Thursday, 4 April 2013
မျိုးဆက်သစ် ကလေးငယ်များနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ
ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ် မြို့နယ်ခွဲ ကုန်းရုံး ဘုန်းတော်ကြီး ကျောင်းမှာ ပြုလုပ်တဲ့ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဆင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ရင်း အတွေးတစ်စ ရင်ထဲ ရောက်လာတာပဲ ဖြစ်ပါတယ်။
မူလတန်းနဲ့ အလယ်တန်း အဆင့် ကလေးတွေကို ရည်ရွယ် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး သင်တန်း ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်တွေ အနေနဲ့
(၁) မိမိတို့၏ သားသမီး ကလေးငယ် များကို လိမ္မာ ယဉ်ကျေးသော ဗုဒ္ဓဘာသာဝင် ကလေးငယ်များ အဖြစ် ရှင်သန်ဖွံ့ဖြိုး လာစေရန်၊
(၂) မြန်မာ့ ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်မည့် မျိုးဆက်သစ် လူငယ်၊ လူရွယ်များ ပျိုးထောင် ပေးနိုင်ရေး၊
(၃) ခေတ်ပညာများ သင်ကြား ပေးရုံမက ကလေးငယ်များ၏ စိတ်ဓာတ် ရေးရာနှင့် အကျင့် စာရိတ္တပိုင်း တွင်ပါ ကောင်းမွန် ကြံ့ခိုင်သည့် လူတော် လူကောင်းများ ဖြစ်လာစေရန်၊
(၄) ကလေးသူငယ် များအား ဗုဒ္ဓဘာသာ၏ အခြေခံ အကြောင်း အချက်များ၊ (၃၈) ဖြာ မင်္ဂလာ တရားတော်နှင့် အညီ နေထိုင် ပေါင်းသင်း ဆက်ဆံ တတ်စေရန်နှင့် ဘုရားရှိခိုး၊ တရားထိုင်သည့် အလေ့အကျင့် ကောင်းများ ရသွားစေရန် တို့ကို ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့ ငယ်ငယ်တုန်း ကတော့ လိမ္မာ ယဉ်ကျေးအောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ဘုရားရှိခိုး၊ (၅၅ဝ) နိပါတ် ပုံပြင်တွေ၊ ဇာတ်တော်တွေကို ကလေးတွေ စိတ်ဝင်စားအောင် မိဘ၊ ဘိုးဘွား တွေက ပြောပြကြ၊ ဥပုသ်သီတင်း စောင့်ဖို့ ဘုန်းကြီးကျောင်း သွားရန် ကလေးတွေကို ခေါ်သွားခဲ့ကြ ပါတယ်။
မိဘ၊ ဘိုးဘွား၊ သံဃာတော်များမှ တစ်ဆင့် ကလေးတွေ စိတ်ဝင်စားအောင် ပြော ဆို ဆုံးမ နားသွင်း နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် မှာတော့ တောရောမြို့ပါ မကျန် မိသားစု တော်တော် များများက စားဝတ်နေရေး အဆင်ပြေ နိုင်ဖို့ အတွက် မိဘနှစ်ပါးလုံး အပြင်ထွက် စီးပွားရှာ နေကြရတာ များလာ၍ မိမိတို့ သားသမီးများကို လိမ္မာယဉ်ကျေးအောင်၊ ဘာသာရေး ရိုသေကိုင်းရှိုင်း တတ်လာအောင် ပြောဆို ဆုံးမ သွန်သင် လမ်းပြတာတွေ သိပ် မလုပ်နိုင် ကြတော့တာ တွေ့ရပါတယ်။ မိသားစု စားဝတ်နေရေး နောက်ကို မိဘနှစ်ပါး အပြင် အလုပ် လုပ်နိုင်တဲ့ မိသားစုဝင် တွေပါ လိုက်ပါ လုပ်ဆောင် ကြတာ များလာတော့ ကလေးတွေကို မျက်ခြည် ပြတ်သွားသလို ဖြစ်လာတာ တွေ့ရပါတယ်။
အကျိုးဆက် အဖြစ် ကလေးတွေမှာ ကိုယ်ကျိုးတရားနဲ့ ပတ်သက်လို့၊ ဘာသာတရားနဲ့ ပတ်သက်လို့၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံး စံ တွေနဲ့ ပတ်သက်လို့ လမ်းညွှန်မှု ဆုံးမမှုတွေ သိပ် မခံယူရတော့တဲ့ အတွက် အနာဂတ် မျိုးဆက်သစ် လူငယ်တွေလို့ ပြောနိုင်တဲ့ ၁၃ နှစ်၊ ၁၄ နှစ် လူငယ်တွေ အနေနဲ့ ကိုယ်ကျင့် တရားနှင့် ပတ်သက်ပြီး ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်၊
ဘယ်ဟာ က ကောင်းတယ်၊ ဘယ်ဟာ ကတော့ မကောင်းဘူး ဆိုတဲ့ ကိုယ်ကျင့် တရားတွေ၊ ယဉ်ကျေးမှု တွေကို သိနားလည်ဖို့ အခွင့်အရေး နည်းပါးခဲ့တော့ နည်းပညာခေတ်လို့ ပြောနိုင်တဲ့ ကမ္ဘာ့ရွာ ခေတ်ကြီး ထဲမှာ ကိုယ့်လူမျိုးရဲ့ ဓလေ့ ထုံးစံ၊ ယဉ်ကျေးမှု တွေကို ထဲထဲဝင်ဝင် ရင်းနှီးနားလည်မှု အားနည်းခဲ့တဲ့ အတွက်ကြောင့် သူတစ်ပါး လူမျိုး တွေရဲ့ ဟန်တွေ၊ စံတွေနောက်ကို မှားယွင်းစွာ လိုက်ခဲ့ကြ ပြီး ယောက်ျားလေးတွေ ဆိုလည်း ကိုရီးယား မင်းသား တွေလို ဝတ်လာ၊ စားလာ၊ ဆံပင် ဆေးဆိုးတာတွေ လုပ်လာရုံမက မိန်းကလေးတွေ ဆိုရင် ဝတ်စားဆင်ယင် ဆံပင်ထုံးဖွဲ့ ပုံတင်မက အရက်၊ ဘီယာ သောက် တဲ့ ယဉ်ကျေးမှုကြီးကို ပုံတူ ကူးချလို့ ဒုက္ခ ရောက်ရတာတွေ တွေ့နေ မြင်နေရတာ စိတ်မကောင်းကြီး စွာ ဖြစ်ရပါတယ်။
မြန်မာလူမျိုး ဆိုတာ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင် အနုပညာ၊ အတွေးအခေါ် တွေနဲ့ နေလာခဲ့ တာ နှစ်ပေါင်း ရာထောင်ချီ ရှိပြီဖြစ်တဲ့ အတွက် ဘယ်လူမျိုးနဲ့ပဲ ယှဉ်ယှဉ် မနိမ့်ကြောင်း မှတ်ကျောက်တင် ခံနိုင်တဲ့ လူမျိုး ဖြစ်ပါတယ်။ ဒီအချက် တွေကို မျိုးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်း အသိပညာ ဖြန့်ဖြူး ပေးဖို့တော့ လိုနေပြီလို့ ပြောချင် ပါတယ်။
လူငယ်တွေ ဖြစ်တဲ့အတွက် ခေတ်နဲ့အညီ တိုးတက် ပြောင်းလဲမှု အနည်းနဲ့ အများတော့ ရှိနေတာကို လက်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ပျက်စီး သွားစေနိုင်လောက်တဲ့ အထိ ဝတ်စား၊ နေထိုင်မယ် ဆိုရင်တော့ မကြာသော ကာလအတွင်းမှာ မြန်မာ့ ယဉ်ကျေးမှုလို့ ပြစရာ ကျန်တော့မှာ မဟုတ်ပါဘူး။
ကိုယ့်ယဉ်ကျေးမှုကို မေ့နေပြီး အမြင်မှား အားကျနေတဲ့ တိုင်းတစ်ပါး ယဉ်ကျေးမှု အဝတ် အစား၊ အပြောအဆို၊ အနေအထိုင်တွေ နောက် လိုက် တုပ လုပ်နေကြတာကို ထိန်းသိမ်းဖို့က တစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့ မိမိတို့ရဲ့ ကလေးတွေကို ကိုးကွယ် ယုံကြည်မှုနဲ့ ပတ်သက်လို့ မျက်ကန်းတစ္ဆေ မကြောက် အဖြစ်မျိုးနဲ့ ကင်းဝေးစေဖို့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အခြေခံ သင်တန်းတွေကို မြန်မာနိုင်ငံ အနှံ့ အပြားမှာ နွေရာသီ ကျောင်းပိတ်ရက် အတွင်း အဓိကထား ဖွင့်လှစ် သင်ကြား နေကြ တာပဲ ဖြစ်ပါတယ်။
ဒီသင်တန်းမျိုး တွေကို စဉ်ဆက်မပြတ် ဖွင့်လှစ် လုပ်ဆောင် လာကြမယ်ဆိုရင် အနာဂတ် မျိုးဆက်သစ် ကလေး ငယ် တွေရဲ့စိတ်မှာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမ ကိုယ်ကျင့်တရား ဆိုင်ရာ သဘောတရား အတွေး အခေါ် တွေကို ရင်းနှီး ရင့်ကျက် လာစေပြီး လူကောင်းသူကောင်း အဖြစ်တင် မက မြန်မာ့ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို လေးစား တန်ဖိုးထား တတ်သူများ ဖြစ် လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းကို မိမိတို့၏ ကလေးငယ်တွေ ကျောင်းပိတ်ရက်မှာ တီဗွီဂိမ်း ဆော့ကစား စေမည့်အစား မိဘများမှ အနာဂတ် အရေး ချင့်မျှော်တွေးကာ စေလွှတ် သင့်ပါကြောင်း ရေးသား အပ်ပါ သည်။ ။
ရဲထွဋ်(စိတ်ပညာ)
Written by ရွှေတည်
မြဝတီ
အမျိုးအစာ
ဘာသာရေးဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်