Pages

Thursday, 4 April 2013

မြတ်စွာဘုရား ဟောကြားသည့် သိင်္ဂါလောဝါဒ သုတ်လာ အတိုင်း အမျိုး ဘာသာ သာသနာကို စောင့်ထိန်းကြရန်

မြန်မာတို့သည် ရေခံမြေခံ ကောင်းများဖြင့် အတိတ်ကောင်း၊ သမိုင်းကောင်း အစဉ်အလာများ ထင်ရှားစွာ ရှိခဲ့သော လူမျိုးများ ဖြစ်သည်။ ကိုယ်တိုင် ရပ်တည်နိုင်သော နိုင်ငံ၊ ထင်ရှားသည့် လူမျိုး၊ ဘာသာ၊ ကိုးကွယ်မှု၊ ဘာသာ စကား၊ စာပေ၊ ဂီတ၊ အနုပညာ၊ လက်မှု အသက်မွေးမှု  ပညာရပ် များဖြင့် ယဉ်ကျေးမှု အမွေအနှစ် များစွာ လိမ်းကျံ ထုံမွမ်းသော နိုင်ငံအဖြစ် ထူးခြား ထင်ရှားစွာ ရပ်တည် လာခဲ့သည်။

မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများသည် ထေရဝါဒ ဗုဒ္ဓဘာသာ အဆုံးအမဖြင့်''ရှက်ခြင်း ၊ ကြောက်ခြင်း '' ဟူသော ဟီရိသြတ္တပ္ပ လောကပါလ တရားနှစ်ပါး အခြေခံ၍ တိုင်းရင်းသား လူမျိုးစု တို့၏ ယဉ်ကျေးမှု၊ လူမှု ကျင့်ဝတ်များကို စောင့်ထိန်း လာခဲ့ကြပေသည်။ မြန်မာတို့သည် ဇာတိကို ချစ်သည်။   နိုင်ငံကို ချစ်သည်။


အသိ ဥာဏ် ကြွယ်ဝ၍ ဘာသာ သာသနာကို ရိုသေ လေးမြတ်သည့် နှလုံးသား လှပ ကိုယ် ကျင့်သိက္ခာ ပြည့်ဝသည့် လူမျိုးများ ဖြစ်ခဲ့ကြသည်။ ဤကဲ့သို့ အစဉ်အလာ ကြီးမားစွာ နက်ရှိုင်းပြီး   မြတ်နိုး နှစ်သက်ဖွယ် ယဉ်ကျေးမှု အမွေများကို မယိမ်းမယိုင် ခိုင်မြဲအောင် ထိန်းသိမ်း ရမည်မှာ နိုင်ငံသား တိုင်း၏ တာဝန် ဖြစ်ပေသည်။ ယဉ်ကျေးမှု ကွယ်ပျောက်လျှင် လူမျိုးပျောက်မှာ စိုးရပါသည်။ မြေမျို၍ လူမျိုး မကွယ်ပျောက်၊ လူမျိုမှသာ လူမျိုး ကွယ်ပျောက် နိုင်ပါသည်။

မြန်မာတို့၏ ကိုးကွယ်ရာ ဘာသာ တရားကို ရဟန်းတော်များက ဦးဆောင် ပါသည်။ ထို့ပြင် ဆရာတော်ကြီး များသည် အမျိုး၊ ဘာသာ သာသနာကို ကာကွယ်ရန် တာဝန် ရှိကြောင်းကို ဆုံးမ ဟောကြားတော် မူကြပါသည်။ ဆရာတော်များသည် ဓမ္မစာပေ များကို ရေးသားကြ သကဲ့သို့ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်တို့ အမြင်မှန်၊ အသိမှန်များ ရစေရန် ဟောကြားခြင်းများ ရှိပါသည်။ ဆရာတင်မှား၍ သံသရာ တစ်လျှောက်လုံး မမှောက်စေရန်နှင့် ကိုးကွယ်ရာ အစစ်အမှန် ကိုလည်း ညွှန်ပြတော် မူကြပါသည်။

မြန်မာနိုင်ငံကို နယ်ချဲ့တို့ သိမ်းသွင်း အုပ်ချုပ်စဉ် မြန်မာတို့ အိုးအိမ် တိုက်တာ အဆောက်အအုံ များနှင့် အတူ အကျင့်စာရိတ္တ များပါ ပျက်ယွင်း လာခဲ့ရသည်။ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ထိပါး ရိုက်ခတ်ခြင်း ခံလာရတော့သည်။ မြန်မာတို့၏ ရိုးသားခြင်း၊ အသိဥာဏ် အတွေးအခေါ် မကျယ်ပြန့်ခြင်း၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်း ရမည်ကို အလေးအနက် ထားရမှန်း အသိများ နည်းပါး ခဲ့ကြသည်။ မြန်မာ တို့သည် စိတ်ကောင်းရှိ၏။ ဧည့်ဝတ် ကျေပွန်၏။

လူချင်း ခင်လာလျှင် မည်သူ့ကို မဆို ဆွေမျိုး အရင်းသဖွယ် ပေါင်းသင်း ဆက်ဆံ ယုံကြည် တတ်ကြသည်။ ပစ္စည်း ဥစ္စာကို ရှာဖွေလျှင် ဖြစ်စေ၊ သုံးစွဲလျှင် ဖြစ်စေ၊ စနစ်တကျ မရှိ ပေါ့ဆစွာ သုံးသည်။ ကုန်၍ ကုန်မှန်း မသိ၊ မွဲပြာကျမှ လူမျိုးနှင့် ဘာသာတရားကို မျက်ကွယ်ပြု၍ ဖြစ်သလို ရင်ဆိုင်ကြသည်။

ဤအားနည်းချက်ကို အခွင့်ကောင်းယူ၍  တိုင်းတစ်ပါးသား များက ဗဟုသုတ နည်းပါးပြီး ရိုးသားသော မိဘများကို ငွေကြေး ပစ္စည်းများနှင့် မျှားကာ   မြန်မာ   မိန်းကလေးတို့အား အထင်သေးစွာ ချဉ်းကပ် သိမ်းပိုက် ကြလေသည်။

 တိုင်းတစ်ပါးသား တို့သည် ပစ္စည်း ဥစ္စာများဖြင့် ဆင်းရဲ နွမ်းပါးပြီး ဗဟုသုတ နည်းပါးသော အမျိုးသမီး များကို သိမ်းပိုက်ကြသည်။ မိဘ ဆွေမျိုး အသိုင်းအဝိုင်း အချို့ကလည်း ပစ္စည်းဥစ္စာ ချမ်းသာသည်ကို   ကျေနပ် အားရ ဂုဏ်ယူကြသည်။ အမျိုးပျက်၊ ဘာသာပျက် သွားသည်ဟု ဂရုမထား မိတော့ပါ ။ ၎င်းတို့ မွေးဖွား လာသော ရင်သွေးများ ကား မြန်မာသွေး ၊ မြန်မာလူမျိုး များ မဟုတ်တော့ပါ။


မြန်မာနိုင်ငံသား တို့သည် ဘုရားတည်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဆေးမင်ရည် များ စုတ်ဖြင့် ထိုးရာတွင် တည်ပြီး၊ ပြုပြီး၊ ထိုးပြီးမှ ပြင်၍ ဖျက်၍ မရပါ။ ဘဝအတွက် အရေးပါကြောင်း ဖော်ပြသည့် စကားများ ဖြစ် သည်။

ဘဝအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာ အတွက်ဖြစ်၍ နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်၊ ဇာတိဂုဏ်၊  မိသားစု    ဆွေမျိုးဂုဏ် မပျက်အောင် ဆင်ခြင် ထိန်းသိမ်းရမည် ဖြစ်သည်။

ပုဂံပြည့်ရှင် ကျန်စစ်သား မင်းကြီးသည် သမီးတော် ရွှေအိမ်စည်နှင့် အရိယံ နွယ်ဖွား ပဋိက္ကရား မင်းသားတို့ လူငယ်ဘာဝ ရည်ငံနေကြသည်ကို သိသောအခါ အမျိုး ဘာသာ သာသနာ အတွက် ပြင်းထန်စွာ ငြင်းဆန် ခဲ့ပါသည်။

တူတော် စောယွန်း မင်းသားနှင့် သမီးတော်ကို လက်ဆက်   ပေးခြင်းဖြင့်  စောင့်လေမျိုးနွယ် အစဉ် အလာကို  အလေးထား ထိန်းသိမ်း ခဲ့သည် ကို မြန်မာ့ သမိုင်းတွင် ထင်ရှား ရှိခဲ့သည်။

မြန်မာနိုင်ငံသည် အာရှနိုင်ငံ အသီးသီးနှင့် ဆက်နွှယ်သော လမ်းကြီးများဖြင့် ကမ္ဘာတစ်ဝန်းနှင့် ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း အသီးသီး ဆက်သွယ် သွားလာ ကြတော့မည်။

အမျိုးသမီး၊ အမျိုးသားများ အိမ်ထောင်ဖက် များကို ''ကျား'' ဖြစ်လျှင် ပြီးရော၊ ''မ''ဖြစ်လျှင် ပြီးရော သဘော မထားဘဲ လူမှုရေး၊ စီးပွားရေး၊ ဘာသာ သာသနာ အရေး ချင့်ချိန် တွေးတောပြီး လူမျိုးစည်းကို စောင့်ထိန်း ရပါမည်။ လူ့စည်းကို မစောင့်ထိန်း နိုင်ပါလျှင် လူမျိုးပါ ကွယ်၍ အမျိုး၊ ဘာသာ သာသနာပါ ပျောက်ကွယ် နိုင်သည်ကို သတိထား ရပေမည်။

စာရေးသူတို့ မြန်မာများသည် ခေတ်အဆက်ဆက် မညံ့ခဲ့ကြပါ။  ယခုအခါ နိုင်ငံတော် အနေဖြင့် ဘက်ပေါင်းစုံ မှ ပွင့်လင်း မြင်သာစွာ မီးမောင်း ထိုးပြ၍ နိုင်ငံတော် ကြီးကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ များကို မြှင့်တင် ဆောင်ရွက်နေကြပြီ ဖြစ်သည်။

 မြန်မာလူမျိုး အချင်းချင်း လက်လှမ်းမီ သလောက် အသိတရားများ မျှဝေ ပေးခြင်းဖြင့် ဝိုင်းဝန်း တူညီစွာ စောင့်လေမျိုးနွယ် ဟူသော မြတ်စွာဘုရား ဟောကြားသည့် သိင်္ဂါလောဝါဒ သုတ်လာ အတိုင်း အမျိုး ဘာသာ သာသနာကို စောင့်ထိန်း နိုင်ရန် တင်ပြအပ်ပါသည်။ 

ဆောင်းပါးရှင် မေချို(ပျဉ်းမနား)ရေးသားသည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက် ကြပါစို့  ဆောင်းပါးကောက်နှုတ်ချက်

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်