မြတ်စွာဘုရားမရှိတဲ့နောက်ပိုင်း မြတ်စွာဘုရားကိုယ်စား သာသနာတော်ကြီးကို ဦးစီးဦးကိုင် ပြုမှဖြစ်တော့ မယ်။ ရဟန်းသံဃာကို ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ဦးဆောင်မှဖြစ်တော့မယ်ဆိုတဲ့ ရှင်မောဂ္ဂလာန် ကိုတော့ မြတ်စွာဘုရားက ၀မ်းသာအားရသာဓုမြိုင်မြိုင်ကြီးခေါ်တော်မူပါတယ်။
ဘာကြောင့်လဲဆိုရင် ရှင်သာရိပုတ္တရာက တာဝန်မသိတတ်လို့ပါ။ ရှင်မောဂ္ဂလာန်က တာဝန်သိတတ် လို့ပါ။ သာသနာတော်ဆိုတာ ဒီမထေရ်မြတ်ကြီးနှစ်ပါးရဲ့ တာဝန်ပဲမဟုတ်လား ။
ထေရော ဣမသ္မိံ ဌာနေ ၀ိရဒ္ဓေါ အတ္တနော ဘာရဘာဝံ န အညာသိ။
အယဥှိ ဘိက္ခုသံဃော ဒွိန္နမ္ပိ မဟာထေရာနံ ဘာရော။
မဟာမောဂ္ဂလ္လာနတ္ထေရော ပန အတ္တနော ဘာရဘာဝံ အညာသိ။ (မဇ္စျိမပဏ္ဏာသ။ ဋ္ဌ၊ ၁၂၂-၃)
’’အငြိမ်းစားယူမည့်သူများသတိထား”
သာသနာတော်မှာ အငြိမ်းစားယူတော့မယ့်၊ အနားယူပြီး အေးအေးလူလူပဲ နေတော့မယ့်ရှင်သာရိပုတ္တရာကြီးကို မြတ်စွာဘုရားက မိန့်တော်မူတဲ့ ’’အာဂမေဟိ တွံ သာရိပုတ္တ ၊အာဂမေဟိ တွံ သာရိပုတ္တ- ချစ်သား သာရိပုတ္တရာ ဆိုင်းငံ့ပါဦး၊ ချစ်သား သာရိပုတ္တရာဆိုင်းငံ့ပါဦးဆိုတဲ့ စကားတော်လေးကိုလည်း ဘုန်းဘုန်းသိပ်ကြည်ညိုမိတယ်။
’’တာဝန်သိ သားတော်မို့ဘုရားရှင်က သာဓုခေါ်သည်”
ဘုရားရှင်ကိုယ်စားသာသနာတော်မြတ်ကြီးကို ဦးဆောင်ဦးရွက်ပြုတော့မယ်ဆိုတဲ့ ရှင်မောဂ္ဂလာန်ကိုမိန့်တော်မူတဲ့ -
သာဓု သာဓု မောဂ္ဂလ္လာန၊အဟံ ၀ါ ဟိ မောဂ္ဂလ္လာနဘိက္ခုသံဃံ ပရိဟရေယျံ ၊ သာရိပုတ္တ မောဂ္ဂလ္လာနာဝါ ။
(စာတုမသုတ္တ၊ မဇ္ဈိမပဏ္ဏာသ၊ ၁၂၂)
ချစ်သား မောဂ္ဂလာန် သာဓု သာဓု ။
ငါဘုရားသည်လည်းကောင်း ချစ်သားတို့ နှစ်ပါးလုံးသည်လည်းကောင်း သာသနာတော် မြတ်ကြီး (ရဟန်းသံဃာ) ကို ဆက်လက်ဦးရွက်ကြစို့ -ဆိုတဲ့ စကားတော်ကိုလည်းဘုန်းဘုန်းသိပ် ကြည်ညိုတယ်။
ဒီသုတ္တန်ကိုထောက်ရင် မြတ်စွာဘုရားဟာ ’သာသနာ့တာဝန် ငါ့တာဝန်’ လို့ ခံယူထားတဲ့တပည့် သာဝက ကိုမှ ကောင်းချီးပေးတာကို တွေ့တယ်နော်။
ရှင်မောဂ္ဂလာန်လို နှလုံးသား
ဒါကြောင့် ဘုန်းဘုန်းက ဒကာလပြည့်ဇင်တို့ မေတ္တာတံခွန်အသင်းကို ’ရှင်မဟာမောဂ္ဂလာန် လိုနှလုံးသား ‘ လို့ ခေါ်နေမိတာပါ။ ဘုန်းဘုန်တို့ မြတ်စွာဘုရား သာသနာတော်ကြီးဟာ အတွင်းရန် အပြင်ရန်ဆိုတဲ့ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်မဟုတ်လား။ ဒီလို သေရေးရှင်ရေးအိပ်ရေးကြီးနေ တဲ့ အချိန်အခါမျိုးမှာတော့ ဘုန်းဘုန်းတို့ ရဟန်းသံဃာတွေထဲမှာရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်တွေက ရေတွက် လို့တောင် မရနိုင်အောင်ပဲလေ။ရှင်မဟာမောဂ္ဂလာန်လို ပုဂ္ဂိုလ်တွေက ရေတွက်စရာတောင် မရှိလောက်အောင်ပဲ မဟုတ်လား။
သာသနာသန့်ရှင်းရေး ကုသိုလ်ရှင်များ လိုအပ်နေဆဲ
တကယ်တော့ ဘုန်းဘုန်းတို့ သာသနာတော်ကြီးကို ခံတပ်သဖွယ်ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွန်ချွန် အသက်ပေးပြီး ကာကွယ်နိုင်မည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်တွေအများကြီးလိုအပ်နေသလို၊ အတွင်းမှာလည်း ကျနေတဲ့ပိုးတွေ သေအောင်၊ မကျသေးတဲ့အပင်တွေပိုးလည်းမထိုး၊ ရှင်လည်းရှင် သန်ဖို့လည်း ထိုက်တန်အောင် ကြောင့်ကျစိုက်ပြီးပိုးသတ်ဆေးဖျန်းတဲ့ သာသနာ့ဥယျာဉ်မှူး တွေလည်း အမှန်တကယ် လိုအပ်နေတယ်မဟုတ်လား။သံကိုဖျက်တဲ့ သံချေးကို ကော်ပတ်နဲ့ တိုက်စား ချေချွတ်ပြီး ဆီနဲ့ပြောင် ၀င်းလာအောင်သုတ်သင်ပေးရသလိုပဲ။ သာသနာ့သံချေး တွေကိုလည်း တိုက်ချွတ်ဆေးကြော သုတ်သင် ပစ်ဖို့လိုအပ်နေပြီလေ။ပြောရရင် သာသနာ သန့်ရှင်းရေး ကုသိုလ်ရှင်တွေ အများကြီးလိုအပ်နေဆဲပဲ မဟုတ်လား။
အမုန်းခံ ချစ်သူများ အသင်း
ဒီအချိန်မှာ မေတ္တာတံခွန်အသင်းရဲ့ ဆောင်ရွက်ချက်တွေကို ကြားလိုက်ရလို့ ဘုန်းဘုန်းကတော့ သာသနာတော်မြတ်ကြီး အတွက် အတော်စိတ်အားတက်လာမိခဲ့တယ်။
အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)ကို ထောက်ခံအားပေးတယ်။ ကျေးဇူးလည်း တင်တယ်။
အရှင်နာရဒ(ဟိုပင်) ကိုလည်း ထောက်ခံ အားပေးတယ်။ ကျေးဇူးလည်း တင်တယ်။
ဆရာမဒေါ်ဝင်းမာ ဒကာလပြည့်ဇင်တို့ မေတ္တာတံခွန်အသင်းသားတွေကိုလည်း ထောက်ခံ အားပေးတယ်။ကျေးဇူးလည်း တင်တယ်။ အထူးသဖြင့် အိုးနဲ့ အိမ်နဲ့ မိသားစုနဲ့ နေကြရတဲ့ဆရာမဒေါ်ဝင်းမာ ဒကာလပြည့်ဇင်တို့ကို ပိုးပြီးဂုဏ်ယူကြိုဆို အားပေးပါတယ်။ဘာကြောင့်လဲ ဆိုတော့ သားရေး သမီးရေး စီးပွားရေး ကြီးပွားရေးတွေအတွက်ဘာမျှပူစရာမလိုတဲ့ ရဟန်းသံဃာ တွေက ရှေ့ကိုသိပ်မထွက်ဘဲ၊ သာသနာတော်ကို ကာကွယ်ဖို့၊သာသနာသန့်ရှင်းရေးတွေ လုပ်ဖို့ တာဝန်အရှိဆုံး ရဟန်းသံဃာတွေက အင်တိုက်အားတိုက်ရှေ့ထွက်မလာဘဲ သားရေး သမီးရေး စီပွားရေး ကြီးပွားရေး လူမှုကိစ္စအ၀၀ကို ပစ်ထားပြီးသာသနာတော်ကြီးအတွက် အမုန်းခံ အမိုက်ခံပြီး ရဲဝံ့စွန့်စားမှုအပြည့်နဲ့ ပေးဆပ်နေတဲ့ ဆရာမဒေါ်ဝင်းမာနဲ့ ဒကာလပြည့်ဇင်တို့ ’မေတ္တာတံခွန်အသင်း’ ကိုကြည်ညိုလေးစားလွန်းလို့ပါပဲ။
ဒီလိုပဲ ဓမ္မမာမက ဓမ္မ၀ါဒီ ဘုရားရှင်သာဝကတွေဟာ ဓမ္မ၀ိနယကို အမြဲတမ်းကာကွယ်နေ ရမယ်။အဓမ္မအ၀ိနယတွေကို အမြဲတမ်းခေါင်းမဖော်နိုင်အောင် နှိပ်ကွပ်ချေမှုန်းနေရမယ်။အဓမ္မကြောင့် အဓမ္မ၀ါဒီကိုယ်တိုင်လည်း မငြိမ်းချမ်းနိုင်ဘူး။ အကျိုးမရှိနိုင်ဘူး။သာသနာတော်ကြီး လည်း မငြိမ်းချမ်းနိုင်ဘူး။ အကျိုးမရှိနိုင်ဘူး။(အကျိုးမရှိတဲ့အပြင် ထိခိုက်နစ်နာနိုင်တယ်။)
ကမ္ဘာလောကကြီးတစ်ခုလုံးလည်းမငြိမ်းချမ်းနိုင်ဘူး။ အကျိုးမရှိနိုင်ဘူး။ ဒါကြောင့် သာသနာ့တာဝန် ငါ့တာဝန်လို့ခံယူထားတဲ့ ဒကာလပြည့်ဇင်တို့ မေတ္တာတံခွန်အသင်းကို ကြည်ညိုလေးစားနေတာပါ။
ယုံကြည်ချက်နဲ့ အသက်ရှင်ပါရစေ
ဘုန်းဘုန်းလည်း အဓမ္မ၀ါဒီတွေကို အကြီးအကျယ်ချေမှုန်းခဲ့ဖူးတယ်။အပြင်းထန်ဆုံးစကားလုံး တွေနဲ့ မိုက်မိုက်ကန်းကန်းနှိပ်ကွပ်ခဲ့ဖူးတယ်။ ဒါပေမယ့်ဘုန်းဘုန်းမှာလည်း ‘မှု’ရှိတယ်။ ပဋိပတ်ကျင့် စဉ်ကို မထိခိုက်ရင်၊ မစော်ကားရင်၊မဖျက်ဆီးရင် နားလည်ပေးတယ်။ ခွင့်လွှတ်ပေးတယ်။စကားထဲတောင်ထည့် မပြောဘူး။ စာတစ်တန်ပေ တစ်တန်ရေးပြီး နှိပ်ကွပ်ဖို့ဆိုတာ ဝေးမှဝေးပဲ။ ကျင့်စဉ်ပဋိပတ်ကိုထိခိုက် လာပြီ၊ စော်ကား လာပြီ၊ ဖျက်ဆီးလာပြီဆိုရင်တော့ ဘယ်မျက်နှာမှ မငဲ့ဘူး။ဘာပြစ်ဒဏ်မှမကြောက် တတ်ဘူး ။ အရာရာကို ရင်ဆိုင်ရဲတယ်။ အရာရာကို စွန့်လွှတ်ရဲတယ်။ အရာရာကိုပေးဆပ်နိုင်တယ်။
မဟာဗျူဟာ ကောင်းသူဟာနည်းဗျူဟာလည်း ကောင်းရမယ်
အခုလည်း ရှင်မဟာမောဂ္ဂလာန် လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ ဒကာလပြည့်ဇင်တို့မေတ္တာ တံခွန်အသင်း ကို ပြောလိုတာက ကျင့်စဉ်ကို မထိခိုက်နိုင်တဲ့ လွဲမှားမှုလေးတွေ ၊ချွတ်ချော် တိမ်းပါး မှုလေးတွေကို စာပို့သတိပေးပါ၊ ဖုန်းဆက်ဆွေးနွေးပါ၊ လူချင်းတွေ့ညှိနှိုင်းပါ။ ဒီလိုမှ မရတော့ ဘူးဆိုရင် အပြုသဘောနဲ့ ဓမ္မ၀ိနယလမ်းကြောင်း အတိုင်းဆက်သွားရုံပေါ့။
နောက်ပြီးမှားယွင်းတိမ်းစောင်းသူတွေဟာ ဓမ္မစေတီတို့ ၊ မိုးပြာဂိုဏ်းတို့လို အတ္တကိုရှေ့တန်း တင်ပြီး ဓမ္မကို နောက်ပို့နေတာမျိုး ဆရာကို ကိုးကွယ်ပြီး ဓမ္မကိုချိုးနှိမ်နေတာမျိုးဆိုရင်တော့ ’’ရဲဘော် ဆက်လုပ် မင်းနောက်မှာ ငါရှိတယ် “ပေါ့။ဒါပေမယ့် စေတနာဆိုးနဲ့ စော်ကားတာမျိုး မဟုတ်ဘူး။ပြုလွယ်ပြင် လွယ်တဲ့သဘောလည်း ရှိတယ်ဆိုရင်တော့ ’’ အကျယ်အကျယ် “ မဖြစ်သင့်ဘူးပေါ့။သူဟာသာသနာ့ ၀န်ထမ်းနေတာလား။ သာသနာကို ခိုစီးနေတာလား။ သူဟာ သာသနာ့အကျိုးပြုနေတာလား၊သာသနာကို အသုံးချနေတာလား၊ ဒါတွေကိုလည်းကြည့်ရမယ်လေ။
ဘုန်းဘုန်းတို့ စာပေတွေလေ့လာတဲ့အခါမှာ စာရေးဆရာတွေ တစ်ယောက်နဲ့ တစ်ယောက်ဝေဖန် ထိုးနှက်နေ တာတွေကို တွေ့ရတယ်။ စာမျက်နှာတွေ အကျည်းတန်စေခဲ့သလို စာရွက်တွေလည်း နှမြော စရာကြီးပေါ့။ အဲဒီလိုမျိုးဆိုရင် မကောင်းဘူးနော်။ ပုဂ္ဂိုလ်ရေးဆန်သွားမယ်။ဣဿာ မစ္ဆရိယကင်းစွာနဲ့ ဆောင်ရွက်နေ တယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။ဒီလိုလုပ်ငန်းမျိုးကလည်း ဣဿာ မစ္ဆရိယကင်းမှ လုပ်လို့ဖြောင့်ပါတယ်။ပုဂ္ဂိုလ်ရေးရာတွေလည်း ကင်းရမယ်။ ဒါမှလည်း ပုဂ္ဂလာဓိဋ္ဌာန် မဟုတ်ဘူး။ ဓမ္မာဓိဋ္ဌာန်ဆိုတာလူတိုင်းသိနိုင်မယ်လေ။
အမှားမကင်းတဲ့လောကကြီးထဲမှခွင့်လွှတ်ထိုက်တဲ့ အမှားတွေ
ဒကာလပြည့်ဇင်တို့ တိတ္ထဇာတ်။ (ဇာ၊ ဋ္ဌ။ ၁။ ၁၉၈)ကို လေ့လာဖူးမှာပေါ့။ရှင်သာရိပုတ်မထေရ် ကြီး ကမ္မဋ္ဌာန်းပေးတာ စရိုက်နဲ့မကိုက်လို့ လွဲချော်ဘူးတယ်လေ။ရှင်သာရိပုတ်လည်း မှားခဲ့တာဘဲမဟုတ်လား။ အမှားမကင်းတဲ့ လောကကြီး မှာခွင့်လွှတ်နိုင်တဲ့ အမှားမျိုးတွေကို ခွင့်လွှတ်ရမယ်။
ခွင့်မလွှတ်နိုင်တဲ့အမှားမျိုးတွေကို တစ်ဆင့်ချင်းတက်ပြီး ဖြည်းဖြည်း ချင်း ပြုပြင်ရမယ်။ပြုလွယ်ပြင်လွယ်တဲ့ ပုဂ္ဂိုလ်တွေကို အတင်းအကြပ် ဖိအားပေးတာမျိုး ၊ ဂုဏ်သိက္ခာပွန်းပဲ့သွားအောင်လုပ် တာမျိုး ၊ အကြပ်ကိုင် လက်မှတ်ထိုးခိုင်းတာမျိုး မဖြစ်သင့်ဘူးနော်။ ကိုယ့်ရည်ရွယ် ချက်က ဘာလဲ၊ အမှန်မြင်စေချင်တာ၊ အမှန်ပြင်စေချင်တာပဲ မဟုတ်လား။မြင်သွားရင် ပြင်သွားရင် ပြီးတာပဲ မဟုတ်လား။ ကိုယ့်လုပ်ငန်းအောင်မြင် တာပဲမဟုတ်လား။
အညတရ မူဝါဒ
ဘုန်းဘုန်းရဲ့ ’’ မူ “ ကတော့
ဣဿာ မစ္ဆရိယ ကင်းရမယ်။
ပုဂ္ဂလာဓိဋ္ဌာန်မဖက် ဓမ္မာဓိဋ္ဌာန်သက်သက်ပဲ ဖြစ်ရမယ်။
ကျင့်စဉ်ကို မထိခိုက် မစော်ကားရင် ခွင့်လွှတ်သင့်က ခွင့်လွှတ်ရမယ်။
နည်းဗျူဟာ နည်းစနစ်ပိုင်းဆိုင်ရာမှာ အပြစ်အနည်းဆုံး ဖြစ်ရမယ်။
မေတ္တာတံခွန်အသင်းအတွက်မေတ္တာပို့ဆုတောင်း ညီတော်အရှင်ဣန္ဒာစရိယာဘိဝံသ (မစိုးရိမ်စာသင်သား) ညီတော်အရှင်နာရဒ(ဟိုပင်)တို့နဲ့အတူ ဒကာလပြည့်ဇင်တို့ မေတ္တာတံခွန်ဝိုင်းတော်သားအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ……….။
သာသနာတော်အကျိုးကို အခုလိုပဲ အမြဲတမ်းသယ်ပိုးနိုင်ပါစေ။
( )ဘုန်းဘုန်းအညတရ ရဟန်းတော်တစ်ပါး
ဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်