Pages

Monday 1 April 2013

ငြိမ်းသွားတဲ့မီးကို ထပ်မလောင်ပါစေနဲ့


ဝါယာရှော့ဆိုတာ ချက်ချင်းမီးထတောက်၊ မီးပန်းတွေထွက်တဲ့ ဓါတ်အားပေးလိုင်းက ကြိုးချင်းပူးတာလို မဟုတ်ပါဘူး။ ဝါယာအချင်းချင်း ဆက်တဲ့နေရာတွေက မထိတထိဖြစ်တာ၊ သက်တမ်းလွန် ဒါမှမဟုတ် ခံနိုင်အားထက် ပိုသုံးတာ (များသောအားဖြင့် မီးဗို့အားနည်းလို့ မြှင့်တဲ့နေရာတွေမှာ ဝါယာထဲ ဖြတ်စီးတဲ့ လျှပ်စီးဓါတ်ဟာ အမ်ပီယာဟာ ပုံမှန်ထက် မြင့်တတ်ပါတယ်) တွေကြောင့် ဝါယာအတွင်းမှာ အပူရှိန် တဖြည်းဖြည်း တက်လာတတ်တာ မျိုးဖြစ်ပါတယ်။

ဒီလို အပူရှိန်တက်လာတာကြောင့် ဝါယာရဲ့ လျှပ်တား (ဘေးက ရာဘာအခွံ) ဖြစ်တဲ့ PVC ကနေ မီးခိုး (အဆိပ်ဓါတ်ငွေ့) တွေ အရင်ထွက်လာပါတယ်။ ဒီမီးခိုးတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက် များစွာပါဝင်တဲ့ အဆိပ်ဓါတ်ငွေတွေ ဖြစ်တာကြောင့် သာမန်လေထုထက် ပိုလေးပြီးတော့ နေထိုင်ရာ အခန်း အဆောက် အဦ ရဲ့ အောက်ခြေကနေ စပြီတော့ နေရာယူပါတယ်။

ညဘက်လို အိပ်နေတဲ့ အခါတွေမှာ လူတွေက အိပ်ပျော်နေတဲ့အတွက် မသိလိုက်ပဲ ဒီမီးခိုးတွေကို ရှုမိတတ်ပါတယ်။ ဒီလိုရှုမိတဲ့အတွက် အိပ်ပျော်နေစဉ် မသိလိုက်ပဲ မူးမေ့တာ၊ သတိလစ်တာတွေ ဖြစ်တတ် ပါတယ်။ အမြောက်အများ ရှုမိရင် သေသည်အထိ ဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေကို လူသတိမထားမိတာ များပါတယ်။ ကလေးငယ်တွေက လူကြီးတွေလောက် အအိပ် မဆတ်တဲ့အတွက် အန္ထရယ်ပိုဖြစ်စေနိုင်ပါတယ်။ ဒါမျိုးဖြစ်စဉ်တွေ ဖြစ်ပြီးမှ အပူလွန်ပြီး မီးတောက် ထတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့မှ လူတွေသတိထားမိနိုင်ပါတယ်။ ဒါပေမယ့် မီးခိုးရှုမိပြီးသားဖြစ်တော့ မူးဝေနေတာ သတိလစ်နေတာတွေ ဖြစ်နေတဲ့အတွက် မပြေးနိုင်တာကြောင့် မီးလောင်သေဆုံးတာ၊ မီးခိုးဆိပ်ကြောင့် သေနှင့် နေတာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒါမျိုး သာဓကတွေ နိုင်ငံတကာ မှာရော မြန်မာပြည်မှာရော အများကြီးရှိပါတယ်။

မီးလောင်ချိန် နည်းပေမယ့် ဆုံးရှုံးမှု များတတ်ပါတယ်။ အန္တရယ် ပိုဖြစ်စေနိုင်ပါတယ်။

လူတွေ သေကြတာ အထူးသဖြင့် ကလေးတွေ သေကြတာကို အရမ်းဝမ်းနည်းပါတယ်။ ဒီကနေ တစ်ခုခု နားလည်မှု လွဲမှာကိုလဲ အရမ်းကြောက်ပါတယ်။ ခံပြင်းတာ ဝမ်းနည်းတာတွေကိုလဲ စာနာပါတယ်။ ဒါပေမယ့် ကိုယ့်အဆင့်အတန်းကို ထောက်ရှုပြီးတော့ အဆင်အခြင်ကင်းတဲ့ စွပ်စွဲချက်တွေ၊ ဝေဖန် တိုက်ခိုက် တာတွေ ဖယ်ထားစေချင်ပါတယ်။ ငြိမ်းသွားတဲ့မီးကို ထပ်မလောင်ပါစေနဲ့။


No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်