Pages

Wednesday, 13 March 2013

ဒေါ်အောင်ဆန်းစုကြည်၏ အပြီးသတ်အစီရင်ခံစာအပေါ် သဘောမတူကြောင်း ပြသသည့်အနေဖြင့် ဆားလင်းကြီးမြို့နယ်၌ ဆန္ဒပြနေ



ဆားလင်းကြီးမြို့နယ် တုံကျေးရွာသပိတ်စခန်းတွင် ယနေ့ မတ်လ ၁၃ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က လူအင်အား ၂၀၀ ခန့် လက်ပံတောင်းတောင် စီမံကိန်းအစီရင်ခံစာနှင့် ပတ်သက်၍ လမ်းလျှောက်ဆန္ဒပြပွဲ တစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ပံတောင်းစီမံကိန်း လုံးဝဖျက်သိမ်းရန် တောင်းဆိုနေကြခြင်းဖြစ်ပြီး မတ် ၁၂ ရက် အစိုးရပိုင် သတင်းစာမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအားလည်း ကျေနပ်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။


"ဒီတောင်ကြီးတွေက ဒေသခံတွေရဲ့ အသက်ပါ။ ဒီစီမံကိန်းကို လုပ်ခဲ့တုန်းကလည်း ခြိမ်းခြောက်မှုတွေနဲ့ လုပ်ခဲ့ တယ်။ တောင်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရတဲ့အပြင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုတွေလည်း လုပ်ခဲ့တယ်။ အခုအစီရင်ခံစာမှာ ဒီလောက် မီးလောင်ဒဏ်ရာတွေ ရတာကို မီးခိုးဗုံးလို လုပ်ထားတုန်းပဲ။ ပြီးတော့ စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ တစ်ခုပဲ အဓိကတောင်းဆိုတာ ဖြစ်တဲ့အတွက် ဒီအစီရင်ခံစာကို သဘောမတူပါဘူး။ ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ပါဝင်ခဲ့သော တုံကျေးရွာသပိတ်စခန်းမှ ဒေသခံတစ်ဦးက ဆိုသည်။

သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးညှိနှိုင်းသွားမည် မဟုတ်ကြောင်း၊ လျော်ကြေး လိုချင်သည့် အတွက် ဆန္ဒပြရခြင်း မဟုတ်ဘဲ စီမံကိန်းဖျက်သိမ်းရန်သာ တောင်းဆိုသွားမည်ဖြစ်ကြောင်း တုံကျေးရွာ သပိတ်စ ခန်းမှ မစန္ဒာဝင်းက ဆိုပါသည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ အပြီးသတ် အစီရင်ခံစာပါ ကော်မရှင်၏ တွေ့ရှိအကြံပေးချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိသည့် အချက် များ ပါဝင်သော်လည်း ဒေသခံများနှင့် အငြင်းပွားစရာ အချက်များပါဝင်နေဆဲဖြစ်ကြောင်း ပညာရှင် အချို့က သုံးသပ်ထားသည်။

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်ခြင်းသည် ယင်းဒေသ အကျိုးတစ်ခုတည်း အတွက် မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတွင်းနယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်းကျင်ပြဿနာများ သည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွှေ့နေရာချထားမှု အပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ် ရကြောင်း၊ ကြေးနီသတ္တုတွင်း လုပ်ငန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု (Transparency)၊ သတ္တုတူးဖော် ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျသိရှိ နားလည်စေမှုနှင့် အဆိုပါလုပ်ငန်း များကြောင့်   နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသအတွက် အကျိုးကျေးဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အ ထား၊ အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုး တည်ဆောက်ပေးမှုနှင့် ဒေသခံပြည်သူ များ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း ဘ၀အတွက် ထိရောက်သော စီမံဆောင်ရွက်ပေးမှုများ လိုအပ်သည်ဟု အကြံပြုကြောင်း အပြီးသတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကြေးနီစီမံကိန်းတစ်ခုဖြစ်ပြီး ယင်းသို့ ကြီးမားသော လုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိသည် မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူး မှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ စဉ် ဤအချက်ကို သုံးသပ်၍ အလေးထားပြောကြားခဲ့ကြောင်း အပြီးသတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

လက်ပံတောင်းတောင် အစီရင်ခံစာပါ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအပေါ် မြန်မာ့စီးပွားရေး ဦးပိုင်မှ သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ထို့ပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အနေဖြင့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြအကြံပြု ထားသော   မြေယာလျော်ကြေး ကိစ္စများ၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေး ကိစ္စများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုရေးကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု/ထုတ်လုပ်မှု/လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု အပြည်ပြည် ဆိုင်ရာ လက်မှတ်များရရှိရေး ကိစ္စရပ်များ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ဆာလ်ဖျူရစ် အက်ဆစ် စက်ရုံဆိုင်ရာ ကိစ္စရပ်များ စသည့်အကြံပြုချက်များကို ၀န်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ   ဆောင်ရွက် သွားမည့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီများအား ငှားရမ်း၍ စနစ်တ ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ၀မ်ပေါင်ကုမ္ပဏီက မတ် ၁၃ ရက်နေ့ရက်စွဲဖြင့် သတင်းမီဒီယာများသို့ ပေးပို့ခဲ့သည့် စုံစမ်းစစ်ဆေးရေး   ကော်မရှင်၏ အစီရင်ခံစာအပေါ် ရှင်းလင်းထုတ်ပြန်ချက်တွင် ကျွန်တော်တို့ ၀မ်ပေါင်ကုမ္ပဏီ သည် ဒေသ ခံပြည်သူ များ၏ အကျိုးစီးပွားအပြင် မြန်မာနိုင်ငံ ပြည်သူလူထုများအတွက်ပါ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများ၌ ထိထိရောက်ရောက် စဉ်ဆက်မပြတ် ဆောင်ရွက်အကျိုးပြုသွားမည်ဟု ကျွန်တော်တို့မှ အလေးအနက် ပြောကြားကတိပြုပါသည်ဟု ဖော်ပြထားသည်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်