Pages

Thursday, 18 July 2013

အသက်ကယ်ခါးပတ်ကို သုံးကြပါ


အခုရက်ပိုင်း ဆက်တိုက်လို ဖြစ်နေတဲ့ အမြန်လမ်းမကြီးတွေပေါ်မှာ ကားမတော်တဆဖြစ်မှုတွေမှာ လူတွေဟာ ထင်မြင်ယူဆချက် အမျိုးမျိုးကို တွေ့ရပါတယ်။

အတော်များများကတော့ “လမ်းအရည်အသွေး” နိမ့်လွန်းလို့ဆိုပြီး အပြစ်ဖို့ကြပါတယ်။ မှန်သင့်သလောက်လည်း မှန်ပါတယ်။

တစ်ချို့ကျပြန်တော့ မောင်းတဲ့သူတွေ မဆင်ခြင်လို့ ဆိုပြီး ပြောကြပါတယ်။

တစ်ချို့ကျပြန်တော့လည်း ဒီလမ်းကြီးမှာ မကောင်းတဲ့ “နာနာဘာဝတွေ”စီးနင်းနေလို့ ဆိုပြီး ဆိုကြပြန် ပါသေးတယ်။



ဒါပေမယ့် အလွန့်အလွန်အရေးကြီးတဲ့
အချက်တစ်ချက်ကိုတော့ ဖော်ပြထားတာ ၊ ဝေဖန်အကြံပေးထားတာကို
မတွေ့ရပါဘူး။ အဲဒါကတော့ ကားတွေမှာပါတဲ့ “အသက်ကယ် ခါးပတ်” Safety Belt ကိစ္စပါဘဲ။

“အသက်ကယ် ခါးပတ်” Safety Belt ဟာ လူစီးကားကနေ အဆင့်မြင့် ဟိုင်းဝေး Express ကားများအထိ ကားတိုင်းလိုလိုမှာ ပါကြပါတယ်။ ဒါကို ကားကုမ္ပဏီတွေက အလကား အားအားယားယား ထည့်ပေးထားတာမဟုတ်ပါဘူး။

“အသက်ကယ်ခါးပတ် ဆိုတဲ့ အတိုင်း အသက်ကို ကယ်တင်နိုင်လို့ ထည့်ပေးထားတာပါ” ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုး အတော်များများဟာ ကားစီးရင် ခါးပတ်ပတ်လေ့မရှိပါဘူး။ ခါးပတ် ပတ်ထားရင် အနေရတော့ ကျဉ်းကြပ်ပါတယ်။ ဒီတော့ မပတ်ကြတော့ဘူးပေါ့။

ဒါပေမယ့် ဒီလို စိတ်လွပ်လပ်ပေါ့ပါးမှုကို
ဦးစားပေးလိုက်တဲ့ အတွက် မမျှော်လင့်ဘဲ ရုတ်တရက် ကြုံတွေ့လာတဲ့ Accident ကြီးတွေမှာ ကိုယ့်ရဲ့ အသက်ကို ပေးဆပ်သွားရတတ်ပါတယ်။

ကားစီးရင် အသက်ကယ်ခါးပတ် ပတ်ထားတာ လူ့အသက် ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မှု ရှိမရှိ လက်တွေ့ သုတေသနတွေကို လေ့လာကြည့်ကြရအောင်။

အမေရိကန်နိုင်ငံ Department of Transportation အဖွဲ့ကြီး
ရဲ့ လေ့လာချက်အရ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားခဲ့တဲ့ Car Accident တွေမှာ ခါးပတ် ပတ်ထားတဲ့အတွက် နှစ်စဉ်
လူ့အသက်ပေါင်း “1652” ခုကို ကယ်ဆယ်နိုင်ခဲ့ပြီး အလွန်ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုပေါင်း “22372” ခုကို ကာကွယ်နိုင်ခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။

2007 ခုနှစ် Data များအရဆိုရင် အဲဒီနှစ် တနှစ်ထဲမှာတင် အသက်ကယ်ခါးပတ်ကြောင့် လူ့အသက်ပေါင်း 15147 ယောက်အထိ အသက်ဘေးကနေ လွတ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံ ဟိုင်းဝေးလမ်းမကြီးတွေပေါ်မှာ ပြင်းထန်တဲ့ ကား Accident ဖြစ်မှုတွေမှာ အသက်ကယ် ခါးပတ် ပတ်ထားမှုကြောင့် သေနိုင်လောက်တဲ့ အသက်ဘေးကနေ လွတ်ကင်းမှုဟာ (( 56 % ကနေ 61 %)) အထိ ရှိတယ်လို့ Record တွေက တိကျစွာ ဆိုထားပါတယ်။

ဒီလို တိကျတဲ့ Data တွေကြောင့် အမေရိကန်နိုင်ငံမှာ ကားစီးလျှင် ခါးပတ် ပတ်တဲ့ လူဦးရေဟာ 90 % အထိ မြင့်တက်လာခဲ့ပါတယ်။ ဒီလို မြင့်တက်လာသလို Accident ဖြစ်မှုအရေအတွက်ကတော့ နှစ်စဉ် မြင့်တက်မြဲ
မြင့်တက်နေပေမယ့် နဲ့ သေဆုံးမှု ၊ ဒါဏ်ရာရမှု အရေအတွက် အချိုးအစားကတော့ တနှစ်ထက် တနှစ် သိသိသာသာ ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ (၂)နှစ်လောက်က
အမေရိကားမှာ နေတဲ့ မြန်မာမိတ်ဆွေတစ်ယောက် ကိုယ်တိုင်ပြောပြချက်အရ သူ့ကား Slip ဖြစ်ပြီး အရှိန်လွန် တိမ်းမှောက်သွားတာ ကားဟာ (၆)ပတ် (၇)ပတ်လောက် ဂျွမ်းပြန်
လိမ့်ထွက်သွားပြီး သစ်ပင်တစ်ပင်နဲ့ ၀င်တိုက်သွားမှ ရပ်သွားတာတောင်မှ ခေါင်းမှာ အနည်းငယ်လောက်ဘဲ
ထိခိုက်ပြီး အသက်ဘေးက လွတ်ခဲ့ကြောင်း ပြောပြဘူးပါတယ်။

ကားဟာ လုံးဝ ကြေမွသွားပြီး ဘယ်လိုမှ အသက်ရှင်နိုင်စရာ မရှိတဲ့ အခြေအနေမျိုးမှာ သူ, အသက်မသေဘဲ လွတ်မြောက်ခဲ့ရဘူးပါတယ်။ သူက ကားမောင်းရင် ခရီးဝေးဝေး နီးနီး - အမြဲ ခါးပတ် ပတ်လေ့ရှိသူပါ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သေရမှာကို မကြောက်တာလား ၊ ကိုယ့်ကိုယ်ကို အလွယ်တကူ သေမယ်လို့ မထင်တာလားတော့ မသိဘူး . . ဒီလို အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ ကိစ္စတွေကို
သိပ်အလေးအနက်မထားကြပါဘူး။ ဆိုင်ကယ်စီးရင်လည်း ဦးထုပ်မဆောင်းကြပါဘူး။ ရဲဖမ်းတဲ့ နေရာဆိုရင် ခဏ ဆောင်းပြီး ပြီးရင် ပြန်ချွတ်ကြတာပါဘဲ။

မော်တော်ကားစီးရင်လည်း မြို့ထဲမှာ မောင်းရင်တော့ ထားပါတော့။ Speed သိပ်မများဘူးလေ။ ဟိုင်းဝေးလို အလွန် Speed များတဲ့ အခြေအနေမှာတောင် ခါးပတ် ပတ်ဖို့ သတိမရကြပါဘူး။ ဒီလို မေ့လျော့ပေါ့တန်မှုဟာ အသက်ပေးဆပ်ရလောက် အန္တရာယ်များလှတယ်ဆိုတာ သိရှိသူ နည်းလှပါတယ်။

လွန်ခဲ့တဲ့ (၂)နှစ်လောက်က ဒီအမြန်လမ်းမကြီးပေါ်မှာ ကား Accident ကြောင့် မိသားစုတစ်စုလုံး တစ်ယောက်မကျန် ကွယ်လွန်သွားတဲ့ ကြေကွဲဖွယ်ရာ ကားမှောက်မှုမှာ သွားရောက် သတင်းယူခဲ့တဲ့ မိတ်ဆွေ သတင်းထောက် တစ်ယောက်ရဲ့ ပြောကြားချက်အရ - ကားဟာ နောက်ဆုံးပေါ် အဆင့်မြင့်ကား ဖြစ်ပေမယ့် မိသားစုဝင်တစ်ယောက်မှ
ခါးပတ်ပတ်မထားဘူးလို့ သိရပါတယ်။

အခု ဆက်တိုက်ဖြစ်နေတဲ့ ရန်ကုန် မန္တလေး အမြန်လမ်း ကား Accident တွေ အတော်များများဟာလည်း
အသက်ကယ် ခါးပတ် ပတ်မထားတာတွေက အများစု ဖြစ်ဖို့များပါတယ်။ မျက်မြင်ကိုယ်တွေ့တွေကို မေးစမ်းကြည့်ပါ။ 70% - 80% လောက်ကတော့ ခါးပတ် ပတ်မထားတာ ဖြစ်ဖို့ များပါတယ်။

ဒီနေရာမှာ ဥရောပ တိုက်သားတွေကို စည်းကမ်း လိုက်နာမှုလေးကို ချီးမွမ်းချင်ပါသေးတယ်။ တစ်ခါက ကျွန်တော့်ကို Taxi ဒရိုင်ဘာတစ်ယောက်က ပြောပြဘူးတယ်။ လွန်ခဲ့တဲ့ (၄)နှစ်လောက်ကပေါ့။ သူ့ကားကို ဥရောပသား စုံတွဲတစ်တွဲက ငှားတယ်တဲ့။ ပြီးတော့ ကားပေါ်ရောက်တော့ ဟိုဟို ဒီဒီ လိုက်ရှာနေပြီး Safty Belt ? Saty Belt ? ဆိုပြီး မေးသတဲ့။

အဲဒီတုန်းက ကားအသစ်တွေ မသွင်းသေးဘူးလေ။ တက္ကစီတွေကလည်း ဂျုံးဂျုံးကျနေတဲ့ ကားစုတ်တွေချည်းဆိုတော့ ဘယ်မှာ အသက်ကယ်ခါးပတ်ဆိုတာ ရှိတော့မှာလဲ။ ဒီတော့ သူက
No ! No ! ဆိုပြီး ပြန်ပြောလိုက်တော့ နိုင်ငံခြားသားစုံတွဲဟာ ဆက်မစီးတော့ဘဲ ကားပေါ်က ဆင်းသွားပါသတဲ့။ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ မကွာလား ?

ဒါကြောင့် “အခုချက်ခြင်းကြီး ပြင်လို့မရနိုင်သေးတဲ့ လမ်းကို အပြစ်ဖို့နေတာတွေထက်” လတ်တလော လုပ်လို့ရတဲ့ အသက်ကယ်ခါးပတ် ပတ်တာကို ဟိုင်းဝေးလမ်းမပေါ်ကို မဖြစ်မနေသွားနေရသူတွေ လိုက်နာသင့်ကြောင့် (စေတနာကောင်းဖြင့်) ဆော်သြ လိုက်ရပါတယ်။ အခုနောက်ပိုင်း ၀င်လာတဲ့ ကားတွေက အသစ်တွေ ဖြစ်လာတော့ အသက်ကယ်ခါးပတ်တွေ ပါလာကြပါပြီ။

ကိုယ်ပိုင်ကားတွေတွင်မက အဆင့်မြင့် ခရီးသည်တင် Express တွေမှာပါ အသက်ကယ် ခါးပတ်တွေ ပါလာကြပြီမို့ ခါးပတ်ပတ်ဖို့ ကိစ္စကို ကိုယ့်အသိနဲ့ကိုယ် လုပ်သင့်ကြပါပြီ။ မော်တော်ကားလိုင်းတွေကလည်း
ဒါကို မဖြစ်မနေ လိုက်နာဖို့ စည်းကမ်းချက် လုပ်သင့်တယ်လို့ ထင်ပါတယ်။ အစိုးရပိုင်းကအထိ စည်းကမ်း ကြပ်မတ်ပေးဖို့ သင့်နေပြီလို့ ထင်ပါတယ်။

ဒီတော့ ကျွန်တော်တို့ ခင်ဗျားတို့အနေနဲ့ လမ်းမကြီးမကောင်းတာတွေ ၊ လူတွေ ကားမောင်းကြမ်းတာတွေ ၊ နာနာဘာဝ ၀ိနာဘာဝတွေ အကြောင်း ပြောနေမယ့်အစား အင်မတန် အလွန်ရိုးရှင်းလွယ်ကူလှတဲ့ “ကားစီးလျှင် အသက်ကယ်ခါးပတ် ပတ်ဖို့” ကိစ္စကို ဦးစားပေးလုပ်ကြမယ်ဆိုရင် အလွန်ပြင်းထန်တဲ့ Accident ကြီးတွေ ဖြစ်ခဲ့ရင်တောင်မှ
(Data တွေအရ - ၁၀ ယောက် မှာ ၆ ယောက် ) အသက်သေဆုံးမှုမှ လွတ်ကင်းနိုင်လိမ့်မယ်လို့ ယူဆပြီး ဒီပို့စ်လေးကို တင်လိုက်ရကြောင်းပါခင်ဗျား။

အားလုံးသော ခရီးသွားပြည်သူတွေ ဘေးဥပဒ်အန္တရာယ်အသွယ်သွယ်မှ လွတ်ကင်းနိုင်ကြပါစေသတည်း။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

Request - ကျွန်တော်ဟာ ကျွန်တော့်ပို့စ်တွေကို ရှယ်ပေးကြပါလို့ ဘယ်သောအခါမှ တောင်းဆို လေ့ မရှိပါ။ ဒါပေမယ့် ကားစီးရင် ခါးပတ်ပတ်လေ့ မရှိတဲ့ မြန်မာလူမျိုးများအတွက် ခါးပတ်ပတ်တဲ့ အကျင့်စရိုက်လေး ထွန်းကားလာအောင် ဒီပို့စ် လေးကို သဘောတူရင် Share ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား။

1 comment:

  1. သူများမျက်ချေးပဲမြင်ပြီး ကိုယ့်မျက်ချေးကျတော့ ကိုယ်ပြန်မမြင်ကြပါလား

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်