ရရှိသည့်နှစ် ၁၉၅၀ ခုနှစ်
ကြည်း ၃၅၇၀ ဗိုလ်ကြီးလှမော်၊ အမှတ် (၅) ဗမာ့သေနတ်ကိုင်တပ်ရင်း(၁၉၄၈ ခုနှစ် စက်တင်ဘာလ အတွင်း ရခိုင်ပြည်နယ် အတွင်း မောင်းတော ဘူသီးတောင် တို့တွင် မူဂျာဟစ်တို့ နှင့်ဖြစ်ပွားသောတိုက်ပွဲများ အတွက်)
(ယခု-အငြိမ်းစား ဗိုလ်မှူးကြီး)
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း
၁၉၄၈ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးလှမော်သည် ရခိုင်ပြည်၊ မောင်းတော နယ်မြေတနေရာရှိ တပ်မတော် ကင်းစခန်း တခုကို ၀ိုင်းရံထားသည့် မူဂျာဟစ် သောင်းကျန်းသူများ ကို ဖြိုခွင်းတိုက်ခိုက်ရန် တပ်ရင်းမှူး၏ တာဝန်ပေးခြင်းခံခဲ့ရသည်။ ဗိုလ်ကြီးလှမော်သည် သူ၏တပ်ခွဲနှင့် အတူ မောင်းတော သို့ချီ တက် ရန်အတွက် ရှေးဦးစွာ မောင်းတောအနီးရှိ နပ်(ဖ်)မြစ်ကို ရေတပ် အကူအညီဖြင့် ဖြတ်ကျော်ခဲ့ရသည်။ နပ်(ဖ်)မြစ် အား ပိတ်ဆို့ထားသော အင်အားကြီးမားသည့် မူဂျာဟစ် များကိုလည်း ဖယ်ရှားတိုက်ခိုက်ခဲ့ရသေးသည်။
ထိုနောက် မောင်းတောနယ်မြေသို့ ဆက်လက်ချီတက်ပြီးလျှင် အ၀ိုင်းခံနေရသော တပ်မတော် ကင်းစခန်းကို ကယ်တင်ရန်အတွက် ရန်သူတပ်များကို အပြင်းအထန် လိုက်လံနှိမ်နင်းခဲ့သည်။ ထိုသို့နှိမ်နင်းခဲ့သဖြင့် တပ်မတော် ကင်း စခန်းမှာ ရန်သူ့လက်မှလွတ်ကင်းခဲ့ရသည်။
ထိုကဲ့သို့ မောင်းတောမှ တပ်မတော်ကင်းစခန်းကို အောင်မြင်စွာ ကယ်တင် ပြီး၍ ၂၂-၉-၄၈ ရက်နေ့တွင် ဘူးသီးတောင်ကို မူဂျာဟစ်များလက်မှ သိမ်းပိုက်ရန် အမိန့်ရောက်လာခဲ့ပြန် သည်။ ဘူးသီးတောင်ရှိ တပ်မတော်တပ်စခန်းကို မူဂျာဟစ်များက အလုံးအရင်းဖြင့် တိုက်ခိုက် လျှက်ရှိသည်။ မောင်းတော-ဘူးသီးတောင် လမ်းတလျှောက်လုံးတွင်လည်း ရန်သူများက အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ထားသဖြင့် ဘူးသီးတောင် သို့ စစ်ကူတပ်များသွားရန် အလွန်ခဲယဉ်းနေပေသည်။
ဗိုလ်ကြီးလှမော်သည် သူ၏တပ်ခွဲနှင့်အတူ ရန်သူ့တပ်စခန်းအဆင့်ဆင့်ကို ကျော်လွန်၍ ဘူးသီးတောင် အရောက် သွားရမည့် တာဝန်ကျသည့်အတိုင်း မိမိတပ်ခွဲကို ဦးဆောင် ၍၊ မောင်းတောမှ ဘူးသီးတောင်သို့ ရှေ့ရှုကာ ရဲဝံ့စွာချီတက် ခဲ့သည်။
လမ်းခရီးတလျှောက်တွင် သူ၏တပ်ခွဲကို မူဂျာဟစ်များက အလုံးအရင်းနှင့် ၀ိုင်းရံထားခြင်းကို အကြိမ်ကြိမ်ခံခဲ့ရ သည်။ သို့သော်လည်း ဗိုလ်ကြီးလှမော်၏ ရဲစွမ်းသတ္တိ နှင့် မှန်ကန်သောခေါင်းဆောင်မှုတို့ကြောင့် ရန်သူတပ်များကို အောင်မြင်စွာ တွန်းလှန် တိုက်ခိုက်နိုင်ခဲ့သည်။ ထိုကဲ့သို့ ရန်သူအထပ်ထပ်ကို ခက်ခဲစွာတိုက်ခိုက် ထိုးဖောက်ရင်းနှင့်ပင် ထိုနေ့ညနေ၌ ဘူးသီးတောင်သို့ ရောက်ရှိလာပြီး တပ်မတော်တပ်စခန်းကို ရန်သူ့လက်တွင်းမှ ဒုတိယအကြိမ် အောင်မြင် စွာ ကယ်တင်နိုင်ခဲ့ပြန်သည်။
ဗိုလ်ကြီးလှမော်သည် တပ်ခွဲနှင့်အတူ ဘူးသီးတောင်၌ အနားယူစခန်းချနေစဉ်တွင် ရန်သူ မူဂျာဟစ်များ၏ ရုတ်တ ရက် ၀ိုင်းရံခြင်းကိုခံလိုက်ရပြန်သည်။ တနေကုန်တနေခမ်း ခုခံ တိုက်ခိုက်နေရသည့်အတွက် ခဲယမ်းမီးကျောက် အင်အား များလည်း ကုန်ခမ်းလုနီးပါးဖြစ် လာတော့သဖြင့် ဗိုလ်ကြီးလှမော်သည် ကြိုတင်ပြင်ဆင်မှုတစ်ရပ် ပြုလုပ်ရပြန်သည်။ အဆိုပါ ကြိုတင်ပြင်ဆင်မှုမှာ မိမိ၏တပ်ခွဲကို ဘူးသီးတောင် တောင်ဖက်ပိုင်းမှနေ၍ သိမ်တောင် ကို ဖြတ်ကျော်ပြီး စစ်တွေ သို့ ထွက်ပေါက်ယူရန်ပင် ဖြစ်သည်။ သိမ်တောင်တွင် ရန်သူများ အခိုင်အမာတပ်စွဲထားသဖြင့် ခက်ခဲစွာသွားရမည်ကို သိရှိ ထားသော်လည်း တစ်ခုတည်းသော ထွက်ပေါက်အဖြစ် သဘောထားကာ ချီတက်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် မူဂျာဟစ်များသည် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ဗိုလ်ကြီးလှမော်သည် မိမိရဲဘော်များ အထိအခိုက်များလာသည်ကို တွေ့ရှိသောအခါ တွင် မခံမရပ်နိုင်ဖြစ်ပြီး (ဒဏ်ရာပြင်းထန်စွာ ရထားသည်ကို ဂရုမထားဘဲ) ဒဏ်ရာရသူ ရဲဘော် တစ်ဦးထံမှ ရိုင်ဖယ်သေနတ်ကို ဆွဲယူ၍ လှံစွပ်တပ်ပြီးလျှင် ရန်သူ့ စက်သေနတ်ရှိရာ အချက် အချာနေရာသို့ အရောက်သွားပြီး စက်သေနတ်သမားကို လှံစွပ်ဖြင့်ထိုးသတ်ကာ၊ ရန်သူစခန်း ကို အတင်းတက် သိမ်းပိုက်လိုက်သည်။ ဗိုလ်ကြီးလှမော်၏ ပြောင်မြောက်သော စွန့်စားချက်ကို အခြားရဲဘော်များက အံ့အားသင့်စွာ တွေ့မြင်ကြပြီး သိမ်တောင်ပေါ်ရှိ ရန်သူများကို စိတ်ဓါတ် တက်ကြွစွာဖြင့် ရှင်းလင်းသုတ်သင်၍ ကျော်ဖြတ်လာနိုင်ခဲ့သည်။
ထို့ကြောင့် ဗိုလ်ကြီးလှမော်အား သူ၏ရဲစွမ်းသတ္တိအတွက် နိုင်ငံတော်သမ္မတက ၁၉၅၀ ခုနှစ်တွင် “သီဟသူရ” ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၅) ရက်နေ့ စာ-၅ မှ)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်