
သူမနာမည်က မပန်းမာလာဖြိုးပါ။ အဖေက ဦးအောင်ကိုဦး၊ အမေက ဒေါ်တင်တင်အေး ဖြစ်ပါတယ်။
အဖေ- ဗမာ/ဗုဒ္ဓဘာသာဖြစ်ပြီး၊ အမေက ကရင်/ခရဇ်ယန် ဖြစ်ပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ နေပါတယ်။
သူမ လေးနှစ်သမီးအရွယ်တွင် သူမမိခင်မှာ ကိုယ်ဝန်အသစ်လွယ်ထားရပါတယ်။ ဒီအချိန်မှာ သူမဖခင်က အလုပ်သွားလုပ်မယ်ဆိုပြီး ဖားကန့်ဘက်ထွက်သွားတာ အခုချိန်ထိ ပြန်မလာတော့ပါဘူး။
ဒီလိုနဲ့ သူမမိခင် မီးတွင်းကြီးမှာ အရပ် လက်သည် အကူအညီနဲ့ ကျူးကျော်တဲလေးထဲမှာ သူမညီမလေးကို မွေးဖွားပေးနိုင်ခဲ့ပါတယ်။
အဖေလည်း ပြန်မလာ၊ အမေလည်း မီးတွင်းထဲမှာဆိုတော့ သူမတက်လက်စ လေးတန်းကျောင်းကို ရပ်နားပြီး၊သူမိခင်အစား ဈေးတောင်းခေါင်းရွက် ဈေးရောင်းခဲ့ရပါတယ်။
ကုန်စိမ်းရောင်းရခြင်းဖြစ်ပြီး၊ အရင်းအနှီးမလိုပါ။ လယ်စပ်နဲ့ကမ်းနားက အလေ့ကျပေါက်နေတဲ့ ဟင်းရွက်ကန်စွန်းတွေကိုခူးပြီး ရောင်းခြင်းဖြစ်ပါတယ်။ တစ်နေ့တစ်နေ့ နှစ်ထောင်၊ နှစ်ထောင့်ငါးရာ ရပါတယ်။
သူမအမေ မီးထွက်တော့ သူမအမေဈေးပြန်ရောင်းပါတယ်။ သူမက ကလေးထိန်း၊ ထမင်းချက် သက်သက်ပေါ့။
ဒီလိုနဲ့ သူမ ဆယ်နှစ်သမီးအရွယ်မှာ သူမမိခင်နောက်အိမ်ထောင် ပြုလိုက်ပါတယ်။ နောက်အိမ်ထောင်က အရက်မူးသမားပါ။ အမေ့မှာ အိမ်ထောင်ရှိတယ်ဆိုတဲ့ အရိပ်လက္ခဏာလောက်ပဲ အားကိုးရပြီး အမေရှာသမျှ အိမ်မှာထိုင်ပြီး သောက်စားမူးယစ်နေသူပါ။
နေရတာက တဲကုတ်လေး၊ ချိုင့်ဝှမ်းကျလို့ ခြေတံရှည် လူချင်းထပ်ပြီး မအိပ်ရရုံတမည်မို့ သူမ အနေကျပ်ခဲ့ပြန်ပါတယ်။ ကျောင်းလည်းမတတ်ရ။ အိမ်မှာလည်း အလုပ်မရှိ။ အိပ်ရတော့လည်း ပြွတ်သိပ်ကြပ်နေလို့ သူမအိမ်ဟာ သူမအတွက် နေပျော်စရာ သာယာဖွယ်ဂေဟာတစ်ခု မဖြစ်ခဲ့ပါဘူး။
ဒါကြောင့် နေ့ဘက်တွင် ပန်းရံလုပ်ကာ အမေ့ကို ငွေရှာပေးပြီး၊ ညဘက်တွင် စားပွဲထိုးလုပ်ကာ ဆိုင်မှာပဲ အိပ်လိုက်မိပါတော့တယ်။
ပထွေးနဲ့ရတဲ့ မောင်လေး ဆေးရုံတက်ချိန်မှာတော့ သူမလုပ်တဲ့ လ္ဘက်ရည်ဆိုင် အရောင်းပိတ်သွားလို့ အလုပ်မရှိတော့ပါဘူး။ ပန်းရံအလုပ်ကလည်း အသက်အရွယ် ငယ်ရွယ်သေးတဲ့ ကလေးလုပ်သားတွေကို အင်မတန်လိုအပ်မှ ခေါ်တာဆိုတော့ ဆင်းရတစ်ချက် မဆင်းရတစ်ချက်ပါ။
ဆေးရုံကြီးမှာ ဆေးရုံတက်နေတဲ့ အမေတူ ဖအေကွဲ မောင်လေးကို သွားရောက်ပြုစုရင်း သူမ အားကိုးရာတစ်ခုကို ရရှိခဲ့ပါတယ်။ ပျော်စရာကောင်းပါဘိ။
ခုတင်ချင်း ကပ်လျက်လူနာရှင် အမေကြီး ဒေါ်နွဲ့ပါ။ သူက သူ့မြေးလေးကို လာကြည့်ရင်း သူမနှင့် တွေ့သွားတာပါ။ သူမအမေကို ချက်ချင်းပြောပြီး အလုပ်ရှာပေးပါတယ်။
အဲဒီနေ့မှာပဲ ချက်ချင်းအလုပ်ဆင်းရပါတယ်။ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ရပ်ကွက်မှာ ကလေးထိမ်းအလုပ်ရပါတယ်။ လခတစ်သောင်းခွဲ။ ထမင်းလည်း ကောင်းကောင်းစားရတယ်။ အိပ်တော့လည်း လုံလုံခြုံခြုံ အိပ်ရတယ်။ အိမ်မှာလို အသက်ရှူမဝသလို၊ မွန်းကြပ်သလိုမျိုး မခံစားရတော့ပါဘူး။
ဒါကြောင့် ရေတံခွန်တောင်မှာ နေရတာ သူမပျော်ရွှင်ခဲ့ပါတယ်။ အလုပ်ရှာအပ်ပေးတဲ့ အမေကြီး ဒေါ်နွဲ့ဟာ သူမရဲ့ ဒုတိယမိခင် ဖြစ်ခဲ့ပါတယ်။ ကျေးဇူးတင်မဆုံးပါ။ အိပ်ရာဝင်တိုင်း အမေကြီးဒေါ်နွဲ့ကို အကြိမ်ကြိမ် ဦးနှိမ်ချ ရှိခိုးပြီးမှ အိပ်ရာဝင်ပါတယ်။
by Wira Thu ဆက်လက်ဖော်ပြပါမည်.....
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်