ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ရှေးဘိုးဘေး အစဉ်အဆက် မှသည် ယနေ့ ကာလ တိုင်အောင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်လှေ တည်းစီး တစ်ခရီးတည်း သွားကာ အေးအတူ ပူအမျှ အတူတကွ ပူးပေါင်း နေထိုင်လျက် ရှိပြီး ယနေ့ ကာလတွင် သာယာ ဝပြောသော ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ဦးတည်ချီတက် လျက်ရှိသည်။
မိမိတို့သည် သမိုင်းစဉ် တစ်လျှောက် လွတ်လပ်သော နိုင်ငံ၊ လွတ်လပ်သော လူမျိုး ဘဝဖြင့် ထည်ထည် ဝါဝါ နေထိုင် လာခဲ့သော လူမျိုးဖြစ်သည်။
ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင် အနုပညာ၊ ကိုယ်ပိုင် ယဉ်ကျေးမှု များ ဖြစ်ထွန်း ပိုင်ဆိုင်သော နိုင်ငံဖြစ်သည်။ ယင်းသို့ ဖြစ်တည် ထွန်းကားနေသည့် အမျိုးသား ယဉ်ကျေးမှု အဆင့် အတန်းကို မြင့်မားအောင် ထိန်းသိမ်း ကြရမည် ဖြစ်သည်။ မိမိတို့၏ အမျိုးသားရေး စရိုက် လက္ခဏာ များကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် နိုင်မှသာလျှင် ကမ္ဘာ့ အလယ်တွင် မျိုးရိုးဇာတိ ဂုဏ်အင် မြင့်မားသည့် လူမျိုးအဖြစ် ဝင့်ဝင့် ထည်ထည် ရပ်တည်နိုင်မည် ဖြစ်သည်။ယနေ့ နိုင်ငံတော်တွင် လူငယ်ထု တစ်ရပ်လုံး မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး အတွက် နိုင်ငံတော် အစိုးရက လူမှုရေး ဦးတည်ချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည်။ အထူး သဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း များသည် တစ်နိုင်ငံလုံး ညီမျှသော အကျိုး စီးပွားကို ခံစား ရရှိစေရန် ဖြစ်သည်။ နိုင်ငံ ချစ်စိတ်၊ မျိုးချစ် စိတ်သည် ပြည်မကြီး တွင်သာ ရှိသည်မဟုတ်၊ ပြည်နယ်အားလုံး၊ မြို့ရွာ အနှံ့၏ ရင်နှစ်သည်းချာ များတွင် ကိန်းဝပ်နေသော စိတ်ဓာတ် အမွေပင် ဖြစ်သည်။
သတင်းနှင့် ဆက်သွယ်ရေး နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက် ပြောင်းလဲနေသည့် မျက်မှောက် ကမ္ဘာတွင် ဓနအင်အား ကြီးမားသော နိုင်ငံကြီးများက နိုင်ငံငယ် များအပေါ် အတွေး အခေါ်နှင့် ယဉ်ကျေးမှု ဆိုင်ရာများ လွှမ်းမိုးနိုင်ရေး ကြိုးပမ်းလျက် ရှိကြသည်။ မြန်မာနိုင်ငံ ကဲ့သို့ ပထဝီဝင် နိုင်ငံရေး အရ အချက် အချာကျ အရေးပါသည့် နိုင်ငံ အနေဖြင့် မိမိတို့ ကိုယ်ပိုင် အမျိုးသားရေး စရိုက် လက္ခဏာများ ယိမ်းယိုင်ပျောက်ကွယ် မသွားစေရေး ခိုင်မာသော အမျိုးသားရေး သတိ ထားရှိ သွားကြရမည် ဖြစ်သည်။
အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးအတွက် နိုင်ငံသားတိုင်း ပြည်ထောင်စု စိတ်ဓာတ် ရှင်သန် ထက်မြက် နေရပေမည်။ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ် အရင်းခံဖြင့် အမျိုးသားရေး လှုပ်ရှားမှု များ ဆောင်ရွက်ခဲ့ရာ အောင်ပွဲ အလီလီ ရရှိခဲ့သည့် သာဓကများ မြန်မာ့ သမိုင်းတွင် များစွာရှိသည် ။ ပြည်ပမှ ထိုးဖောက် ဝင်ရောက်နေသည့် ယဉ်ကျေးမှုနှင့် လူမှုရေး စရိုက် လက္ခဏာ များကို ကိုယ့်နိုင်ငံကို ချစ်သည့်စိတ်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးတွယ်တာ တန်ဖိုး ထား သည့် စိတ်တို့ဖြင့် ခုခံကာကွယ် သွားရမည် ဖြစ်သည်။
လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန် နယ်ပယ်ကဏ္ဍ အသီးသီးတွင် လေ့ကျင့် ပျိုးထောင် ပေးလျက်ရှိရာ လူငယ် လူရွယ်များ စိတ်ဓာတ် စည်းကမ်းနှင့် စွမ်းရည် ထက်မြက် သူများ ဖြစ်လာရန် လိုသည်။ စိတ်ဓာတ်ဟု ဆိုရာတွင် မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်သော စိတ်ဓာတ်၊ ပြည်ထောင်စုကြီးကို ချစ်သော ပြည်ထောင်စု စိတ်ဓာတ်တို့ပင် ဖြစ်သည်။ မျိုးချစ်စိတ် ဓာတ်ကို အရင်းတည်၍ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို စွမ်းအားပြည့် ဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ် ရကားနိုင်ငံသား အပေါင်းတို့သည် မိမိတို့၏ ဇာတိသွေး၊ ဇာတိမာန် မျိုးချစ် စိတ်ဓာတ်ကို အစဉ်နိုးကြား ရှင်သန် ထက်မြက်နေအောင် လေ့ကျင့်မွေးမြူ ထားကြပြီး အမျိုးသားရေး စွမ်းရည် အပြည့်ဖြင့် ကျရာအခန်း ကဏ္ဍမှ နိုင်ငံနှင့် လူမျိုးအကျိုး ရည်မှန်းချက် ကြီးစွာ ကြိုးပမ်းဆောင်ရွက် သွားကြ ရမည် ဖြစ်ကြောင်း မြဝတီ က ရေးသားတင်ပြ လိုက်ရပါသည်။
မြ၀တီ

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်