“သံသယကို ပယ်ဖျောက် စိတ်နောက်ကိုယ်ပါ မဖြစ်စေရန် ချုပ်တည်း တားမြစ်”
လူတို့နေ့စဉ် နေရေးထိုင်မှုနှင့် လူမှု ဆက်ဆံရေးတွင် အထင်အမြင် လွဲမှားမှု
သံသယများ ပေါ်ပေါက် တတ်သည်။ မိမိတို့နှင့်အတူနေ မဟုတ်၍ မသိမကျွမ်းလျှင်
တစ်ရွာသားနှင့် တစ်ရွာသား၊ တစ်မြို့သားနှင့် တစ်မြို့သား၊ တစ်ရပ်သားနှင့်
တစ်ရပ်သားမှ စ၍ တစ်အိမ်သားနှင့် တစ်အိမ်သား အထိ လူချင်းမ တူ
ကြောက်ရွံ့အပ်သူ၊ ရှောင်ကြဉ် အပ်သူ၊ မယုံသင်္ကာ ဖြစ်အပ်သူ တစ်ဦး အဖြစ်
သတ်မှတ် တတ်ကြ သည်။
သို့သော် တစ်ဦးနှင့် တစ်ဦး ပေါင်းသင်း
ဆက်ဆံမိ၍ တစ်ဦးအကြောင်း တစ်ဦးကောင်းစွာ သိရှိကြသော အခါမူကား
မခွဲခြားတော့ဘဲ မိမိတို့ကဲ့သို့ပင် စားသောက် နေထိုင်ခြင်း၊ မိမိတို့
ကဲ့သို့ပင် ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်းတို့ ရှိကြသဖြင့် ခြားနားမှုမရှိ
အတူတူပင် ဖြစ်ကြောင်း သိလာ ကြရသည်။
တစ်ယောက်အကြောင်း တစ်ယောက်
အပြန်အလှန် နားမလည် ကြခြင်း သည် အထင်အမြင် မှား၍ မသင့် မမြတ် ဖြစ်ဖွယ်ရာ
အကြောင်းဖြစ် သည်။ တစ်ယောက် အကြောင်း တစ်ယောက် ကောင်းစွာ သိနား လည်ခြင်းသည်
သင့်တင့် ညီညွတ်ဖွယ်ရာ ဖြစ်သည့် အပြင် ရှိခဲ့သော ရန်စတို့သည်ပင် ပပျောက်
အေးငြိမ်းဖွယ်ရာ အကြောင်း ဖြစ်သည်။ လောက၌ အငြင်းအခုန် မသင့်မတင့်
ဖြစ်ကြ ရခြင်းမှာ ဖြစ် သင့်သော အကြောင်းကြောင့် ဖြစ် ရခြင်းထက် မဖြစ်သင့်သော
အကြောင်းတရားကြောင့် ဖြစ်ရသည်က ပို၍ များပေလိမ့်မည်။ ဤသို့ ဖြစ်ရသည်မှာ
သံသယ၏ ဆိုးကျိုးပင် ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်
တစ်ယောက် မည်မျှ အခဲမကြေ အတိုက်အခံ ဖြစ်နေကြသော်လည်း တစ်ဦးနှင့်တစ်ဦး
တွေ့ဆုံနှီးနှော၍ တစ်ယောက် အကြောင်း တစ်ယောက် နားလည်အောင် ပြောမိ ကြသောအခါ
ယခင်ကအတိုက် အခံ အခြေအတင် ဖြစ်ရခြင်းမှာ အမှန်အားဖြင့် အခြေ အမြစ်
တစ်စုံတစ်ရာ မရှိ၊ အထင်အမြင် လွဲမှားကြခြင်းကြောင့် ဖြစ်ရသည်ကို
သိရှိကြပြီး သင့်တင့်ငြိမ်းချမ်း သွားတတ်ကြသည်။ ထို့ကြောင့်
ကျွန်ုပ်တို့သည် မည်သည့် အကြောင်း ကိစ္စမျိုး ပေါ်ပေါက်လာသည် ဖြစ်စေ
တစ်ဦးကို တစ်ဦး ရှောင်လွှဲမနေကြဘဲ တစ်ဦးအပေါ် တစ်ဦးနားလည်မှု ရှိအောင်
ကြိုးစား ကြရမည် ဖြစ်သည်။
လူ့ဘဝလူ့လောက အရှုပ်အထွေး အခက်အခဲ
ကြုံသည့်အခါ တစ်ခါ တစ်ရံစိတ်၌ မကောင်းမှု အကြံဆိုး အကြံညစ်တို့
ဝင်စားတတ်ကြသည်။ ထိုသို့ဖြစ် ပေါ်လာသည့် မကောင်းသောအကြံ၊ မကောင်းသော
ဥာဏ်တို့ကို အပြင်သို့ မထွက်အောင် ပိတ်ပင်တားမြစ် ချုပ်တီးခြင်းသည် သာလျှင်
စဉ်းစားဆင်ခြင်တုံ တရားရှိသူ သူတော်ကောင်း ပညာရှိသူတို့ အလုပ်ဖြစ်သည်။
သို့ဖြစ်၍ ပြည်ထောင်စုကြီး အတွင်း တိုင်းဒေသကြီး များနှင့် ပြည်နယ်
အသီးသီး၌ နေထိုင် ကြကုန်သော တိုင်းရင်းသား ညီအစ်ကို မောင်နှမ တို့သည်
လည်းကောင်း၊ တစ်မြို့ တစ်ရွာတည်း နေထိုင်ကြ ကုန်သော ဆွေမျိုး မိတ်သင်္ဂဟ
အပေါင်းတို့သည် လည်းကောင်း၊ ပုထုဇဉ်တို့ သဘော သဘာဝအရ မကောင်း သောအကြံ
မကောင်းသော ဥာဏ်တို့ကို မရှောင်ရှား နိုင်သည့် တိုင်အောင် သံသယဖျောက်၍
စိတ်နောက်ကိုယ်ပါ မဖြစ်စေရန် ချုပ်တည်း တားမြစ်ကြခြင်း သာလျှင် မည်သည့်
ဘာသာတရား ၌ မဆို ကောင်းမြတ်သော သူတော်ကောင်း တို့၏ ကျင့်စဉ်တရား ဖြစ်သည်
ကို နှလုံးသွင်းအပ်ကြောင်း မေတ္တာ ရှေ့ထား၍ နှိုးဆော် တိုက်တွန်း
လိုက်ရပါသည်။ ။
Written by အာယု
မြဝတီ
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်