ဂုဏ်တွေအမျိုးမျိုးရှိတဲ့အထဲမှာ အမျိုးဂုဏ် ဇာတိဂုဏ်ဆိုတဲ့ အချက်တွေလည်ပါဝင်ပါတယ်။ ဒီဂုဏ်တွေဟာ ဂုဏ်တကာ့ ဂုဏ်တွေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ ဂုဏ်လို့လည်းပြောလို့ရပါတယ်။
ဘာလို့လဲဆိုတော့ လူတစ်ယောက်မှာ ဒီဂုဏ်ကိုမှ လေစာမှု လိုက်နာမှု ကျင့်သုံးမှု မရှိဘူးဆိုရင် မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတွေရဲ့ ဖယ်ကျဉ်ခြင်းကို ခံရတတ်လို့ပါပဲ။
ဒီအမျိုးဂုဏ် ဇာတိဂုဏ်ဆိုတာ တစ်ဦးတစ်ယောက်တည်တင် သက်ဆိုင်တဲ့ အရာမဟုတ်ပါဘူး။
လူသားမျိုးနွယ် တစ်စုဆိုရင် အဲသည်လူမျိုးစုထဲမှာပါတဲ့ လူတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။
ဥပမာ-ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုရင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းနဲ့ သက်ဆိုင်သလိုပါပဲ။
ထို့ကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိမ်းသိမ်းစောင့်ရှောက်တတ်ပြီး ကာကွယ်စောင့်ရှောက်ကြဖို့ သိပ်ကို လိုအပ်လှပါတယ်။ ကိုယ့်ကြောင့် ဂုဏ်တတ်အောင် မလုပ်နိုင်တောင် ဂုဏ်ပျက်အောင်တော့ မလုပ်မိကြဖို့ အရေးကြီးပါတယ်။
အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ပက်သက်ပြီး သေသေချာချာဂဃဏနသိတဲ့သူတွေရှိသလို မသိတဲ့သူတွေ
လည် ဒုနဲ့ဒေး နဲ့ပါ။တစ်ချို့က အမျိုးဂုဏ် ဇာတိဂုဏ်ကို ကိုယ့်သွေးသားတော်စပ်တဲ့ အသိုင်းအ၀ိုင်းလောက်ကိုပဲ ငဲ့ကွက်ပြီး ကြည့်တတ်ကြပါတယ်၊ ဒါဟာ အမျိုးဂုဏ် ဇာတိဂုဏ်မဟုတ်ပဲ ဆွေဂုဏ် မျိုးဂုဏ်လို့ ခေါ်ပါတယ်။ အမျိုးဂုဏ် ဇာတိဂုဏ်ဆိုတာ တစ်မျိုးသားလုံးရဲ့ ဂုဏ် တစ်မျိုးသားအတွက် အဖိုးအနဂ္ဃ အထိုက်တန်ဆုံးဖြစ်တဲ့ ဂုဏ် နောက်ပြီး တစ်မျိုးသားလုံးအတွက် အသက်သွေးကြောသဖွယ် အမြဲတမ်း စီးဆင်းနေရမဲ့ ဂုဏ်ဟာ အမျိုးဂုဏ်ဇာတိဂုဏ်ပါပဲ။
ဒီဂုဏ်တွေဟာ ဘယ်လောက်ထိအရေးကြီးသလဲဆိုရင် နိုင်ငံတော်အစိုးရကလည်း တီဗွီတွေ သတင်းစာတွေ စာအုပ်စာပေတွေကနေ ``လူမှုရေး ဦးတည်ချက်လေးရပ်´´ဆိုပြီး နေ့စဉ်နေ့တိုင်းအော်ဟစ် သတိပေးနေရတဲ့ အထိပါပဲ၊ အဲဒီလူမျိုးရေး ဦးတည်ချက်လေးရပ်ထဲမှာ ``အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေး အနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်မပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရေး´´ ဆိုပြီး ပါဝင်တယ်၊ ဒီစကားလုံးဟာ အရေးမကြီးရင် ဘယ်သူကမှ အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး ပြောနေမှာ မဟုတ်ပါဘူး၊ တကယ် အရေးကြီးလို့ အဟုတ်ပြောနေရတာဖြစ်ပါတယ်။
မြန်မာလူမျိုးတွေရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြန်မာလူမျိုးတွေက ထိမ်းသိမ်းစောင့်ရှောက် မှရနိုင်ပါတယ်။ တခြားလူမျိုးတွေက ထိမ်းသိမ်းပေးတယ်၊စောင့်ရှောက်ပေးတယ်ဆိုတာ ထုံးစံလည်မရှိသလို အစဉ်လာလည် မရှိခဲ့ပါဘူး။
ယနေ့ကမ္ဘာမှာ မြန်မာဆိုပြီး ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်စကား ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုဆိုပြီး ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှာန်းနဲ့ သီးခြားရပ်တည်နေနိုင်ခဲ့ကြတာဟာ မိဘဘိုးဘွားတွေရဲ့ ကျေးဇူးကြောင့် သာ ဖြစ်ပါတယ်။ မိဘဘိုးဘွားတွေကသာ ထိမ်းသိမ်းစောင့်ရှောက်မှုမရှိခဲ့ဘူးဆိုရင်လူမျိုး ဘာသာ စကား ယဉ်ကျေးမှု နိုင်ငံဆိုတာ အစတောင်ရှာလို့ရမှာ မဟုတ်ပါဘူး။
မိဘဘိုးဘွားတွေဟာ နှစ်ပေါင်းတစ်ရာကျော်ကြာ အင်္ဂလိပ်လက်အောက် ကျွန်းသပေါက်ရောက်သည့် တိုင်အောင် ကျည်ဆံ ဗုံးဆံ အမြှောက်ဆံတွေကြားကနေ မိမိတို့ရဲ့ အမျိုးဘာသာသာသနာ ကို မှေးမိန်မသွာ ရလေအောင် စောင့်ရှောက်ခဲ့ကြပါတယ်၊ မြန်မာ့ယဉ်ကျေးမှုတွေ မြန်မာတို့ရဲ့ ထုံးတမ်း စဉ်လာတွေ မြန်မာတွေရဲ့ စရိုက် လက္ခဏာတွေဟာ နည်းနည်းလေးမှ ဆုတ်ယုတ်သွားခြင်းမရှိသလို အင်္ဂလိပ်တွေရဲ့ အငွေ့အသက်လည်း နည်းနည်းလေးမှ မကျန်ရစ်ခဲ့ပါဘူး။
အနောက်တိုင်းရဲ့ ဟန်ပန်တွေ အနောက်တိုင်းရဲ့ ယဉ်ကျေးမှုတွေ အနောက်တိုင်းရဲ့ စရိုက်လက္ခဏာတွေကို အမျိုးသားရေးသတိ ဘာသာရေးအသိတွေနဲ့ တွန်းလှန်ဖယ်ရှားနိုင်ခဲ့ပါတယ်။ ရ ရာလက်နက်ကို ဆွဲကိုင် တွေ့ရာ တုတ်ကိုထမ်းပြီး မြန်မာဆိုတဲ့သတ္တိသွေးကို ပြခဲ့ကြပါတယ်။
ရှေးခါဘိုးဘွားတွေဟာ ဇာတိပုည ဂုဏ်မာနတွေနဲ့ အသက်သွေးချွေး လက်မနှေးဘဲ သွေးချောင်းစီးတဲ့အထိ အမျိုးဂုဏ် ဇာတိဂုဏ်ကို ပြသခဲ့ကြပါတယ်။ အဲဒီဂုဏ်ကျေးဇူးတွေကြောင့်``မြန်မာပြည်သည် ဒို့ပြည် မြန်မာ စကားသည် ဒို့စကား မြန်မာစာသည် ဒို့စာ´´ဆိုတဲ့ မွန်မြတ်သန့်စင်တဲ့ အဖိုးမဖြက်နိုင်တဲ့ ယဉ်ကျေးမှု အမွေ အနှစ်ကြီးဟာ မယိုင်မလဲတဲ့ ကျောက်ဆောင် ကျောက်သားပမာ ယနေ့ထိတိုင် တည်တံ့ခိုင်မြဲနေလျက်ပါပဲ။

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်