Pages

Friday, 19 April 2013

အိမ်ဆောက်တဲ့အုတ်နဲ့ ရွှေတိဂုံစေတီလို စေတီတည်ထားတဲ့ အုတ် အတူတူဖြစ်လျှက်နဲ့ဘာဖြစ်လို့ စေတီအုတ်ကိုရှိခိုးနေကြရပါသလဲ


ဒီမေးခွန်က  အွန်လိုင်မှာရော အပြင်ပတ်ဝန်းကျင်မှာပါ ဗုဒ္ဓဘာသာအကြောင်းကို မသိကြတဲ့ ဘာသာခြား တစ်ချို့က မေးတတ်တဲ့ မေးခွန်းလေးပါ ကျနော်ကိုယ်တိုင်လည် ကြုံတွေ့ဖူးပါတယ်..အဲဒီတုန်က မသိတော့ ဘာပြန်ပြောလို့ ပြောရမှန်မသိဘူးဖြစ်ခဲ့တာ အဲဒီတော့ ကျနော်လို့ ရုတ်တရပ် အမေးခံရ ပါက ပြန်လည် ရှင်းပြတတ်စေရန် မျှဝေလိုက်ပါသည်။


ရွှေဟင်္သာဆရာတော်နှင့်ဝတ်လုံတော်ရတစ်ဦး၁၂၈၂ခုနှစ်၊ရန်ကုန်မှညောင်တုန်းသို့ အပြန်သင်းဘောပေါ်
တွင်ဖြစ်၏။ အင်္ဂလိပ်လူမျိုးဝတ်လုံတော်ရတစ်ဦးနှင့် စွယ်တော်ကျောင်းဘုန်းကြီးဦးပဏ္ဍိတသိရီ (နောင်ရွှေဟင်္သာ ဆရာတော်)တို့ဆုံမိကြသည်။

ဝတ်လုံတော်ရအမည်မှာ မစ္စတာနီကိုလတ်ဖြစ်၏။ ဦးပဏ္ဍိတသိရီနှင့်မစ္စတာနီကိုလတ်တို့ စကားလက်ဆုံကျရင်း မစ္စတာနီကိုလတ်ကမေးသည်။
"ကိုယ်တော်ဘယ်မှာနေပါသလဲ"
"ညောင်တုန်းမှာပါ"
"မြို့ထဲမှာလား"
“မဟုတ်ပါဘူး၊တောရကျောင်းမှာပါ"
"တောရကျောင်းမှာနေတာကောင်းပါတယ်။ ရန်ကုန်ကဘုန်းကြီးတွေနေဖို့မကောင်းပါဘူး။လောကုတ္တရာပုဂ္ဂိုလ်တွေနဲ့တောအရပ်သင့်ပါတယ်။ရန်ကုန်နဲ့
သိပ်မသင့်ပါဘူး။ကျွန်တော်ကရှေ့နေပါ။ အလုပ်ကို ရန်ကုန်မှာထားတယ်။လူကတော့ အင်းစိန်ဖော့ကန်ခြံ ထဲမှာနေပါတယ်"

ထို့နောက်မစ်စတာနီကိုလတ်ကဦးပဏ္ဍိတသိရီကို ဝိနည်းအကြောင်းနှင့်စပ်သည့်ပြဿနာ အချို့ ကိုမေးရာဦးပဏ္ဍိတသိရီကဖြေဆို၏။ မစ္စတာနီကိုလတ်က သူကောလိပ်နေခဲ့စဉ်က ဝိနည်းကိုလေ့လာ ဖူးကြောင်း၊ လယ်တီဒီပနီများကိုလည်းဖတ်ဖူးကြောင်းပြောသည်။

ထို့နောက်မစ္စတာနီကိုလတ်က ဘာသာရေးပြသနာတစ်ခုမေးပြန်သည်။
"ကိုယ်တော်တိုက်အိမ်ဆောက်တဲ့အုတ်နဲ့ ရွှေတိဂုံစေတီလို စေတီတည်ထားတဲ့ အုတ်ဟာ အုတ်ချင်းတူတူဘဲမဟုတ်လား။ အတူတူဖြစ်လျှက်နဲ့ ဗုဒ္ဓဘာသာတွေကဘာဖြစ်လို့ စေတီအုတ် ကိုရှိခိုးနေကြရပါသလဲ"

"ဒီမေးခွန်းမျိုး ပဲခူးမင်းကြီးမစ္စတာသွီဆင်ဘင့်က လယ်တီဆရာတော်ကြီးကိုမေးဖူးပါတယ်။

အဲ့ဒီ့တုန်းက လယ်တီဆရာတော်ကြီးက “မင်းကြီးအိမ်မှာဇနီးရှိလားလို့မေးပါတယ် ရှိကြောင်းဖြေတော့ သမီးကောရှိလားလို့မေးပြန်တယ်ရှိကြောင်းဖြေတယ်။ အဲ့ဒီ့ဇနီးနဲ့သမီးဟာအမျိုးသမီးချည်ဲးံ မဟုတ်လားလို့ မေးတော့ဟုတ်ကြောင်းဖြေတယ်။

ဒါဖြင့်အမျိုးသမီးချင်းတူရင် သူတို့နှစ်ဦးအပေါ်မင်းကြီးရဲ့ စိတ်ထားပုံချင်းကောတူသလားလို့ လယ်တီဆရာတော်ကြီးကမိန့်တော်မူတော့ ပဲခူးမင်းကြီးဟာ ဟက်ဟက်ပက်ပက်ရယ်မော ကာ သဘောကျကျေနပ်သွားသတဲ့"

ဦးပဏ္ဍိတသိရီကဆက်ပြီးပြောသည်။
"ရွှေတိဂုံစေတီတော်ကြီးကိုရှိခိုးတာဟာ အုတ်ကိုရှိခိုးတာမဟုတ်ပါဘူး။စေတီတော်အတွင်းမှာ ဌာပနာ ထားတဲ့ ၊မြတ်စွာဘုရားရဲ့ ဆံတော် ဓာတ်တော်တွေ မြတ်စွာဘုရား ရဲ့ လောကကောင်း ကျိုးဆောင်ရွက် ခဲ့တဲ့ ဂုဏ်တော်ကျေးဇူးတော်တွေကို အာရုံပြု ရည်မှန်းပြီးရှိခိုးကြတာဖြစ်ပါတယ်။

မြတ်စွာဘုရားရဲ့ ဆံတော်ဓာတ်တော်တွေ ကိန်းဝပ်နေတဲ့နေရာဖြစ်လို့ စေတီတော်ကြီးကိုအလေးပြုကြ ရှိခိုးကြရပါတယ်။"

"ဒကာကြီးတို့ ရေတပ်ဗိုလ်ချုပ်ကြီးနယ်လ်ဆင်ရဲ့ ကြေးရုပ်တုကြီးရှိတယ်မဟုတ်လား။အဲ့ဒီ့ကြေးရုပ်တုကြီးရှေ့
သွားပြီး လူတွေအလေးပြုကြတာဟာ ကြေးကိုအလေးပြုတာလား"

"ဟာမဟုတ်ပါဘူး။ဗိုလ်ချုပ်ကြီးနယ်လ်ဆင်ရဲ့ တိုင်းပြည်အတွက်ဆောင်ရွက်ခဲ့တဲ့ ဂုဏ်ကျေးဇူးကို အာရုံပြုပြီးအလေးပြုတာပါ"
" အဲ့ဒီ့လိုဘဲပေါ့။ဒီမှာလည်း ဗုဒ္ဓဘာသာဝင်တွေဟာ မြတ်စွာဘုရား ရဲ့ လောကကောင်းကျိုးဆောင်ရွက် ခဲ့တဲ့ဂုဏ်တော်၊ကျေးဇူးတော်တွေကို အာရုံပြုပြီး ဆံတော်ဓာတ်တော်တွေ ကိန်းဝပ်နေတဲ့စေတီတော်ကြီး ကိုရှိခိုးကြတာဖြစ်ပါတယ်"

မစ္စတာနီကိုလတ်သည် ဦးပဏ္ဍိတသိရီ၏အဖြေကို သဘောကျကျေနပ်သွား၏။ ရန်ကုန်ရောက်လျှင် သူ့ ခြံသို့ကြွလာပါရန်ဖိတ်ကြားသည်။ ပါလာသည့် ခြံထွက်သစ်သီးအချို့နှင့် မုန့်သေတ္တာဘူး ကိုလည်း လှူဒါန်းပါသည်။

၁၉၉၇ခုနှစ်၊ဒီဇင်ဘာလ၊မြတ်ပန်းရဂုံ၌  အဆွေကြည်(ဆတ်သွား)ရေးသားသည့် ဘာသာရေးပြဿနာ အမေးအဖြေလေးကို ပြန်လည်မျှဝေလိုက်ပါသည်........

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်