Pages

Thursday, 4 April 2013

ငြိမ်းချမ်း ပါစေ ပြည်ထောင်စု အနောက် ပိုင်းက ရခိုင် တို့မြေ(၂)

 
မြို့တော် စစ်တွေမှ ကုန်းလမ်း အတိုင်း မိုင် ၈ဝ ခန့် ခရီးနှင်လာ ပါက ကစ္ဆ ပနဒီ မြစ်၏ အနောက်ဘက် ကမ်းရှိ ကျောက်တော်မြို့ သို့ ရောက်ရှိပါမည်။မြစ်၏ အရှေ့ဘက် ကမ်းတွင် ရှိသော သေလာဂီရိ မောရ သဗ္ဗတ ကျောက်တောင်ကို အစွဲပြု၍ ကျောက်တော်မြို့ ဟု ခေါ်တွင်ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည် ။ ကျောက်တော်မြို့သည် ပလက်ဝ အထက်ပိုင်း တောင်ပေါ်ဒေသ ကျေးရွာများကို အမှီပြု၍ ကုန်သွယ် စီးပွားရေး လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။



  မြို့နယ်အတွင်း လယ်ယာ စိုက်ပျိုးရေး အတွက် ပြိုင်းချောင်း ရေလှောင် တမံနှင့် ဇီးချောင်း ရေလှောင် တမံတို့ ရှိပြီး ပလက်ဝ-ကျောက်တော် ကားလမ်းသည် ရန်ကုန်-စစ်တွေ ကားလမ်းနှင့် ကျောက်တော်မြို့ တွင် ပေါင်းဆုံပါသည်။ ဤလမ်းသည် စစ်တွေ ရေနက် ဆိပ်ကမ်းမှ တစ်ဆင့် အိန္ဒိယ နိုင်ငံနှင့် ကုန်သွယ် ရာတွင် အရေး ပါလာမည့် လမ်းလည်း ဖြစ်ပါ သည်။ ကျောက်တော်မြို့၏ အရှေ့ဘက်တွင် ၂-၁-၂ဝဝဝ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် အရှည် ၂၅၁၂ ပေရှိ ကစ္ဆ ပနဒီ တံတားကြီးမှာ ခိုင်ခံ့ လှပစွာဖြင့် တည်ရှိ နေ ပါသည်။

တံတားကြီးကို ကျော်လွန် ပြီးပါက ရခိုင် ပြည်နယ်၏ ကျက်သရေဆောင် မဟာမုနိ ဘုရားကြီး အားဖူးတွေ့ ရပါလိမ့်မည်။ ဘုရားကြီး၏ သမိုင်း၌ မဟာ သက္ကရာဇ် ၁၂၃ ခု၊ ဘီစီ ၅၅၄ ခုနှစ် တွင် စန္ဒ သူရိယ မင်း၏ မနော အဓိဋ္ဌာန်ဖြင့် ပင့်လျှောက်ချက် အရ မြတ်စွာဘုရား ရှင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော် မှ နောက်ပါ ရဟန်း ၅ဝဝ  ခြံရံလျက် ကောင်းကင်ခရီး ဖြင့် ဓညဝတီ ပြည်သို့ ကြွရောက် လာရာ   သေလာဂီရိ   မောရ သဗ္ဗတ ကျောင်းတော်၌ ပထမဆုံး ရပ်နား သီတင်း သုံးခဲ့ကြောင်း၊ ဘုရားရှင် ကြွရောက်စဉ် စန္ဒ သူရိယ မင်းမှ လူနတ် တို့ကိုးကွယ်ရာ အဖြစ် ကိုယ်တော်နှင့် တစ်ဆံခြည် မချွတ်အောင် တူသည့် ရုပ်တုတော်တစ် ဆူအား ထားရစ်ခဲ့ရန် လျှောက်တင် ခဲ့ကြောင်း၊ ဘုရားရှင်မှ ဗျာဒိတ်တော်နှင့် အညီ   သိကြားမင်း၊ ဝိသကြုံ နတ်သားတို့ကို ခေါ်၍ ငါ၏ ကိုယ်တော်နှင့် တစ်ဆံခြည်မျှ မယွင်းသည့် ရုပ်တုတော်ကို ဤရတနာ တို့ဖြင့် သွန်းလုပ်စေဟု မိန့် ကြားလျက် လက်တော် ခုနစ်ဆုပ်ဖြင့် ရတနာ တို့ကို ပေးခဲ့ကြောင်း၊ သက္ကရာဇ် ၁၂၃ ခုနှစ် ဗုဒ္ဓဟူး နေ့ည သွန်းလုပ်ခဲ့ရာ ကြာသ ပတေးနေ့  မိုးသောက်တွင် ပြီးစီးခဲ့ကြောင်း သမိုင်းကြောင်း အရ သိရှိရ ပါသည်။
                                              ရခိုင်ရိုးရာ ကျင်အားကစားနှင့် ပရိသတ်
ကျောက်တော်မြို့မှ ၂၈ မိုင်ခန့် ခရီး နှင်လာပါက ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး စသော ရခိုင် ရာဇဝင်ပါ ခေတ်ကြီး လေးခေတ်တွင် နောက်ဆုံးဘုရင် ထီးနန်း စိုက်ထူရာမြို့ ဖြစ်သည့် မြောက်ဦးမြို့ သို့ ရောက်ရှိပါမည်။ မြောက်ဦးမြို့တွင် ထင်ရှားသည့် သမိုင်းဝင် ရှေးဟောင်း ဘုရား ပုထိုးများ ရှိရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာသူများဖြင့် အထူးစည် ကားလျက် ရှိပါတော့သည်။ မြောက်ဦးမြို့ ကို အေဒီ ၁၄၃၉ ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန် က တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေးရခိုင် ဘုရင်များ လက်ထက်က အုပ်ချုပ်ရေး၊ ဆက်သွယ်ရေး၊ အချက်အချာ ကျသည့် နေရာတွင် ရှိခဲ့ကြောင်း သိရှိရ ပါသည်။ ယခင်က  မြို့ဟောင်းဟူ၍ လည်းကောင်း၊ ရခိုင်မြို့ ဟူ၍ လည်းကောင်း ခေါ်ဆိုခဲ့ ကြရာမှ ၁၅-၉-၇၈ ရက်နေ့တွင် မူလအမည် မြောက်ဦးသို့ ပြောင်းလဲ မှည့်ခေါ်ခဲ့ကြောင်း သိရှိရ ပါသည်။    မြောက်မြားစွာသော အကြံအစည် များကို ဦးဦးဖျားဖျား အောင်မြင်သဖြင့် လည်းကောင်း၊ မြို့အစု တို့ကို ဦးစွာ တည်ခြင်းကြောင့် လည်းကောင်း မြောက်ဦးဟု ခေါ်တွင်ကြောင်း သမိုင်းက ဆိုပါသည်။

မြောက်ဦးမြို့နှင့် မြောက်ဦးမြို့ရှိ စေတီ ပုထိုးများအား ယဉ်ကျေးမှု ဒေသတစ်ခု အဖြစ် သတ်မှတ်၍  ထိန်းသိမ်းလျက် ရှိရာ စုစုပေါင်း ၁၃၉ ဆူ ရှိကြောင်း သိရှိရ ပါသည်။ ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို)မှ မြောက် ဦးမြို့အား မြန် မာ နိုင်ငံရှိ အခြား ဒေသကြီး ခြောက်ခုနှင့် အတူ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် ရွေးချယ် ထားခဲ့သည်မှာ ရခိုင်သားတို့ အတွက် ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။ ဂုဏ်ယူဖွယ်ရာ အတိဖြင့် ပြည့်နှက်ပြီးသော ဤမြို့နယ် အတွင်း အကြမ်းဖက်သည့် လူအုပ်ကြီး များကြောင့် ကျန်ရစ်ခဲ့ ရသည့် မီးလောင်ပြင် များမှာ မြို့၏ အလှနှင့် မလိုက်ဖက် လှအောင် ဆိုးရွားလွန်းလှ ပါတော့ သည်။

မြောက်ဦးမြို့မှ  ကားလမ်း အတိုင်း ထွက်ခွာ လာပါက မိုင် ၂ဝ ကျော်ခန့်တွင် မင်းပြားမြို့လေး တည်ရှိ နေ ပါသည်။ ရန်ကုန်- စစ်တွေ ကားလမ်းမ ကြီးမှ တောင်ဘက်သို့ ၄ မိုင်ခန့် ဝင်ရောက် ရပါသည်။ မင်းပြားမြို့ အတွက် ဂုဏ်တက်စေသည့် အရာ တစ်ခုမှာ ရန်ကုန်-စစ်တွေ ကားလမ်းမကြီး ပေါ်တွင် ရာမောင်မြစ် ကို ဖြတ်ကူး၍ ခံ့ညား ထည်ဝါလှသည့် ရာမောင်တံတား ကြီး တည်ရှိ နေခြင်းပင် ဖြစ်ပါသည်။ အရှည်ပေ ၁၃ဝဝ ရှိသည့် ရာမောင် ကြိုးတံတား ကြီးကို ၁၅-၁၂-၁၉၉၉ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။


ရန်ကုန်-စစ်တွေ ကားလမ်းမကြီး ပေါ်ရှိ အမ်းမြို့သည် ရခိုင်ပြည်နယ် အလယ်ဗဟို ခန့်တွင် ရှိပြီး အမ်းမှ ရခိုင်ပြည်နယ် အတွင်းပိုင်း မြို့နယ်များ၊ မြောက်ပိုင်းနှင့် တောင်ပိုင်းမြို့နယ် များသို့ ကားလမ်းဖြင့် သွားရောက် နိုင်ပါသည်။ ရေလမ်း ဆိပ်ကမ်းဖြစ်သော တပ်တောင်သို့ ၁၂ မိုင်အရှည် ကားလမ်းဖြင့်လည်း သွားလာနိုင်ကြ ပါသည်။ အမ်းလေယာဉ် ကွင်းသည် ဂျက်လေယာဉ်များ ဆင်းသက်နိုင်ပြီး ရန်ကုန်-အမ်း-စစ်တွေ-အမ်း-ရန်ကုန် ခရီးစဉ် အတိုင်း မြန်မာ့လေကြောင်း လေယာဉ်ဖြင့် သွားလာနိုင်ကြ ပါသည်။

အမ်းမြို့ အောက်ရွာ အနီးတွင် ရှိသော ဟင်းရွက် ရေလှောင် တမံသည် ၂၉၂ ဧက ကျယ်ဝန်းပြီး အမ်းမြို့အား သောက်သုံးရေ ပေးဝေလျက် ရှိပါသည်။ တည်ဆောက်ဆဲ အမ်းချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် အမ်းမြို့၏ အရှေ့မြောက်ဘက် ၃ ဒသမ ၅ မိုင်ခန့် အကွာ အမ်းချောင်းပေါ်တွင် တည်ရှိပါသည်။

ကျောက်ဖြူမြို့သည် ရခိုင် ပြည်နယ်၏ အကြီးဆုံး ဖြစ်သော ရမ်းဗြဲကျွန်း၏ မြောက်ဘက် သံဇိတ် မြစ်ကမ်း တွင် တည်ရှိပါသည်။ ဘင်္ဂလား ပင်လယ်အော်နှင့် ထိစပ်နေသည့် အတွက် ကြောင့် အလွန် လှပသည့် ကမ်းခြေမြို့ တစ်မြို့ ဖြစ်ပါသည်။ ကျောက်ဖြူ-ရန်ကုန် ကားလမ်း သည် အရှည် ၃၉၆ မိုင် ရှိပါသည်။   ကျောက်ဖြူမှ အမ်း- တောင်ကုတ် လမ်းပေါ်ရှိ ကျောက်ဖြူမှ ခိုမင်လမ်းခွဲ အထိ ၂၅ မိုင်ရှိပြီး ၎င်းမှ အရှေ့ ဘက်သို့  ၁၃ မိုင်ခန့် သွားပါက ရမ်းဗြဲမြို့သို့ ရောက်ရှိပါမည်။ မအီမြို့သို့ ၇၇ မိုင်၊ မအီမှ တောင်ကုတ်အထိ ဆိုပါက ၁၁၉ မိုင်ခန့် ကွာဝေး ပါသည်။


ကျောက်ဖြူ-မအီ လမ်းပိုင်းတွင် တံတားကြီး များစွာကို ဖြတ်သန်း ဖောက်လုပ်ခဲ့ရ ပါသည်။ ကျောက်ဖြူ ဘက်မှ အစဉ် လိုက်ဆိုပါက မင်းကြောင်း ချောင်းတံတား၊ ဝမ်ဖိုက်တံတား၊ သဇင်တန် တံတား၊ သံသမချေ တံတား၊ သံသမကြီး တံတား၊ ဒီးဒိုးပေါက် တံတား၊ လုံးတော်ပေါက် တံတား၊ စနဲပေါက် တံတား ၊ကျောက်ကြီးပေါက် တံတားနှင့် မအီ တံတားတို့ ဖြစ်ကြပါသည်။ မင်းကြောင်း ချောင်းတံတား ကြီးမှာ ၂၇ဝ၄ ပေ ရှည်လျားပြီး ရခိုင် ပြည်နယ်၏ အရှည်လျားဆုံး တံတားကြီးပင် ဖြစ်ပါသည်။ ကျွန်းငယ်များဖြင့် ဖွဲ့စည်းထားသော ဤဒေသ အတွင်းရှိ ပြည်သူ အများစုသည် ကမ်းနီး၊ ကမ်းဝေး၊ ရေလုပ်ငန်း များဖြင့်   အေးချမ်းစွာ အသက်မွေးခဲ့ ကြပါသည်။ ယခုတွင်မူ ဥပဒေ ပြင်ပ လုပ်ရပ်များကြောင့် ငြိမ်းချမ်းမှုများ   ပျောက် ကွယ်ကာ မိမိ ပိုင်ဆိုင်ရာ အိုးအိမ်နှင့် မူရင်း အသက်မွေးမှု လုပ်ငန်းများကို စွန့်ပစ် ခဲ့ရပြီး ယာယီ တည်းခိုရာ နေရာများသို့ ပြောင်းရွှေ့ခဲ့ရ ပါတော့သည်။
                         ရခိုင်ပြည်နယ်၏ နယ်စပ်မြို့တော် မောင်တောမြို့ကို တွေ့ရစဉ်

ကျောက်ဖြူမြို့ အတွက် အနာဂတ် ရောင်ခြည်များ ထွန်းလင်းပေးမည့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း ကြီးအား ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် တည်ဆောက်လျက် ရှိပါသည်။

လုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ငန်းသုံး ဆိပ်ကမ်း (Work-Boat Wharf) နှင့် ရေနံစိမ်းတင် ရေနက် ဆိပ်ကမ်း (Tanker Port) ဟူ၍ ဆိပ်ကမ်းနှစ်ခု ပါဝင်ပါသည်။ တန်ချိန် ၅ဝဝဝ မှ ၁ဝဝဝဝ အထိ ကုန်တင် ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် လုပ်ငန်းသုံး ဆိပ်ကမ်းမှာ ၃၁-၆-၂ဝ၁ဝ ရက်နေ့တွင် ပြီးစီးခဲ့ပြီး တန်ချိန် ၃ဝဝဝဝဝ ရှိ ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ် နိုင်မည့် ရေနံစိမ်းတင် ဆိပ်ကမ်းမှာ တည်ဆောက် ဆဲ ဖြစ်ပါသည်။ အရှေ့ အလယ်ပိုင်း ဒေသမှ သယ်ဆောင် လာသည့် ရေနံစိမ်း များကို မဒဲကျွန်း ဒေသ ရေနံစိမ်းတင် ရေနက် ဆိပ်ကမ်းရှိ ရေနံ သိုလှောင်ကန်များ အတွင်းသို့ ထည့်သွင်းပြီး ၎င်းမှတစ်ဆင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ယူနန် ပြည်နယ်အထိ ပိုက်လိုင်းဖြင့် ပို့ဆောင်မည့် အစီအစဉ်   ဖြစ်ပါသည်။ ပိုက်လိုင်း သွယ်တန်းမှု အရှည်မှာ မဒဲကျွန်း ရေနက် ဆိပ်ကမ်းမှ ယူနန် ပြည်နယ်အထိ ၇၇၁ ကီလိုမီတာ ရှိကြောင်း သိရှိရ ပါသည်။


    ကျောက်ဖြူအထူးစီးပွားရေးဇုန်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရေနံစိမ်း တင်ပို့မှုနှင့် အတူ သဘာဝ ဓာတ်ငွေ့ တင်ပို့မည့် အစီအစဉ် ကိုလည်း ပူးတွဲ ဆောင်ရွက်လျက် ရှိပါသည်။ ရခိုင်ကမ်းလွန် ပင်လယ်ပြင် လုပ်ကွက် ဗ-၁ နှင့် ဗ-၃ ရွှေ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ် နိုင်ငံသို့ နှစ်ပေါင်း ၃ဝ တင်ပို့ ရောင်းချမည် ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့များနှင့် ရေနံစိမ်း များကို ပိုက်လိုင်း နှစ်လိုင်းဖြင့် သွယ်တန်း တင်ပို့မည့် အစီအစဉ် ဖြစ်ပါသည်။ ဒေါ်လာ တစ်ဘီလီယံ ကုန်ကျမည့် အာရှတိုက်၏ အကြီးမားဆုံး သဘာဝ ဓာတ်ငွေ့ စီမံကိန်းကြီး ဖြစ် ကြောင်း သိရှိရ ပါသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကြီး နှစ်ခုအား ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့အား ဖြတ်သန်း၍  ဖောက်လုပ် သွယ်တန်းလျက် ရှိကြောင်း သိရှိရ ပါသည်။


ရခိုင် ရာဇဝင်တွင် ထင်ရှားသည့် ဝတီလေးရပ် အနက် ရမ္မာ ဝတီဟု အမည်ရသော ရမ်းဗြဲ ကျွန်းကြီးသည် အရှေ့ အနောက် ၂၁ မိုင်၊ တောင်မြောက် ၃၈ မိုင် ခန့်ရှည် လျားပါသည်။ ရမ်းပြည့် ဟူသည့် ဝေါဟာရမှ ဆင်းသက်လာပြီး စိတ်နှလုံး မွေ့လျော်ဖွယ် အရပ် ဖြစ် သည်ဟု အဓိပ္ပာယ် ရပါသည်။ ရမ်းဗြဲ မြို့နယ်ရှိ ကျောက်နီမော် ကျေးရွာသည် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် အဓိက ကျေးရွာကြီး ဖြစ်ပါသည်။


မာန်အောင် မြို့နယ်အား မာန်အောင်ကျွန်း၊ ရဲကျွန်းနှင့် တိုက်ကျွန်းဟူ၍ ကျွန်းသုံးကျွန်းဖြင့် ဖွဲ့စည်းထား ပါသည်။ မြို့နယ်အတွင်း ၅၁ မိုင် ၄ ဖာလုံ ခန့် ရှည်လျားသည့် ကျွန်းပတ်လမ်း ဖြင့် ဆက်သွယ် သွားလာ   နိုင် ပါသည်။ ရဲကျွန်း ကြက်သွန်နီမှာ ရခိုင်ဒေသ အတွင်း လူကြိုက် များသည့် ကြက်သွန်နီ ဖြစ်သလို ၎င်းကျွန်းမှ စိုက်ပျိုးသည့် ဆေးရွက်ကြီး မှာလည်း မာန် အောင်ဆေး အမည်ဖြင့် ထင်ရှားလှ ပါသည် ။ ရှေးဘုရင်များ လက်ထက်က မာန်အောင် ကျွန်းမှာ မေဃဝတီ အမည်ဖြင့် ထင်ရှားခဲ့ ပါသည်။



ကုန်းလမ်း ဆက်သွယ်ရေးတွင် ရခိုင် ပြည်နယ်သို့ ဆက်သွယ်သည့် အဓိက ဝင်ပေါက် လမ်းမကြီး သုံးခု ရှိပါသည်။ ရန်ကုန်-စစ်တွေ ကားလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ် ကားလမ်းနှင့် သံတွဲ-ဂွ- ငါးသိုင်းချောင်း ကားလမ်းများပင် ဖြစ်ပါသည်။ ဒုတိယ ဝင်ပေါက်လမ်း မကြီး ဖြစ်သည့် ပြည်-ပန်းတောင်း -တောင်ကုတ် လမ်းပေါ်ရှိ တောင်ကုတ် မြို့လေးသည် ရခိုင် ပြည်နယ်၏ အရှေ့ဘက် နယ်စပ်မြို့ တစ်မြို့ဖြစ် ပြီး ရခိုင်ရိုးမ တောင်ခြေရင်းတွင် တည်ရှိ ပါသည်။  ပျဉ်းကတိုး၊ သစ် အမြောက်အမြား ထွက် ရှိရာ ဒေ သဖြစ်ပြီး မာန်အောင်နှင့် ရခိုင်ပြည် နယ်မြောက်ပိုင်းမှ ကုန်စည်နှင့် ခရီးသည်များ ဝင်ထွက် သွားလာရာ အဓိက သင်္ဘောဆိပ်နှင့် ကားဂိတ်များဖြင့် စည်ကားလျက် ရှိပါသည်။


Written by  စကားဝါ
ဆောင်းပါးရှင်- (ကစ္ဆပ နဒီ)
မြဝတီ

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်