန်အစိုးရက ဆက်လက် ဖိအားပေးသွားရမည်ဖြစ်ကြောင်း လွှတ်တော်အမတ် Benjamin Cardiun ၏ အကြံပြုချက်ကို အိန္ဒိယနိုင်ငံထုတ် The Statesman သတင်းစာတွင် ဖော်ပြသည်။ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများနှင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့် လုပ်ဆောင်လာသော အမေရိကန် အစိုးရအနေနှင့် တရုတ်နိုင်ငံကို ထိန်းချုပ်လိုသော ရည်ရွယ်ချက် မရှိသည်ကို ရှင်းရှင်းလင်းလင်း သိစေလိုပါကြောင်း Joseph Yun အလေးအနက် ပြောကြားသည်။

မြန်မာတပ်မတော်သည် အမေရိကန် တပ်မတော်နှင့် ထိုင်းတပ်မတော်တို့ ပူးတွဲလုပ်ဆောင်မည့် Cobra ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင်လည်း လေ့လာသူအဖြစ် တက်ရောက်ခွင့် ရရှိထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

(ခေတ်လူငယ်)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်