Pages

Wednesday 19 June 2013

နတ်မင်းမွေးတဲ့ ကြက်ကလေး


ဟိုးအရင်တုန်းကပေါ့ဗျာ ..ကျွန်တော်တို့ နယ်ဘက် က ရွာတစ်ရွာမှာ အရမ်းနတ်ကြီး တဲ့ နတ်စင်ကြီး တစ်စင်ရှိ သတဲ့ဗျ ။ အညာ ဒေသ မှာ ကသိတဲ့တိုင်း နတ်တွေကလည်းအရမ်းပေါကိုး။ မိရိုးဖလာဗုဒ္ဓဘာသာ မဟုတ်ဘူး ဆိုသည့်တိုင် ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ ဆိုတဲ့တိုင်း အစဉ်ဆက်က အယူတွေ ကို ငြင်းဆန်ဝံ့ တဲ့ အင်အားကလည်းမရှိ ကြဘူးမလား ။

အဲဒီနတ်စင်ကြီး က သိပ်ပြီး နတ်ကြီးပါသတဲ့ ။ နတ်စင်ဘက်လှည့်ပြီး အပေါ့အလေးသွားမိတာ ၊ နတ်စင်ပတ်ဝ န်း ကျင် မှာ ဖရုဿဝါစာပြောမိတာတွေ သာမက .. " ဒီနတ်စင်ကြီးကကွာ ကြည့်ရတာ အတော်ကိုဟောင်းနေပြီ ဟ ၊ နတ်စင်ကြီးက သိပ်မလှဘူးနော်" ဆိုတဲ့ အပြောအဆို ကအစ နတ်ကိုင်တာခံရတတ်ပါသတဲ့ ။

အဲလို ရွာထဲ ကလူတွေ က အစဉ်အဆက်ယုံကြည်လာကြတော့ နတ်စင်ကြီးကို နည်းနည်းမှ မတို့ရဲမထိရဲကြပဲ ၊ ကြောက်ရွံ့ ရိုသေကြသတဲ့ ။ တစ်ရက်မှာတော့ အဲဒီနတ် မှာ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ ကြက်ကလေး တစ်ကောင်ရောက်လာပါရောတဲ့ဗျို ။ အဲမှာ ရွာထဲ ကလူတွေက နတ်မင်းကြီးတင်မက ...နတ်စင် မှာနေနေ တဲ့ ကြက်ကလေး ကိုပါ ..နတ်မင်းမွေးတဲ့ ကြကလေးဆိုပြီး ဖူးဖူးမှုတ်ကြရပါသတဲ့ ။

အိမ်ခေါင်းရင်းချေးတတ်ပါလို့ လည်း မလှန့်ရဲ့ ၊ နွားကျွေးခေါင်း ပေါ် ချေးတက်ပါလို့ လည်း မအော်ရဲ့ ၊ စပါးဖျာ လာစားလို့ မှ မခြောက်ရဲဖြစ်ရသတဲ့ ။ တခါတခါ နတ်မင်းကြီးကို ဖားချင် သူများ ၊ ပူဇော်ပသချင်သူများကလည်း အဲဒီကြက်ကလေး ကို အစာလည်းကျွေး ၊ ပါ့စားပေး လုပ်တယ်ပေါ့ဗျာ ။ အဲလို နဲ့ ကြက်ကလေး က ကြီးချင်တိုင်းကြီး ထွားချင်တိုင်းထွားပြီး ၊ ကိုယ့်အိမ်မှာ မွေးထားတဲ့ ကြက်ပေါက်စ လေးတွေ က စ ရန်ရှာခံရသတဲ့ ။

အဲလို နဲ့ နေလာလိုက်ကြတာ ... အချိန်လည်း အတော်ကြာရော အဲဒီရွာကို မူးရူးနေတဲ့ အရက်သမား တစ်ယောက်ရောက် လာရောတဲ့ဗျ ။ ရွာခံ အရက်သမားမဟုတ်တော့ နတ်စင်ကြီးအကြောင်းလည်း မသိဘူးပေါ့ ။ အဲဒါနဲ့ နေစရာမရှိတော့ အရက်သမား က နတ်စင်ကြီးမှာ စတည်း ချသတဲ့ ။ ရွာထဲက လူတွေကတော့ နတ်ကိုင် မယ် ဘာညာပြောကြတာပေါ့ဗျာ ။ ဒါပေမဲ့ အရက်သမားကတော့ နတ်ကိုင်မှာထက် အရက်ငတ်မှာ ပိုကြောက် တယ် မလား ။ အဲတော့ ညရည် လေး ရေချိန်ကိုက်အောက် ..နတ်စင်မှာဆက်ထားတဲ့ အရက်တွေ နှိုက်သောက် သတဲ့ဗျ ။ မြည်းစရာ ကတော့ အထူး ရှာမနေတော့ ပဲ နတ်မင်းမွေးတဲ့ ကြက်ကလေးကို ရိုက်သတ်ပြီး အမြည်းလုပ် လိုက်ရောတဲ့ဗျ ။

ခု ကျုပ်တို့ ဆီမှာလည်း ဒီမိုကရေစီ နတ်မင်းကြီးမွေးတဲ့ ဒီမိုကရေစီ ကြက်ကလေးတွေက လည်ဆံတဖွားဖွား ၊ အမောက်တထောင်ထောင်နဲ့ဗျို့ ။ ကိုယ်တွေကတော့ အလကား အလကား ရွာသားအပေအတေ လေးတွေ ဆိုတော့ မတို့ရဲ မထိရဲဘူးဗျ ။ နတ်စင်ကြီး က သိပ်မလှဘူးနော် ပြောဖို့ နေနေ သာသာ ၊ နတ်စင်ကြီး ပန်းတွေ ညှိုးနေတယ်ပြောရင်တောင် ... အတော်တဖြန့်ဖြန့် လည်တဆန့်ဆန့် ဆိုတော့ နတ်ကိုင်မှာထက် ကြောက်နေရ တာ ရယ် ။ အင်း ... တခြားရွာ က ငမူးငရူး တွေ နဲ့ တွေ့မှ "တစ်သက်လုံးမွေး လာတဲ့ ကြက် ..တရက်တည်း ရိုက်ချက် " ခံရမှာတော့ မြင်ယောင်နေသေးတယ် ။

~~ရုပ်ဆိုး~~

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်