သြစတြေးလျဓနသဟာယနိုင်ငံဝန်ကြီးချုပ်က ပြောကြားရာတွင် -
----------------------------------------------------------------------
- သမ္မတကြီး၏ အလည်အပတ် ခရီးစဉ်သည် ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အရပ်သား အစိုးရပေါ်ထွန်းခဲ့ပြီးနောက်ဆောင်ရွက်ခဲ့သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထင်ဟပ်ပေါ်လွင်စေ ပါကြောင်း။
- အဆိုပါ လုပ်ငန်းစဉ်များကြောင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် ပြည်သူများ ချမ်းသာ ကြွယ်ဝလာစေရန် အဆွေတော်အနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများကို တံခါးဖွင့်ပေးနိုင်ခဲ့ပြီး အနာဂတ်တွင် ဒေသတွင်း၌ မြန်မာနိုင်ငံအား နေရာမှန်သို့ ရောက်ရှိစေရန်လည်း တွန်းပို့ပေးနိုင်ခဲ့ပါကြောင်း။
- မြန်မာနိုင်ငံ၏ ကြီးမားသော အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ခက်ခဲသော စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ကြိုးစားအားထုတ်မှုနှင့်အတူ ကြံ့ကြံ့ခံနိုင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။
- မြန်မာနိုင်ငံအတွက် သြစတြေးလျနိုင်ငံသည် လက်ကမ်းကြိုဆိုနေသော မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အရပ်သားအစိုးရ ခိုင်မာစွာပေါ်ထွန်းလာရေး၊ မြန်မာနိုင်ငံသားများ၏ အခွင့်အရေးများကို စောင့်ရှောက်ပေးရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးစုများအကြား ငြိမ်းချမ်းရေးကို မြှင့်တင်ပေးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား မပြန့်ပွားရေး သတ်မှတ်ချက်များကို လေးစားလိုက်နာနိုင်ရေးတို့အတွက် အားပေးကူညီသွားမည် ဖြစ်ပါကြောင်း။
- မိမိတို့အနေဖြင့် ချစ်ကြည်ရင်းနှီးမှုကို နှုတ်ဖြင့်သာမက လက်တွေ့ကျသည့် တူညီပံ့ပိုးမှုများဖြင့်လည်း ကမ်းလှမ်းခဲ့ပါကြောင်း၊ သြစတြေးလျစီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်နိုင်ရေးအတွက် မိမိတို့၏ သြစတြေးလျကုန်သွယ်မှု ဌာနကိုလည်း ဖွင့်လှစ် ထားရှိပြီးဖြစ်ပါကြောင်း လာမည့် ရက်အနည်းငယ်အတွင်း ကုန်သွယ်ရေးရုံး အကြီးအကဲကိုခန့်အပ်သွားမည် ဖြစ်ပါကြောင်း။
- ဇန်နဝါရီလအတွင်း အနောက်နိုင်ငံများအနက် ပထမဆုံးသော နိုင်ငံအဖြစ် မြန်မာနိုင်ငံနှင့် ဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီချက်ကို မိမိတို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ သဘောတူညီချက်ကြောင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် သြစတြေးလျနိုင်ငံ၏ အထောက် အပံ့များ ဒေါ်လာသန်း ၁ဝဝ အထိမြင့်တက်လာစေမည်ဖြစ်ပြီးမြန်မာနိုင်ငံသားများ၏ လူနေမှု ဘဝများကို တိုးတက်လာစေမည် ဖြစ်ပါကြောင်း။
- ဥပမာအနေဖြင့် လလေးငယ် ၃၄၀၀၀ အတွက် ကျောင်းနေနိုင်ခွင့်၊ ကျောင်းဆရာ ဆရာမ ၉၅ဝဝ အား လေ့ကျင့် သင်ကြားပေးခြင်းနှင့် မူလတန်းကျောင်းသား ပေါင်း ၆၂ဝဝဝဝ အတွက် လိုအပ်သည့် ကျောင်း အသုံးအဆောင်များ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း။
- မိမိတို့၏အရေးကြီးသော ထောက်ပံ့မှု အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြန်မာ-သြစတြေးလျ ပြုပြင်ပြောင်းလဲရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို မိမိတို့အနေဖြင့် ဝမ်းမြောက်စွာ ယနေ့အသိပေးကြေညာ လိုပါကြောင်း၊ အဆိုပါ အစီအစဉ်တွင် ဒေါ်လာသန်း ၂ဝထောက်ပံ့ရန် ကတိကဝတ်ပြုထားပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ လေ့ကျင့် သင်ကြားမှုများ၊ စီးပွားရေး အုပ်ချုပ်မှုစနစ် ကောင်းမွန်စေရေးနှင့် တရားဥပဒေ စိုးမိုးမှုကောင်းမွန်စေရေးတို့အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
- ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ကန့်သတ်ချက်များကို ဖြေလျှော့သွားရန် ကာကွယ်ရေးဝန်ကြီးနှင့် မိမိတို့ သဘောတူခဲ့ကြကြောင်းကို ယနေ့အသိပေးပြောကြား လိုပါကြောင်း၊ သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံ၌ ရုံးစိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ စစ်သံမှူး ခန့်အပ်သွားရန်နှင့် မြန်မာ့ တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့် ပြုလုပ်သွားရန် ဆုံးဖြတ်ထားပါကြောင်း ကာကွယ်ရေးနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများတွင် ကန့်သတ်မှုများဖြေလျှော့သွားမည် ဖြစ်ပါကြောင်း။
- ထိုသို့လုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အစီအစဉ်များ လူသားချင်းစာနာ ထောက်ထားသည့် အတူအညီများနှင့် သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းများအပြင် ဒုတိယလမ်းကြောင်း လှုပ်ရှားမှုများနှင့် နိုင်ငံတကာ မျက်နှာစာများတွင် မြန်မာ့တပ်မတော် အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ခွင့်များ ရရှိလာမည် ဖြစ်ပါကြောင်း၊ ယနေ့တွင် မိမိတို့အနေဖြင့် ပထမဦးဆုံးနှင့် အရေးကြီးဆုံးသော အဆင့်ကို စတင်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထိုနောက် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြန်လည်ပြောကြားရာတွင်-
----------------------------------------------------------------------------
- သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံသည် မိတ်ဖက်နိုင်ငံများ အနေဖြင့် ကာလရှည်ကြာ တည်ရှိလာခဲ့ပြီး သြစတြေးလျ ပြည်သူပြည်သားများနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများသည် မိတ်ဆွေရင်းများ အနေဖြင့် ဆက်ဆံလာခဲ့ပါကြောင်း။
- မြန်မာနိုင်ငံသည်လည်း သြစတြေးလျနိုင်ငံကဲ့သို့ ငြိမ်းချမ်းမှုရှိစွာဖြင့် ဒီမိုကရေစီ ထွန်းကားပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရန် မိမိအနေဖြင့် စိတ်ရင်းစေတနာမှန်ဖြင့် ယုံကြည်မျှော်လင့်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သြစတြေးလျနိုင်ငံ၏ နမူနာကိုယူပြီး လေ့လာစရာများ ရှိနေပါကြောင်း၊ သြစတြေးလျနိုင်ငံကလည်း မိမိတို့နိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းအတွက် လိုအပ်သည်များ ကူညီထောက်ပြပေးစရာများကို ကူညီပေးနိုင်မည်၊ အတွေ့အကြုံ များကိုလည်း ဖလှယ်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည် မျှော်လင့်ပါကြောင်း၊
- ယနေ့ အချိန်အခါသည် သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား မိတ်ဖက်ဖြစ်မှု၊ ရင်းနှီးချစ်ကြည်မှုများအတွက် စာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့သည့်အချိန်ဟု ဆိုရမည် ဖြစ်ပါကြောင်း။
- သြစတြေးလျပြည်သူများနှင့် သြစတြေးလျအစိုးရတို့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်ခဲ့မှုများကို မိမိတို့အနေဖြင့် သိရှိနားလည်ပါကြောင်း၊ မိမိအနေဖြင့် ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲမှုများအကြောင်း သာမက မိမိနိုင်ငံ၏ ငြိမ်းချမ်းပြီးသာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံသို့ အသွင်ကူးပြောင်းသည့် ခရီးစဉ်ချောမွေ့နိုင်ရန်အတွက် အဆွေတော် တို့၏ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်းကိုပြောကြားလိုပါကြောင်း၊
- မိမိတို့ရင်ဆိုင် နေရသည့် ပြုပြင်ပြောင်းလဲမှုများသည် ယနေ့ကမ္ဘာကြီးတွင် မကြုံဖူးသေးသည့် သုံးပွင့်ဆိုင် အပြိုင်ပြုပြင် ပြောင်းလဲမှုများဟု ဆိုချင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသည်နှင့် တစ်ပြိုင်နက်တည်းတွင် နှစ်ပေါင်း ခြောက်ဆယ်ကြာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိစေရန် ဗဟိုချုပ်ကိုင်မှုများနှင့် အထီးကျန် ခေတ်နောက်ကျခဲ့မှု စီးပွားရေးစနစ်မှ ပြည်သူများ အားလုံးကို ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်သည့် ခေတ်မီစီးပွားရေးစနစ် တစ်ခုဖြစ်ပေါ်လာစေရန် အလွန်အရေးကြီးသည့် လုပ်ငန်းသုံးခုကို အပြိုင်ကြိုးပမ်း နေရပါကြောင်း၊
- တစ်ခေတ် တစ်ခါကအာရှတွင် အလှဆုံးဖြစ်ခဲ့သည့် ရန်ကုန်မြို့တော်ကြီးကို ယခုအခါ မြို့ပြအင်္ဂါရပ်နှင့်အညီ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပြစီမံကိန်းရေးဆွဲခြင်းများကို ပြုလုပ်နေပါကြောင်း၊ ရန်ကုန်မြို့ပြပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အသစ်ဖွဲ့စည်းလိုက်သည့် Yangon Heritage Trust ကိုလည်း သြစတြေးလျနိုင်ငံမှ ကူညီထောက် ပံ့မှုများပေးသည့် အတွက် အလွန်ပင်ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း၊ သြစတြေးလျနိုင်ငံသို့ လာရောက်သည့် ခရီးစဉ် အတွင်းမှာလည်း ကင်ဘာရာမြို့နှင့် ဆစ်ဒနီမြို့တို့၏ မြို့ပြအလှများမှ မိမိတို့၏ မြို့တော်များကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် များစွာအထောက်အပံ့ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊
- မိမိတို့ အနေဖြင့် သတ္တုကဏ္ဍ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ကောင်းမွန်မှန်ကန်စွာ ဆောင်ရွက်လိုပါကြောင်း၊ ဤကဏ္ဍကိုလည်း စီးပွားရေးဖွံဖြိုးတိုးတက်မှု ဖော်ဆောင်သည့် ယန္တရားတစ်ရပ်ဖြစ်စေရန် အဆွေတော်တို့၏ ထောက်ခံကူညီမှု၊ အသိပညာနှင့် လေ့ကျင့်ပေးမှုများ ရယူသွားမှာ ဖြစ်ပါကြောင်း၊
- မိမိအနေဖြင့် သြစတြေးလျ နိုင်ငံ၏ မြန်မာနိုင်ငံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် သက်မွေးဝမ်းကျောင်းမှု ကဏ္ဍများတွင် တိုက်ရိုက်ကူညီမှုအတွက် အထူးကျေးဇူးတင် ရှိပါကြောင်း။
- မိမိ၏ နိုင်ငံတကာနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းရာတွင်လည်း သြစတြေးလျ၏ အကူအညီကို ရယူလိုပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် နိုင်ငံတစ်ခုတည်းကို ဦးတည်ချမှတ်သော Resolution သည် မြန်မာနိုင်ငံအတွက် မလိုအပ်တော့ပါဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ၂ဝ၁၃ ခုနှစ် အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံတစ်ခုတည်း ဦးတည်ချမှတ်သည့် Resolution မရှိသင့်တော့ပါကြောင်းကို ဝိုင်းဝန်းကူညီ ပြောကြားပေးစေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။
Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/03/19/id-2916
Hmuu Zaw
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်