Pages

Tuesday 15 April 2014

သင်္ကြန်ကို အမဲဖျက်သူများ


MOI Webportal Myanmar၊ ထက်ခေါင်

၂၀၁၄ ခုနှစ် ယဉ်ကျေးမှုမဟာသင်္ကြန်ကား ၁၄ ရက်နေ့တွင် စတင်ကျ ရောက်ခဲ့ပြီးဖြစ်ပါသည်။ အစိုးရ ရုံးတွေ ကလည်း ၁၀ ရက်တောင်ပိတ်ပေးထားသည်မို့ အေးငြိမ်းသည်။ ဘာသာရေးအရိပ်ခိုဝင်၍ရိပ်သာ၊ တရားစခန်း ဝင်ကြ၊ သာသနာ့ဘောင်ဝင်ကြ၊ ကောင်းမှုကုသိုလ်လုပ်ကြနှင့်နှစ်ဟောင်းက အညစ်အကြေးကို သန့်စင်အောင်ဆေးမည်ဟု ရည်မှန်းလုပ်ဆောင်ကြသူ တွေလည်း ရှိသကဲ့သို့ မြူးကြရူးကြသောက် ကြစား ကြဖြင့် ပျော်ကြမော်ကြသူတွေလည်း ရှိပါ၏။

ရဲတပ်ဖွဲ့ဝင်များနှင့်အခြားလုံခြုံရေးဆောင်ရွက်ရသည့် အဖွဲ့အစည်း များအဖို့ကား မဟာနှစ်ကူး သင်္ကြန်ပွဲ တော်ကြီး ဘေးမသီ ရန်မခ လုံခြုံ အေးချမ်းစွာပြီးစီးသွားရေးနှင့်ပြည်သူလူထု၏သွားမှုလာမှု ပျော်မှုပါးမှု သင်္ကြန် ကာလအတွင်း ဒုစရိုက်လုပ်ငန်းများ ဥပဒေချိုးဖောက်မှုများ၊ ပြစ်မှုများမဖြစ် ပွားစေရေး အဘက် ဘက်၌ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးတို့ကို အားသွန်ဆောင်ရွက်ကြရသဖြင့် ပိတ်ရက် အအားဟူ၍မရှိ၊ ၂၄ နာရီ တာဝန်အပြည့်ချလျက် လုံခြုံရေးဆောင်ရွက်နေကြရသည်ကို တွေ့ရသည်။ သို့သော် တရား ဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများမှာ ရဲတပ်ဖွဲ့တစ်ခုတည်း က ဆောင်ရွက်၍ရသည်မ ဟုတ်ပါ။ အားလုံးဝိုင်းပါကြရမည့် ရေရှည်လုပ်ငန်း စဉ်ကြီးဖြစ်ပါ၏။ သင်္ကြန်ကျမှ သင်္ကြန်လုံခြုံရေးထလုပ်၍ မဖြစ်နိုင်ကြောင်းကိုတော့ ပြောလိုပါသေးသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့က သင်္ကြန်မတိုင်မီကာလကတည်းက ယခင်သင်္ကြန် ကာလအတွင်း ဖြစ်ခဲ့ဖူးသော မှုခင်းများကို ပြန်လည်သုံးသပ်လျက် ယခုနှစ် တွင် ပြစ်မှုလျော့နည်းကျဆင်းစေရန် ကြိုတင်အကွက် ချစီမံဆောင်ရွက်ခဲ့သည်။ သင်္ကြန်ကာလတွင် အပျော်ကျူးကြရာ၌ အားလုံးကို စည်းမဲ့ကမ်းမဲ့လုပ်၍ရသည်ဟု ဘယ်သတ္တဝါက စတင်၍ ဘယ်လိုအနက်ဖွင့် စတင် လုပ်ဆောင်ခဲ့သည်မသိ၊ သင်္ကြန်အတွင်း ၌ ယာဉ်ကြောပြောင်းပြန်မောင်းကြသည်။ ဆိုင်ကယ်များ Silencer ဖြုတ်၍ အိတ်ဇောသံ တဘုန်းဘုန်းဖြင့် ပတ်ဝန်းကျင် နားမခံသာအောင် စီးသည်။ ယာဉ်စည်းကမ်းဖောက်ကြသည်။ လူမြင်ကွင်းမှာ မိန်းမပျိုလေးများကပါ အရက်သောက်ကြသည်။ ပျော်ကြပါး ကြရာ၌ သည်းခံစိတ်မရှိ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ကြသည်။ အစအနောက်လွန်ရာမှ လူသတ်မှုအထိဖြစ်ကြသည်။ မိန်းကလေးများကလည်း မောင်နှင့်နှမ မကြည့်ရဲလောက်အောင် လျှပ်ပေါ်လော်လီဝတ်စားဆင်ယင်ပြီး ဟီရိဩတပ္ပ ကင်းစွာ ပျော်ကြသည်။ မူးယစ်ဆေးသုံးစွဲကြသည်။ မူးကြရူးကြသည်။ မတော်တရော်တွေ ဖြစ်ကြသည်။ ဒီကြားထဲ ခါးပိုက်နှိုက်များကလည်း အထူးပွဲတော်ကြီး ကြုံတွေ့ရသည့်နှယ် အုပ်လိုက်သောင်းကျန်းကြသည်။ ဤကား မြန်မာ့သင်္ကြန်၏ အတွင်းသရုပ် အနှစ်ချုပ်ပင်ဖြစ်ပါ၏။

အဆိုပါ နှစ်စဉ်ကြုံတွေ့နေကျ မှုခင်းဖြစ်စဉ်များအပေါ် အခြေခံ၍ကြိုတင်ကာကွယ်တားဆီးမှုလုပ်ခဲ့ရာ ယခုနှစ်တွင် သင်္ကြန်မတိုင်မီကာလ အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ၊ စံချိန်တင်လောက်ဖွယ်ပင်ဖြစ်ခဲ့ပါ၏။ ထူးခြားသည်ကား လိင်စိတ်ကြွဆေးများ၊ တားမြစ် ဆေးဝါးများကိုပါ သတင်းဆက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။ ထိုဆေးဝါးများမှာ သင်္ကြန်ကာလ အတွင်း သင်္ကြန်မဏ္ဍပ်များ၊ ရေကစားသူများအသုံးပြုနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုသိရသည်။ သင်္ကြန်တွင် ပျော်ကြမြူးကြမည့် မိန်းမပျိုများကိုဖျော်ရည်များ၊ အစားအသောက်များထဲ၌ လိင်စိတ်ကြွဆေးများတိုက်မည်၊ ပြီးရင်စော်ကားဖျက်ဆီးကြမည်ဆိုသော အလွန်အောက်တန်းကျသည့် စိတ်ယုတ်မာဖြင့် လုပ်ဆောင်ကြခြင်းဖြစ်ပေသည်။ ထို့အပြင် အချို့သော ရေကစားမဏ္ဍပ်များမှာ ရေကစား ရုံသက်သက် မျှရည်ရွယ်ပုံမပေါ်၊ အဝတ်လဲခန်းလိုလို၊ ဧည့်ခန်းလိုလို၊ အိပ်ခန်းလိုလိုဖြင့် အလုံပိတ်အခန်းများပါ ထည့်သွင်းဆောက်လုပ်ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းလျက် မဏ္ဍပ်များကို လိုက်လံ စစ်ဆေးသတိပေးခြင်းများ ပြုလုပ်ခဲ့ရသည်။ “အမောင်လည်းရောက် ငါ့နွားပျောက်၊ အမောင်နွားခိုး ငါမရိုး” ဆိုသော ဆိုရိုးစကားကိုပင် သံယောင်ပြောရပါတော့မည်။

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်မျှော်စင်ကျွန်းရှိ ဖျော်ဖြေရေးမဏ္ဍပ် တစ်ခု၌ သင်္ကြန်အကြိုနေ့က နာမည်ကြီး ကုမ္ပဏီကြီးတစ်ခုက အမျိုးသမီးငယ် များအား မလုံ့တလုံဝတ်ဆင်စေ၍ ဖျော်ဖြေမှုပြုလုပ်ခဲ့သည်။ ထို့ကြောင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက သွားရောက်တားမြစ် ပိတ်ပင်သတိပေးခဲ့ရသည်။ အဆိုပါ မလုံ့တလုံအမျိုး သမီးများမှာ ထိုကုမ္ပဏီက ထိုင်းနိုင်ငံမှ ငှားလာခဲ့သော ထိုင်းအမျိုးသမီးအက အဖွဲ့ဖြစ်သည်ဟု သိရသည်။ ဘယ်ကပဲဖြစ်ဖြစ်၊ မိမိနိုင်ငံ မိမိလူမျိုး ယဉ်ကျေးမှု၏နှစ်ကူးမင်္ဂလာပွဲသဘင်၌ ဤသို့လုပ် သင့် မသင့်ကို ချင့်ချိန်တတ်ဖို့တော့လိုပါ၏။

အရှည်မျှော်တွေးမှုမရှိသော စိတ်ဓာတ်ဖြင့် ဆောင်ရွက်နေလျှင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးသော နိုင်ငံဖြစ်တော့မည်မှာ သိပ်ကြာတော့မည် မဟုတ်ပါ။ ၁၄-၄-၂၀၁၄ သင်္ကြန်အကျနေ့တွင် ရေကစားမှုနှင့်ဆက်စပ်သော သင်္ကြန်မှုခင်းများမှာ မျက်လုံးပြူးဖွယ်ဖြစ်ပါ၏။ သင်္ကြန်မှုခင်းစာရင်းအရတစ်ပြည်လုံးတွင် လူသတ်မှုတစ်မှု၊ မုဒိမ်းမှုတစ်မှု၊ ယာဉ်မတော်တဆမှု ခြောက်မှု၊ ဝတ္တရားနှောင့်ယှက်မှု တစ်မှု၊ ကာယိနြေ္ဒဖျက်ဆီးမှုတစ်မှု၊ လက်နက်ကိုင်ဆောင်မှု သုံးမှု၊ ခါးပိုက်နှိုက်မှု ၁၄ မှု၊ မူးယစ်ရမ်းကားမှုကိုးမှု၊ နာကျင်စေမှု သုံးမှု၊ သေမှုသေခင်း နှစ်မှုဖြစ်ပွားခဲ့ပြီး အမှုပေါင်း ၄၀၌ သေဆုံးသူ ခြောက်ဦး၊ ဒဏ်ရာရသူ ၁၇ ဦးရှိခဲ့ကြောင်းတွေ့ရသည်။

(ဤအမှုများမှာ သင်္ကြန်ရေကစားခြင်းနှင့်သာ တိုက်ရိုက်ပတ်သက်သော အမှုဖြစ်ပါသည်။ အခြားအကြောင်း ကြောင့်ဖြစ်သော အမှုများထည့်သွင်း တွက်ချက်ထားခြင်း မရှိပါ။ ထို့အပြင် ယစ်မျိုးမှုဖြစ်သော အရက်ပုန်းဖမ်းဆီး မှုများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပါ။) တစ်နှစ်လုံး၏ အညစ်အကြေးကို ကောင်းမှု ကုသိုလ်လုပ်၍ ဆေးကြောကြရမည့် အခါသမယတွင် ဤသို့သင်္ကြန်ကို ပုံဖျက်နေမှုများမှာ မည်သူ့တွင်တာဝန်ရှိပါသနည်း။ လက်ညှိုးထိုးနေ၍ မပြီးပါ။ အားလုံးဝိုင်းဝန်းထိန်းသိမ်း ကြရမည်သာဖြစ်ပါ၏။ သင်္ကြန်ကို အမှီပြုပြီး လူသတ်မှု၊ မုဒိမ်းမှုဖြစ်ရသည်ဆိုခြင်းမှာ အရပ်ရပ်ကြားလို့မှ မသင့်လျော်ပါ။ ပဋ္ဌာန်းတရားတော်ထဲမှ ဥပနိဿယပစ္စည်းတွင်ဖော်ပြထားသော (ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္ဇိ ဥပနိဿယ ကစ္စယေန ပစ္စယော) ရှေ့ရှေ့၌ ကောင်းမှုလုပ်ရာမှ နောက်နောက်တို့တွင်ရံဖန်ရံခါ အကုသိုလ်တို့ဖြစ်လာကြသည်ဆိုသော စာပိုဒ်ကို သတိရဖွယ် ဖြစ်ပါ၏။

ကာလကြာသည်နှင့်အမျှ မူးကြရူးကြ ရိုက်ကြနှက်ကြ သတင်းကလည်း မြန်မာ့ယဉ်ကျေးမှုပွဲလမ်းသဘင်နှင့် အမြဲပူးတွဲရှိနေတတ်သော ထုံးတမ်းပင်ဖြစ်နေလေပြီ။ သင်္ကြန်ရက်အတွင်း နေပြည်တော်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်များကို ရှာဖွေခဲ့ရာ ၁၄-၄-၂၀၁၄ နေ့ တစ်နေ့တည်းမှာပင် ယာဉ်ပေါ်တွင်အသင့် ကြိုတင်ပြင်ဆင်ယူဆောင်လာသော ဝါးရင်းတုတ်များ၊ သံတုတ်များ၊ (၂_၁) လက်မဆိုက် သစ်သားချောင်းများကို အများအပြား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါလက်နက်များဖြင့် သင်္ကြန်မဏ္ဍပ်တွင် ရေကစားကြမည်ဆိုသော ရည်ရွယ်ချက်မှာ အဘယ်မျှ အန္တရာယ်ကြီးပါ သနည်း။ လူသတ်မှုလည်း ဖြစ်သွားနိုင်သည်။ အနည်းဆုံးနာကျင်မှုတော့ဖြစ်မှာ သေချာသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ယူရသည့် အဖွဲ့အစည်း များက ပြစ်မှုများမဖြစ်ပွား စေရန်ကြိုတင်ကာကွယ်သည့်အနေဖြင့် ရှာဖွေခြင်း၊ စစ်ဆေးခြင်းပြုနေကြရသည်ကို ကြည်ဖြူသောအမြင်ဖြင့် ရှုမြင်စေချင်ပါသည်။ အမြင်ကြည်လင်ရုံမျှသာမက မိမိအပါအဝင်တစ်ဦးချင်းမှသည် အစုအဖွဲ့ အားလုံးကလည်း မြန်မာ့ယဉ်ကျေးမှုအတာသင်္ကြန်တွင် ယဉ်ကျေးမှုများ ပျက်ပြုန်းသွားခြင်းမရှိစေရေးအတွက် မိမိနှင့်ဆက်စပ် သောဝန်းကျင်ကိုပါ အသိ ပညာပေးလျက် ဝိုင်းဝန်းလိုက်နာဆောင်ရွက်သင့်ပြီဖြစ်ပါကြောင်း တိုက်တွန်း လိုပါသည်။ “ယဉ်ကျေးမှုသင်္ကြန်ကိုအမဲဖျက်သူများအား ဝိုင်းဝန်းပြုပြင်ကြပါစို့”

သဗ္ဗေသင်္ခါရာ အနိစ္စာ။

1 comment:

  1. { စွတ် ဖဲ့ }16 April 2014 at 21:20




    အပေါ်က...အဖြစ်အပျက် မျိုးတွေဟာ

    ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေတိုင်း

    မှာ အနည်းနဲ့ အများ တွေ့ကြုံ ရင်ဆိုင်

    ကြရမဲ့......ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စ

    ရပ်တွေပါပဲ......ဒါတွေကို မသင့်လျှော်

    လို့ သွားပြောမယ်ဆိုရင်....လူ့အခွင့်အ

    ရေးကို ချိုးဖောက်တယ်ဆိုတဲ့....စွတ်စွဲ

    ချက်နဲ့ ကက်ကက်လန်အောင် ရန်တွေ့

    ခံရမှာ မလွဲဧကန်ပါပဲ...ကြားထဲက ခွေး

    ဘုရားပွဲတွေ့ ဆိုသလို...ဖြစ်သွားကြမှာ

    က မီဒီယာတွေနဲ့ အတိုက်အခံ အမည်ခံ

    ထားတဲ့ က-ဖျက် ၊ ယ-ဖျက် တွေပေါ့...

    ခြတက်နေတဲ့ မြန်မာနိုင်ငံကတော့ အ

    ခုဆိုရင်......ဆရာမနိုင် နှစ်ဆောင်ပြိုင်

    ဖြစ်နေပါပြီ.........ဆရာပြန်ပြေး ဘုရား

    လေးဖြစ်ဖို့ အချိန်ကလည်း မဝေးတော့

    ပါဘူးလေ......................................

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်