Pages

Tuesday 8 April 2014

တစ်ချိန်တုန်းက ဒီမိုကရေစီ



အဲဒီတုန်းကဆို မုံရွာက ကျလု ကျလု နဲ့ပေါ့ . .ညောင်ပင်ကြီးဘက်ကနေ လက်နက်ကြီး တွေနဲ့ လှမ်းလှမ်း ထုတာ။ ငါတို့ကတော့ အလုံက ဆရာတော်ကျောင်းကနေ ကျောင်း နေတာ။ ၅ တန်းရောက်တော့ စစ်ဖြစ်တာနဲ့ ရွာပြန် ထန်းတက်၊ တောင်သူလုပ်။ ဒို့ရွာတွေဘက်က ရဲဘော်ဖြူနယ်။ အလံနီနယ်တော့ မဟုတ်ဘူး။ ယမား(ချောင်း)တောင်ဘက်ရောက်မှ အလံနီ နယ်စတာ။

ဒေါ်အိမ်ကျီးတို့ကတော့ အတွင်းပစ္စည်းလေးတွေ နဲနဲရှိတော့ နေ၀င်ရင် ဆိတ်တွေနဲ့ရောအိပ်ရတာ။ ဒါလဲ မရဘူး လူကိုရွေးဖမ်းသွားတယ်။ ဖိုးအေးကတော့ သူနဲ့ ရည်းစားလုဘက်က ရဲဘော်ထဲမှာ အတော်အ ရာရောက်တဲ့သူဖြစ်တော့ သစ္စာဖောက် စွပ်စွဲပီး ရွာထိပ် ထိမ်ပင်အောက် မှာ အသတ်ခံရတယ်။

စာသင်ကျောင်းလား . .မီးရှို့ခံလိုက်ရတယ်။ ငါတို့က အင်္ဂလိပ်ခေတ်က ၅ တန်းထိ နေခဲ့ရလို့ ABCD တတ်တာ။ ကျန်တဲ့ငါတို့နောက်ပိုင်း မြချစ် တို့လိုကောင်တွေ ဘယ်သူမှ မတတ်တော့ဘူးလေ . နောက်ပိုင်း မှ ကျောင်းတွေက ပြန်ဆောက်ပီး သင်ရတာ။


ဟုတ်ပါတယ် . . .ဒါ ပမညတ တို့ ဖဆပလ တို့ တည်မြဲ တို့ သန့်ရှင်း တို့ ရဲ့ ပါလီမန် ဒီမိုကရေစီ ခေတ်ပါ။ ကျနော်ကတော့ အဲ့ခေတ်ကို ရန်ကုန် ဒီမိုကရေစီ ခေတ် လို့ မြင်မိပါတယ်။ ရန်ကုန်တက္ကသိုလ် ကြီးက ဘာအဆင့်ဆိုလား . . .သို့သော်လည်း ကျနော့်တို့ရွာတွေခမျာတော့ အ . သုံးလုံး လာမှ စာတတ်ကြရှာ တာပါ။

ဒီမိုကရေစီ ဆိုတာလဲ စစ်တပ်လိုပါပဲ။ အသွားနှစ်ဖက်မက ပါတဲ့ ဓား။ အကိုင်မတတ်ရင် ကွဲကွဲလန်အောင်ရှ လိမ့်ပါမယ်။ ဒီအထက်က စကားတွေက ကျနော်ရယ်၊ ကျနော့်အဘရယ် ကျနော့်အဘ ရဲ့ သား . .ကျနော့် ဦးလေးရယ် . အတူတူ ရွာမှာ ဆုံကြတုန်း ပြောဖြစ်ခဲ့ကြတာ။

ကျနော့်ဦးလေးက ၈၈မှာ တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးပီပီ ဒီစစ်တပ်မုန်းတာတစ်ခု ပဲ သူသိတယ်။ သူ ကတော့ ပြောရှာပါတယ်။ . အေးကွာ ကျန်တာတွေက ငါတို့မှ မကြုံရတာ . ဒို့ကတော့ စစ်တပ်ဖိနှိပ်တာပဲ ခံစားခဲ့ရတဲ့ ကောင်တွေကိုး . တဲ့။

ကျနော့် အဘကတော့ အင်အားစုပေါင်းများစွာ စစ်တပ်ပေါင်းများစွာရဲ့ နယ်လု တိုက်ခိုက်ခြင်းကြားမှာ ရုန်းကန်ရှင်သန်လာခဲ့ရသူဆိုတော့ အားလုံးကို နှိုင်းယှဉ်စဉ်းစားပြတယ်။ ကျနော်ကတော့ ၈၈ ကော ဟို . အရင်ခေတ်ကိုပါ ဘာမှ ကောင်းကောင်းမမီလိုက်ပေမယ့် စာအစုံဖတ်ဖြစ်ခဲ့သူ ဆိုတော့ တွေးခေါ်ပုံက ကျနော့်အဘ နဲ့ နဲနဲသွားနီးစပ်နေပါတယ်။

ပြီးတော့ သိပ်မကြာခင်ကပဲ မျက်လုံးခွဲစိတ်ကုသခံထားရတဲ့ ထန်းတက်သမားဟောင်း စစ်ကျန်မျိုးဆက်ဖြစ်တဲ့ ကျနော့်ဘကြီးဟာ သူ့မျက်လုံးလေးတွေရှေ့မှာ လက်ဝါးလေးခပ်မိုးမိုးလုပ်ပီး အဝေးကို လှမ်းကြည့်ဟန်နဲ့ ပြောတယ်။

" နိုင်ငံတစ်နိုင်ငံမှာ စစ်တပ် ဟာ အမြစ် ပဲကွာ
စစ်တပ်မခိုင်ရင် အမြစ်မခိုင်ဘူး
စစ်တပ်မရှိရင် အမြစ်မရှိတဲ့ သစ်ပင်လိုပဲတဲ့။ "

ဒါပေမယ့် တတိယ မျိုးဆက်ဖြစ်တဲ့ ကျနော်ကတော့ အမြစ်ကို သုံးခုရှိမယ်လို့ တွေးမိပါတယ်။
ကျနော်တို့ဟာ ဒီမိုကရေစီ တည်ဆောက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်တပ်အင်အားပိုမိုခိုင်မာတောင့်တင်းရေး ဆိုတဲ့ အခြေခံအုတ်မြစ်သုံးခုကို တပြိုင်နက်တည်း အဟပ်ညီညီ လုပ်ရပါလိမ့်မယ်။
ဒီသုံးခုမှ တစ်ခုမှ ကျန်ခဲ့လို့မရဘူး။ ကျန်ခဲ့ရင် ကျန်ခဲ့တဲ့ တစ်ခုက တက်သွားတဲ့ ၂ ခု ကို ပြန်ဆွဲချပါလိမ့်မယ်။

စစ်တပ်အင်အားပိုမိုခိုင်မာ တောင့်တင်းရေး ဆိုတဲ့ အချက်ကို တစ်ချို့တွေ သဘောတူနိုင်ကြမယ် မထင်ပါဘူး။
ဒါဆိုရင်လဲ သမိုင်းကို ပြန်လေ့လာပါဦးလို့ ပဲ ပြောပါရစေတော့

ကွန်းဇော် အညာမြေ

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်