Pages

Friday, 22 March 2013

“၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သို့ အိတ်ဖွင့်ပေးစာ”



(စေ့စပ်သေခြာသည့် အတွေးနှင့် အရေး)


ကိုမင်းကိုနိုင်ဆီကို ခင်မင်မှု အရင်းခံပြီး စာရေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်တို့ဆီကို စာရေး မယ်လို့ ကြံရွယ်နေခဲ့တာ အခုမှပဲ အထမြောက်ပါတော့တယ်။ ကျွန်တော့်ရဲ့ နာမည်ကိုတော့ မပြောချင်တော့ပါဘူး။ ကျွန်တော်က ကိုမင်းကိုနိုင်တို့လိုပဲ ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသား တစ်ဦးပါပဲ။ ကျွန်တော့်မှာ ပြောစရာလေးတွေ၊ မေးစရာလေးတွေ ရှိနေလို့ ပြောပါရစေ၊ မေးပါရစေ ဆိုပြီး ကိုမင်းကိုနိုင်ဆီမှာ ခွင့်တောင်းပါတယ်။

ဦးဆုံးအနေနဲ့ ကိုမင်းကိုနိုင်တို့တတွေ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တာကို ၀မ်းမြောက်ပါတယ်လို့ ပြောပါရစေ။ ပြီးတော့ နိုင်ငံအတွက် ကျရာနေရာကနေ တတ်နိုင်သရွေ့ အကျိုးပြု လုပ်ငန်းတွေ အင်တိုက်အားတိုက် ဆောင်ရွက်နေတာ၊ စာအုပ်စာတမ်းတွေ ရေးသားနေတာ၊ ပြီးတော့ ဟောပြောပွဲတွေ လိုက်လံဟောပြောနေတာ အဲဒီလိုတွေကို တွေ့ရတော့၊ ကြားရတော့ ကျွန်တော် ချီးကျူးမိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။

အဲဒီလို ကိုမင်းကိုနိုင်တို့တစ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့အတူ “၈၈ မျိုးဆက် ကျောင်းသား အဖွဲ့”ဆိုတဲ့ နာမည်ဟာလည်း နိုင်ငံမှာ ထင်ရှား၊ ကျော်ကြားလာပါတယ်။ လူအများရဲ့ အာရုံစိုက်မှုကိုလည်း ရရှိလာခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ မတင်မကျ၊ ဒွိဟဖြစ်ပြီး စိတ်ထဲကနေ မေးခွန်းတွေ မေးချင်စိတ်၊ သိချင်စိတ်တွေ ဖြစ်ပေါ် လာခဲ့ပါတယ်။

အဲဒီတော့ ကိုမင်းကိုနိုင်တို့ “၈၈ မျိုးဆက်ကျောင်းသား အဖွဲ့”ကို မေးခွန်းလေးတွေ မေးချင် ပါတယ်။ ဒီလို မေးမြန်းတာဟာ မနာလို ၀န်တိုလို့၊ ပျက်စီးစေချင်လို့၊ မုန်းပြီး ကြည့်မရလို့ အဲဒီလို မျိုးတွေ ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ မထင်စေချင်ပါဘူး။

သူငယ်ချင်းတစ်ယောက်၊ ညီငယ်တစ်ယောက်က သိချင်စိတ်နဲ့ မေးတာလို့ ယုံကြည်ပေးပါ။

- ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဆိုတာကို ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့တာလဲ။
- အဲဒီအဖွဲ့ဟာ ဘယ်သူတွေကို ကိုယ်စားပြုသလဲ။
- ၁၉၈၈ ခုနှစ်တုန်းက ကျောင်းသားအားလုံးကို ကိုယ်စားပြုတာလား။
- ကျောင်းသားဆိုရင်လည်း တက္ကသိုလ်ကျောင်းသားတွေကိုပဲ ပြောတာလား။
- တက္ကသိုလ်တွေက ဘယ်တက္ကသိုလ်တွေပါလဲ။
- ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုထဲကို ပြောတာလား။
- ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စတာတွေရော ပါသေးသလား။
- မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ရှိတဲ့ တက္ကသိုလ်တွေရော မပါဘူးလား။
- ကျောင်းသားဆိုတဲ့ စကားလုံးကို သုံးစွဲထားတော့ စတိတ်ကျောင်းသားတွေ ပါသေးသလား။
- စတိတ်ကျောင်းသားဆိုရင်လည်း မူလတန်းကျောင်းသားတွေအထိ ပါသလား။
“၈၈ မျိုးဆက်ကျောင်းသား”ဆိုတဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပါယ်က အလွန်တရာ ကျယ်ဝန်းလွန်း လှပါတယ်။ အဲဒီကျယ်ဝန်းတဲ့ အခေါ်အဝေါ်ကို ကိုမင်းကိုနိုင်တို့က အဖွဲ့အစည်းတစ်ခုအနေနဲ့ ယူသုံး ထားတော့ လူအများရဲ့ စိတ်ထဲမှာ သို့လော သို့လော ထင်မိကြမှာပါ။ အထူးသဖြင့် ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်တွေမှာ ပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများ၊ စတိတ်ကျောင်းသားများက ပိုပြီးတော့ ယုံထင်ကြောင်ထင် ဖြစ်မိကြမှာပါ။ သူတို့လည်းပဲ မေးခွန်းတွေ မေးချင်နေမှာ အသေအချာပါပဲ။
- ဒီအဖွဲ့ ဖွဲ့စည်းလိုက်တာ ငါတို့လည်း မသိလိုက်ရပါလား။
- ၁၉၈၈ ခုနှစ်တုန်းကတည်းက ဖွဲ့ထားတာလား။ အခုမှ ဖွဲ့လိုက်တာလား။
- ငါတို့ရော ပါလို့ရသေးလား။
- ငါတို့လည်း ဒီနာမည်ကို ယူသုံးလို့ ရသလား ...
စသဖြင့် ပေါ့လေ။
၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်တဲ့ ကာလတွေမှာ ကျွန်တော်လည်း ရန်ကုန်မှာ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ရဲ့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့အတူ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်၊ ကိုဝင်းမိုးတို့စပြီး ထင်ရှားလာကြတာ ကျွန်တော် မှတ်မိပါတယ်။ နောက်ပိုင်း ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ရဲ့ ကျောင်းသားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားအဖွဲ့ စတာတွမှာ ကိုမင်းကိုနိုင် ပါဝင်ခဲ့တယ်လို့ ကျွန်တော် သိခဲ့ရပါတယ်။

စစ်အစိုးရလက်ထက်မှာတော့ အဲဒီအဖွဲ့တွေ အားလုံး ပျက်စီးသွားခဲ့ပါတယ်။ ကိုမင်းကိုနိုင်တို့လည်း အကျဉ်းထောင်ထဲကို ရောက်သွားခဲ့တယ် ထင်ပါတယ်။

ကျွန်တော်မရှင်းလင်းတာ တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ အသက်နဲ့အတန်းပါပဲ။ ၂၀၁၂ ခုနှစ်မှာ ကိုမင်းကိုနိုင်ရဲ့ အသက်(၅၀)ပြည့် မွေးနေ့ပွဲ ပြုလုပ်သွားတယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒီလိုဆိုတော့ ကိုမင်းကိုနိုင်က ၁၉၆၂ ခုနှစ်ဖွားပေါ့။ ၁၉၈၈ ခုနှစ်တုန်းက အသက်(၂၆)နှစ် ရှိနေရ မှာပေါ့။

ကိုမိုးသီးဇွန်ရဲ့ စာအုပ်တစ်အုပ်ထဲမှာ သူဟာ ၁၉၆၂ ခုနှစ် ဖွားမြင်ပြီး၊ ၁၉၈၇ ခုနှစ်မှာ ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ဘွဲ့ရခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒါဆိုရင် ၁၉၈၈ ခုနှစ်မှာ သူက တက္ကသိုလ်ကျောင်း သားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျောင်းပြီးသွားတဲ့သူ၊ ဘွဲ့ရသွားပြီး တဲ့သူ အဲလိုမျိုး လူတွေကို ကျောင်းသားလို့ ခေါ်လို့ မရပါဘူး။ ကျောင်းသားမဟုတ်တဲ့သူကို လည်း ကျောင်းသားခေါင်းဆောင်အဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။
ကိုမင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်”ဆိုတဲ့ စာအုပ်ထဲမှာ ကိုမင်းကိုနိုင်ရဲ့ အတ္ထုပတ္တိကို ရှာကြည့်တော့ ကျွန်တော် မတွေ့ပါဘူး။ တခြား ဘယ်နေရာတွေမှာ ရှာကြည့်ရမလဲလို့လဲ ကျွန်တော် မသိပါဘူး။ ဒါကြောင့် မေးခွန်းလေးတွေ မေးကြည့်ချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလို ပါတယ်။
- ၁၉၈၈ ခုနှစ်တုန်းက ကိုမင်းကိုနိုင်က ကိုမိုးသီးဇွန်လို ကျောင်းပြီးထားတဲ့ ဘွဲ့ရထားပြီးတဲ့ သူလား။
- တက္ကသိုလ်မှာ တက်နေဆဲဆိုရင်လည်း ဘယ်တက္ကသိုလ်ပါလဲ၊ ဘယ်နှစ်တန်းလဲ၊ ဘယ်မေဂျာမှာလဲ။

ဒီနေရာမှာ ကျွန်တော့်ရဲ့အကြောင်းကို အနည်းငယ် ပြောပါရစေ။ ကျွန်တော်က ၁၉၆၆ ခုနှစ်ဖွားပါ။ ၁၉၈၈ ခုနှစ်မှာ အသက်(၂၂)နှစ် ရှိနေပါပြီ။ ဆယ်တန်းတုန်းက တစ်ခါ စာမေးပွဲ ကျဖူးပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကာလမှာ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသားတစ်ယောက်ပါ။ အဲဒီတုန်းက ကြို့ကုန်းစက်မှုတက္ကသိုလ်ရဲ့ ပထမဦးဆုံး အရေးအခင်းမှာ သေနတ်ထိမှန်ပြီး သေခဲ့ရတဲ့ “စိုးနိုင်”နဲ့ တစ်တန်းထဲ ဖြစ်ပါတယ်။ “စိုးနိုင်”ဟာ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်လူနာဆောင်မှာ ကျွန်တော်တို့ လက်ပေါ်မှာ တင် သေခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတော့ စာမေးပွဲ တစ်နှစ်ကျဖူးပြီး အသက်(၂၂)နှစ်ရှိနေတဲ့ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ပဉ္စမနှစ်ကို ရောက်နေတဲ့အချိန်မှာ အသက်(၂၆)နှစ် ရှိနေတဲ့ ကိုမင်းကိုနိုင်က ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်မှာ ကျောင်းသား မဟုတ်နိုင်တော့ပါဘူး။ အဲဒီမှာက စတုတ္ထအထိပဲရှိတာ မဟုတ်လား။ ဂုဏ်ထူးတန်းတို့၊ မာစတာတန်းတို့ ရှိပေမယ့် အဲဒီတုန်းက နည်းလှပါသေးတယ်။

ဒါကတော့ နှိုင်းယှဉ်ပြီး တွေးကြည့်မိတဲ့ ကျွန်တော့်ရဲ့အတွေး ဖြစ်ပါတယ်။
နိုင်ငံရေးစိတ်ဝင်စားတဲ့ နီးစပ်တဲ့သူတွေကို ကျွန်တော် မေးကြည့်မိတော့ ဘယ်သူမှ မသိကြပါဘူး။ ကိုမင်းကိုနိုင်ဟာ ၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသားတော့ ဟုတ်မှာပါတဲ့။ စာမေးပွဲ တွေ ကျနေလို့ ဖြစ်မှာပေါ့ဆိုပြီး ထင်ကြေးနဲ့ ပြောကြတယ်။ နိုင်ငံရေးလုပ်တော့ စာမေးပွဲ ခဏ ခဏ ကျနေတာ ဖြစ်မှာပေါ့လို့လည်း ဆက်ပြော ကြသေးတယ်။ အဖြေကို အတိအကျ မသိရတော့ ကျွန်တော် မချင့်မရဲ ဖြစ်ရပါတယ်။
၁၉၈၈ ခုနှစ် မတိုင်မှီအထိ ကျောင်းသားတွေထဲ က နိုင်ငံရေးလုပ်တဲ့သူဆိုလို့ ကျွန်တော် သိရ သလောက် မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီတုန်းက “မဆလ”အစိုးရက နိုင်ငံရေးလှုပ်ရှားမှုတွေ ကို အပြင်းအထန် နှိပ်ကွပ်ထားတာကိုး။ အဲဒီတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ မရှိသေးပါဘူး။

အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မယ့်သူ၊ နောင် တစ်ခေတ်မှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်မယ့်သူတွေရဲ့ ကိုယ်ရေးရာဇ၀င်၊ အတ္ထုပတ္တိတွေကို အများပြည်သူကသိဖို့ အရေးကြီးလှပါတယ်။ အခုလို ကျောင်းသား တက္ကသိုလ်ကျောင်းသားလို့ဆိုပြီး ရောကြိတ်လို့ မဖြစ်ပါဘူး။ ဒါမှလည်း အများက စိတ်ရှင်းရှင်းလေးနဲ့ နှိုင်းယှဉ်ရွေး ချယ်နိုင်မှာပေါ့။ သူ့နောက်ကိုလည်း ယုံယုံကြည်ကြည်နဲ့ လိုက်နိုင်မှာပေါ့။
ပြီးတော့ ခေါင်းဆောင်လုပ်မယ့်သူတွေရဲ့ ပညာအရည်အချင်း၊ ဥာဏ်ရည်ဥာဏ်သွေး စတာတွေ ကိုလည်း ထည့်ပြီး စဉ်းစားရမယ် မဟုတ်လား။ ဥပမာပြောရရင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ခေါင်းဆောင်တွေ စာမေးပွဲကျဖူးတယ်လို့ ကြားဖူးကြလို့လား။ စာညံ့တယ်လို့ များ သိကြလို့လား။

ပြောစရာ နောက်တစ်ချက် ရှိနေပါသေးတယ်။ “ငါတို့က ထောင်ကျခံပြီး အများအတွက် အနစ်နာခံထားရတာ”ဆိုပြီး နေရာယူချင်တဲ့သူတွေ၊ နေရာတကာ ၀င်ပါချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ထောင်ထွက်လက်မှတ်ကို အလွဲသုံးစား မလုပ်ကြနဲ့”လို့ ပြောဖူးပါတယ်။
နိုင်ငံရေးလုပ်လို့ ထောင်ကျခံရတာ၊ အများရှေ့ကနေ မားမားမတ်မတ် ရပ်ပေးရလို့ အနစ်နာခံ ရတာ၊ အဲဒီသူတွေကို ချီးကျူးမိပါတယ်။ ကိုယ်ကျိုးကို စွန့်လွှတ်နိုင်လို့လည်း လေးစားရပါတယ်။ ကျွန်တော်လည်း အဲဒီလိုမျိုး မလုပ်နိုင်တာ ၀န်ခံပါတယ်။ ဒါမျိုးက လူနည်းစုသာ လုပ်နိုင်တဲ့ အရည် အချင်း တစ်ခုပါပဲ။

အဲဒီလို တိုင်းပြည်အတွက်၊ အများအတွက် ကိုယ်ကျိုးစွန့်ခဲ့၊ အနစ်နာခံခဲ့ကြတဲ့သူတွေ မြန်မာ့ သမိုင်းမှာ အများကြီး ရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ကိုယ်ကျိုးစွန့်၊ အနစ်နာခံရုံမျှလောက်နဲ့ နိုင်ငံကို ဦးဆောင်နိုင်မယ့်သူရဲ့ အရည်အချင်း မဟုတ်သေးပါဘူး။ အခြား ဥာဏ်ရည်မြင့်မားမှု၊ ပါးရည်နပ်ရည်ရှိမှု၊ ကိုယ်ချင်းစာတတ်မှု၊ အမျှော် အမြင်ရှိမှု၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မှု စသလို အရည်အချင်းများ လိုအပ်ပါသေးတယ်။

ဥပမာဆောင်ယူပြရရင် လွတ်လပ်ရေးမရခင်ကာလတွေတုန်း က မြန်မာ့သမိုင်းမှာ နိုင်ငံရေးသမား တွေ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းကြတဲ့သူတွေ အများကြီး ရှိခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရက အဲဒီသူတွေကို အခါအားလျော်စွာ ဖမ်းဆီးထောင်ချပါတယ်။ တားဆီးနှိပ်ကွပ်ပါတယ်။ တချို့နိုင်ငံရေးသမားတွေဆိုရင် ထောင် ခဏ ခဏ ကျဖူးပါတယ်။ အဲဒီလို နိုင်ငံရေးသမားတွေထဲမှာ ထောင်ကျတဲ့အကြိမ် အများဆုံးကို ခံခဲ့ရတဲ့သူက “သခင်ဗစိန်”လို့ သိရပါတယ်။ အဲဒီလို နိုင်ငံရေးသမား တွေထဲမှာ ထောင်တစ်ခါမှ မကျဘူးတဲ့ သူလည်း ရှိပါသေးတယ်။ အဲဒီသူကတော့ အများသိကြတဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။

ဟိုတစ်လောက ရေဒီယိုကနေ မှတ်သားစရာ အဆိုအမိန့်လေးတစ်ခု ကြားလိုက်ရပါတယ်။

“ဝေဖန်ပါ၊ ဝေဖန်ပါ ဆိုပြီး ပြောနေကြပေမယ့် အဆိုးကို ဝေဖန်တော့ သဘောမကျချင်ကြဘူး။ တကယ်တမ်း သူတို့ လိုချင်နေတာက ချီးကျူးမှုကို လိုချင်တာပဲ ဖြစ်တယ်”တဲ့။

သိပ်ကိုကောင်းပြီး၊ ကိုယ့်ကိုယ်ကို ဝေဖန်သင့်တဲ့ အဆိုအမိန့်လေး ဖြစ်ပါတယ်။ အခုလည်း ကိုမင်းကိုနိုင်တို့အပေါ် ကျွန်တော်အဆိုးတွေ ဝေဖန်မိသလို ဖြစ်သွားပါပြီ။ စိတ်တော့ မဆိုးလိုက်ကြပါနဲ့။ ၈၈ မျိုးဆက် ကျောင်းသားအချင်းချင်း အကြံပေး၊ ဝေဖန်တယ်လို့ပဲ မှတ်ယူပေးပါ။
ကိုမင်းကိုနိုင်တို့တစ်တွေ ဒီထက်ပိုပြီး နိုင်ငံအကျိုး၊ လူအများရဲ့ ကောင်းကျိုးတွေကို ဆောင်ရွက် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
စာရေးဆရာ စိန်အိုးစည် ပြောနေကြ စကားလေးတစ်ခွန်းနဲ့ ဒီစာကို အဆုံးသတ်လိုက်ပါတယ်။
“လွန်တာရှိရင် ၀န္ဒာမိပါ။”
Credit to : Aung Kyaw Min

 —

1 comment:

  1. ဒေါ်ခင်ပြုံး23 March 2013 at 04:00

    မင်းကိုနိုင် အထက်မေးခွန်းတွေကို မှန်မှန်ကန်ကန် တိတိကျကျ မလိမ်မညာဘဲ ဖြေပေးပါ

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်