Pages

Sunday, 28 April 2013

“အခွင့်ထူးခံလူတန်းစား” တဲ့လား


ဟောသည်က ကျွန်တော့် မော်တော်ဆိုင်ကယ်အဟောင်းလေးရဲ့ နဖူးစီးမှာ ကပ်ထားတဲ့ တိပ်အစိမ်းကြား တြိဂံပုံလေး က “သည်လအတွက် ဆိုင်ကယ်အပ်ခ ပေးပြီး” လို့ အမှတ်အသားလုပ်ထားတာပါ။ ကျွန်တော် တာဝန်ကျနေတဲ့ မန္တလေးဆေးရုံကြီး၊ ဖျားနာကုသဆောင် (၁) ထိပ်က ဆိုင်ကယ်အပ်ရာနေရာမှာ ကျွန်တော် ဆိုင်ကယ်အပ်ခ လပေးနဲ့ ပေးရပါတယ်။ ကိုယ်အလုပ်လုပ်တဲ့ ဌာန၊ နေရာကို အလုပ်တာဝန်ထမ်းဆောင်ဖို့ ဆိုင်ကယ်အပ်ခ ပေးပြီးမှ လာရတဲ့ “အရာရှိ” ဆိုတာ မြန်မာပြည်မှာ ဆရာဝန်တွေအပြင် သိပ်ရှိမယ် မထင်ပါဘူး။



ဒီဆေးရုံကြီးထဲမှာပဲ ဖျားနာဆောင် (၃) ကို သွားရမယ့်ကိစ္စရှိလို့ အဲဒီရှေ့က ဆိုင်ကယ်စတန်းမှာ သွားရပ်လိုက်ရင် တစ်ခါအပ် (၂ဝဝ) ပေးရပါတယ်။ ကုတင် ၃ဝဝ ဆေးရုံကြီးက ဆေးကျောင်းသားတွေကို စာသွားသင်ပေးရတဲ့နေ့ဆို အဲဒီဆေးရုံမှာ ဆိုင်ကယ်အပ်ခ (၃ဝဝ)။ ဗဟိုအမျိုးသမီးဆေးရုံကြီး သားဖွားခန်းထဲက လူနာ အမောဖောက်နေလို့ လာကြည့်ပေးပါဦးခေါ်လို့ ညကြီးသန်းခေါင် သွားကြည့်ပေးရရင် အဲဒီဆေးရုံရဲ့ ဆိုင်ကယ်စတန်းမှာ တစ်ခါရပ် (၃ဝဝ)၊ တစ်ညသုံးခါသွားကြည့်ရရင် (၉ဝဝ) ပေါ့။

ပြီးခဲ့တဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်၊ မဟာသင်္ကြန်ပွဲတော်ကြီး တစ်နိုင်ငံလုံး ပျော်မြူးနေချိန်မှာ သင်္ကြန်အကျနေ့ မနက် (၈) နာရီ ကျွန်တော် ဂျူတီစဝင်ရတာ အကြတ်နေ့ ည (၇) နာရီကျော်မှ ပြီးပါတယ်။ အသည်းအသန် လူနာတွေ များလွန်းလို့ အကျနေ့ ညစာငတ်ပါတယ်။ မနက်လေးနာရီမှ အိပ်ပြီး မနက် ခြောက်နာရီ ပြန်ထ၊ လူနာကြည့် ရောင်းလှည့်ရတယ်။
ဒါတွေအားလုံး လခ တစ်သိန်းခွဲနဲ့ လုပ်ရတာပါ။

ကျွန်တော်တို့ ပါမောက္ခ/ဌာနမှူးရဲ့ “နိုင်ငံ့ဝန်ထမ်းလုပ်နေတဲ့ ဆရာဝန်တွေဟာ တိုင်းပြည်အတွက် အနည်းနဲ့အများ အနစ်နာခံပြီး လုပ်ပေးနေကြတဲ့သူတွေပဲ။” ဆိုတဲ့စကားဟာ သွေးထွက်အောင်မှန်ပါတယ်။ အိမ်ငှားခတောင် မရှိတဲ့လခလေးနဲ့ ထားရာနေ စေရာသွား၊ လင်တကွဲ မယားတကွဲ၊ အမိတကွဲ သားတကွဲ တာဝန်ထမ်းဆောင်ရခြင်းဆိုတာ ဆရာဝန်တွေအတွက် ထမင်းစားရေသောက်ဆိုတာလို မဆန်းတဲ့ ကိစ္စတောင် ဖြစ်နေပါပြီ။

“ဧပြီ ၂၉” ထုတ် The Voice ဂျာနယ်ထဲမှာ “ငွေကို ရေလို၊ လေလို ရနေသော အခွင့်ထူးခံ ဆရာဝန်ကြီးလူတန်းစား ပပျောက်ရေး” ဆိုပြီး မျက်နှာပြည့်ဆောင်းပါးထည့်ထားတာ တွေ့လိုက်ရတော့ (မရင့်ကျက်သေးဘူးပဲဆိုဆို၊ ဥပေက္ခာတရား မထားနိုင်သေးဘူးပဲပြောပြော) ကျွဲမြီးတိုမိတာတော့ အမှန်ပါပဲ။ ဒီလောက်တောင် ဆရာဝန်လူတန်းစားကိုပဲ ဒီတိုင်းပြည်မှာ လက်ညှိုးထိုးချင်နေကြရင်လည်း တစ်တိုင်းပြည်လုံးက ကျွန်တော်တို့ ဆရာဝန်တွေအားလုံး တပြိုင်နက်ထဲ အလုပ်ထွက်လိုက်ကြရင် မကောင်းဘူးလား။ မကျေနပ်ရင် (သူ့ဆောင်းပါးထဲကလို) အချိန်တစ်နာရီပေးပြီး ဒေါ်လာတစ်သောင်းတောင်းတဲ့ နိုင်ငံခြားက ဆရာဝန်တွေနဲ့ သွားကုကြ။ ဆွေမျိုးတစ်စု ကောင်းစားရေးအတွက် တိုင်းပြည်ဆင်းရဲတွင်းနက်၊ တွင်းဆုံးကျအောင် လုပ်ခဲ့၊ လုပ်နေကြတဲ့ အခွင့်ထူးခံလူတန်းစား အစစ်တွေကိုကျတော့ ဘာမှ မပြောရဲကြပါလား။ အံ့ဖွယ့် တို့တိုင်းပြည်။ သြချစရာ့ တို့လူမျိုး။ ။



 Aung Khine






 

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်