Pages

Tuesday, 19 March 2013

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၁)



အသတ်ခံရမည့် စစ်ဆင်ရေးမှူးချုပ်နှင့် ဗိုလ်ကြီးခြောက်ယောက်

သတင်းကြားလျှင် ကြားရခြင်း သုံးလေးရက်မျှ နေ့စဉ် ဆက်တက်နေသောအဖျားကြောင့် အိမ်၌ နားဦးမည်ဟု စိတ်ကူးထားသည်ကို ဖျက်လိုက်၏။အသစ်စက်စက် ရောက်ရှိလာသော ရုပ်ရှင်အသံဖမ်းစက်ကြီးတွင် ဇောကပ်နေသည်တို့လည်း ပျောက်သွား၏။

နံနက် ၂-နာရီလောက်မှ အဖျားတက်ရင် ရုပ်ရှင်ခြံထဲက ပြန်လာသောကြောင့်အိမ်ရှင်မက သည်သတင်းကို ယခု နံနက်မှပြော၏။ ဒါကိုပင် မကြေမနပ် ဖြစ်ရသေးသည်။ ချက်ခြင်းဆိုသလိုပင် ကိုအောင်ကြီး (ဗိုလ်မှူးချုပ်အောင်ကြီး)ရှိရာသို့ လိုက်သွား၏။

လက်နက်ကိုင် ကရင်အမျိုးသားတို့လက်ထဲ၌ ဖမ်းထားခြင်း ခံရသော ကိုမောင်မောင်(မြန်မာပြည်မြောက် ပိုင်း   စစ်ဆင်ရေးမှူးချုပ်၊ ဒု-ဗိုလ်မှူးကြီး မောင်မောင်)နှင့် အခြား ဗိုလ်ကြီးခြောက်ယောက်တို့ကို မည်သည့်နေ့ရက်တွင် သေဒဏ်အပြစ်ပေးမည်ဟု လက်နက်ကိုင် ကရင်အမျိုးသားတို့က အတိအလင်း ကျေညာလိုက်သော သတင်းဖြစ်၏။


ကိုမောင်မောင်နှင့် ဂျပန်မ၀င်မီ အင်္ဂလိပ်ခေတ်ကတည်းက မြင်ဘူးကြရ၏။ ရင်းနှီးမှု မရှိကြရသေး။
ပျင်းရိခြောက်သွေ့ဘွယ်ကောင်းသည့် ညနေတခုတွင်၊ ဆရာထွန်းရွှေ (နဂါးနီဂျာနယ် စာတည်းချုပ်) သည် ယခု စာရေးသူအား ရေကျော်ဘက်ရှိ အိမ်တအိမ်သို့ ခေါ်သွား၏။ ထိုအိမ်တွင် သခင်ဗဟိန်း (ကျောင်းသားခေါင်းဆောင်)နှင့်အတူ စာရေးသူတို့အလျင် ရောက်နေနှင့်ကြသည့် ယခုမှ မြင်ဘူးကြ ရသောမျက်နှာစိမ်း လူရှစ်ယောက် တို့ကို တွေ့ရ၏။

မျက်နှာစိမ်းတို့သည် ယခုမှ တွေ့ကြရသူ အချင်းချင်း ရင်းနှီးသော မျက်လုံးတို့ဖြင့် ခပ်ပြုံးပြုံးကြည့် မိကြသော် လည်း တယောက်နှင့်တယောက် မိတ်မဖွဲ့ကြ၊နှုတ်မဆက်ကြ၊ နာမည်ကိုလည်း မခေါ်ကြ။

ခေတ္တကြာသောအခါ ကားတစီး အိမ်ခန်းရှေ့သို့ ရပ်လာပြီးလျှင် သခင်ဗဟိန်းပါသွား၏။ ည ၇- နာရီခွဲခန့် ရှိသောအခါ ထိုကားပြန်ဆိုက်လာ၍ ကားပေါ်မှပိန်ပိန်ရှည်ရှည် လူငယ်တယောက် ဆင်းလာသည်။ ကုတ္အက်ႌ အေတာ္ဖါးဖါးကို ၀တ္ထား၏။ မွန်ရည် ယဉ်ကျေးသော အမူအရာရှိ၏။ မျက်နှာတည်တန့်
ရင့်ကျက်၏။ နူးညံ့သိမ်မွေ့သော အသံနှင့် တိုးတိုးသက်သာ စကားပြော၏။ နှစ်လိုဘွယ်သော အပြုံးကို လည်း ပြုတတ်၏။ ထိုသူသည် သူ မသိသော လူတစုကိုကြည့်ကာ “စောင့်နေရတာ တော်တော်ကြာကြပြီ ထင်တယ် …” ဟုပြော၏။

ထို့နောက် စာရေးသူတို့ အားလုံးအား ရိုင်ဖယ်သေနတ်ကို မည်သို့ပစ်ရသည်၊မည်သို့ဖြုတ်ရ တက်ရသည် ၊ အစိတ်အပိုင်းပေါင်း မည်မျှပါသည်ဟု စိတ်ရှည်လက်ရှည် သင်ပေးနေ၏။ ည ၁၀- နာရီခန့်တွင် အိမ်ရှေ့သို့ ကားပြန်ရောက်လာမှ သူမသိသော လူအားလုံးကို ပြုံး၍နှုတ်ဆက်ခါ ပြန်သွား၏။

နောက်မှ သိရသည်ကား ထိုသူသည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွင်နောက်ကွယ်က တာဝန်ယူရ သူဖြစ်လျက် တက္ကသိုလ် အပျော်တမ်း စစ်တပ်တွင်လည်း ပါဝင်ထမ်းဆောင်နေသူ တဦးဖြစ်သည်ဟု ဆို၏။

မြောင်းမြထောင်ရှိ နိုင်ငံရေးသမားအားလုံးတို့ကို ရွှေဘိုထောင်သို့ ရွေ့ပြောင်းပစ်ရမည်ဟု အင်္ဂလိပ်အစိုးရ တို့က စီစဉ်မှု တခုပြု၏။ ထိုအစီအစဉ်အရ မြောင်းမြထောင်တွင်းရှိ နိုင်ငံရေးသမားအားလုံး ရန်ကုန် သို့ ရောက်ရှိလာကြ၏။ ထိုအချိန်၌ ရန်ကုန်မြို့မှ အစိုးရသည် အထက်ပိုင်းသို့ ရွေ့ပြောင်းနေ ကြသော နေရာနှင့်တိုက်ဆိုက်နေ၏။

ဤတွင် ဆရာချစ် (ယခုကွန်မြူနစ်ပါတီတောခို)က၊ စာရေးသူတို့ကို လာရောက်တွေ့ဆုံ၍ “ဖြစ်သည့် နည်းနှင့် ထွက်ပြေးပြီးလျှင် မြစ်ဝကျွန်းပေါ်တာဝန်ခံ၊ ဗိုလ်အောင်နှင့် သွားတွေ့ပါ၊ သတင်းနှင့် အမိန့်ကို လည်း သွားပို့ပေးပါ” ဟုပြော၏။

စာရေးသူတို့က အစောင့် စစ်ပုလိပ်တွေ၏ ကြားမှ ထွက်ပြေးကြပြီးလျှင် ဗိုလ်မှူးနေ၀င်း (ယခုဗိုလ်ချုပ်ကြီး )နှင့် သင်္ကန်းကျွန်းတွင် သွားရောက် တွေ့ဆုံကြရ၏။ထို့နောက် စာရွက်စာတမ်းများ အမိန့်စာများကို ယူလာကြပြီးလျှင် မြောင်းမြခရိုင်ဝါးခယ်မ နောက်ဖေးရှိ ကျုံလမု ချောင်းကလေးဆီသို့ ရန်ကုန်မှနေ၍ သုံးရက်နှင့်အရောက် ခြေလျင်ခရီး သွားကြရ၏။


ရေးသူ- ရန်ကုန်ဘဆွေ
  ဆက်လက်ဖော်ပြပါမည်

(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိတော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်