Pages

Sunday 10 March 2013

စာပေ ဖတ်ရှုမှု လျော့ကျလာနေဟု ဆရာ ချစ်ဦးညို သုံးသပ်

မြန်မာ တစ်ပြည်လုံးတွင် စာပေ ဖတ်ရှုမှု စွမ်းရည် စွမ်းအားများ လျော့ ကျနေပြီး သီချင်း ဆိုခြင်း၊ ကခြင်း၊ တီးမှုတ်ခြင်းများ ပါဝင်နေသည့် ဖျော် ဖြေမှု (အင်တာတိန်းမန့်) ပါဖောမန့် ပါသည့် အရာများကို ပိုမို အာရုံစိုက် ခုံမင် လာနေကြသည်ဟု စာရေးဆရာ ချစ်ဦးညိုက သုံးသပ် ပြောပြသည်။
”ဖဿရသ၊ သင်္ခါရ ရသ စသည်အားဖြင့် အပျော်နဲ့ ကြည်နူးရတဲ့ အင်တာ တိန်းမန့်ဘက်မှာ ပိုပြီးတော့ အာရုံစိုက် လာကြတယ်။ စာဖတ်၊ စာရေး ဆိုတဲ့ ရသက ကိုယ်တိုင် ထုတ်လုပ်ရတာ။ ဒီအပေါ်မှာ အင်တာတိန်းမန့် ဘာမှ မရှိဘူး။ အဲဒီ အပေါ်မှာ အာရုံ လျော့တာ။ တစ်ပြည်လုံး အတိုင်း အတာအနေနဲ့ကို စာဖတ်အား အင်မတန် လျော့နေပါတယ်၊ နည်းနေပါ တယ်။


စာကြည့်တိုက်ပေါင်း ငါးသောင်း ငါး ထောင်ကျော် ရှိပါတယ်။ ဒါပေမဲ့ တကယ် အသက်ဝင်နေတဲ့ စာကြည့်တိုက်ပေါင်းက တစ်သောင်း ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ဒါဟာ စာကြည့်တိုက် ဖောင်ဒေးရှင်းက တာဝန် ရှိသူတွေ ကိုယ်တိုင်က ပြောတာပါ။ စာဖတ် အားနည်းခြင်း၊ စာပေမှာ စိတ်ဝင်စားမှု နည်းနေခြင်းက သိပ်မကောင်းဘူး။ အရည်အချင်းတွေ ပြည့်လာဖို့ စာဖတ်ရမယ်” ဟု ဆရာ ချစ်ဦးညိုကရှင်းပြသည်။

မြန်မာ နိုင်ငံတွင် နယ်ပယ် အသီးသီးများရှိ တကယ် ထူးချွန် ထက်မြက်နေသည့် ပုဂ္ဂိုလ်တိုင်းသည် စာကို အပတ်တကုတ် ဖတ်ရှု လေ့လာခဲ့သူ များဖြစ်ကြောင်း ဆရာ ချစ်ဦးညိုက သုံးသပ် ပြောသည်။

“စာဖတ်တဲ့ သူတွေဟာ ဂျာနယ် နဲ့ မဂ္ဂဇင်းပေါ့။ ဂျာနယ် လေးငါးစောင်နဲ့ မဂ္ဂဇင်း သုံးလေးအုပ်လောက် ဖတ်ပြီးတော့ ဒါကို စာဖတ်တာလို့ မခေါ်ဘူး။ သိချင်လို့ စာကြည့်တယ် ဆိုတာပဲ ရှိတယ်။ စာဖတ်တယ် ဆိုတာက ဘာသာရပ် တစ်ခုကို ပိုင်းခြားပြီး တော့ ဘာဝါသနာပါလဲ၊ အဲဒီ ဝါသနာပါတာ၊ ဆန္ဒရှိတာကို ပိုင်းခြား ပြီးတော့ စာအုပ် အနေနဲ့ ဖတ်မှ စာဖတ်တာလို့ ခေါ်တာ။ အဲဒီတော့ စာကြည့်တိုက် တွေကိုလည်း ပုံစံ ပြောင်းသင့်တယ်။ ဒါထက် ပိုပြီးတော့ ပြည်သူတွေနဲ့ ထိတွေ့အောင်၊ နောက်တစ်ခုက ဒီနေ့တော့ ပြည်သူ အားလုံးက စာဖတ်လာကြပါပြီ။

သို့ပေမယ့် ဂျာနယ် ဖတ်ရုံ၊ မဂ္ဂဇင်း လှန်ရုံနဲ့ စာဖတ်သူ တစ်ယောက်လို့ မခေါ်နိုင်ပါဘူး။ အားလုံး လိုလို ဖတ်နေ ကြတာပါ။ နောက်တစ်ခါ ထုတ် ဝေသူတွေ အပိုင်းကလည်း စာဖတ်သူတွေ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းနဲ့ စာအုပ်တွေ ထုတ်ပြီး ရောင်းချ၊ ဖြန့်ချိဖို့လို တယ်။ ပျံ့နှံ့ဖို့ လိုတယ်။ အခုဟာက စာအုပ်လောကမှာ ရေးတာက ရေးကြတယ်။ စာအုပ်တွေ ထွက် တာလည်း ထွက်တယ်။ သို့သော် ဖြန့် ချိရေး စနစ်က အတော်ကို ဒုက္ခပေး တယ်။ နည်းလမ်း ရှာနေပေမယ့် အခုထိ နည်းလမ်းကောင်းတွေ မတွေ့သေးဘူး။ အဲဒါကြောင့် စာအုပ်ဈေး ပွဲတော်တွေ လုပ်တယ်။

 လျှော့ဈေး ၃ဝ၊ ၄ဝ ရာခိုင်နှုန်းတွေ လုပ်တယ်။ ရောင်းတယ်ဆိုတာ များများ ပျံ့နှံ့ စေချင်လို့။ အခုတော့ အရှိန်ရ စပြုလာ ပြီလို့ ပြောမယ်။ နောက်တစ်ခု ဒီ ယန္တရားကြီး အဆင်ပြေ ချောမွေ့သွားဖို့ အတွက် အစိုးရပေါ့။ သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ ပါဝင် လုပ်ကိုင်နေ တဲ့ ပုဂ္ဂိုလ်များက ဒါကို သူတို့ ကိုယ်တိုင် ပါဝင်ပြီးတော့ လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်” ဟု ဆရာချစ်ဦးညိုက ရှင်းပြသည်။

ထက်လူလူ

4 comments:

  1. စာဖတ်သူများ လက်လှမ်းမီနိုင်တဲ့ဈေးနူန်း နဲ့စာအုပ်များကိုထုတ်ဝေသင့်ပါတယ်

    ReplyDelete
  2. စာဖတ်သူနည်းမှာပေါ့ ခင်ဗျားတို့ စာရေးဆရာနဲ့ ထုတ်ဝေသူတွေက စီးပွားဖြစ်
    လုပ်နေကြတာကိုး စာဖတ်သူများစေချင်ရင် အများဝယ်ဖတ်နိုင်မယ့် ဈေးနှုန်း
    နဲ့ရောင်းမှပေါ့ ခုတော့ဗျာ ဖတ်လို့ကောင်းမယ့်/ပညာရမယ့်/ဗဟုသုတ ရမယ့်
    စာအုပ်တွေက ဈေးတွေခေါင်ခိုက်နေလိုက်တာ ဈေးအပေါဆုံးဆိုတဲ့ စာအုပ်
    တောင် ကျပ်၊၅၀၀၀/- အထက်မှာ ရှိတယ် ဘယ်သူဝယ်ဖတ် နိုင်မှာလည်း
    သူများကို လျှောက်မပြောနဲ့ ကိုယ့်အတ္တကိုယ် ပြန်ကြည့်ကြ

    ReplyDelete
  3. Google Account မှာ ဆရာ့ရဲ့ စာအုပ်တွေ
    တင်ထားပေးစေချင်တယ်
    စာအုပ်ဝယ်စရာမလိုဘဲ အလွယ်တစ်ကူ down နိုင်တာပေါ့ဗျာ

    များများတင်ပေးပါဆရာ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်