Saturday, 23 February 2013
“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း”
(မန္တလေးတိုင်းမ်ဂျာနယ်ပါ ဦးဝီရသူ၏ ဩဝါဒကထာ)
မိမိအကျိုး၊ ဆောင်သယ်ပိုးက၊ ဆွေမျိုးမဟူ၊ မည်သူမဆို၊ ချစ်ကြည်ညိုလော့၊ အဟိုရှေးက၊ ညွှန်၌ကျသား၊ သီဟရာဇာ၊ ကေသရာကို၊ ယက်ကာမြေခွေး၊ သက်ကယ်ပေး၍၊ သားမြေးခုနှစ်ဆက်၊ ချစ်မပြတ်အောင် ၊ နှစ်သက်ကြည်ညို၊ ပေါင်းဖက်ကြို၏။ (မဃဒေဝ- ၂၂၀)
ဇာတကပါဠိတော်၊ ဒုကနိပါတ်၊ ဂုဏဇာတ်တော်မှာ နွံထဲ (၇)ရက်တိတိနစ်နေပြီး အစာရေငတ်မွတ်နေ တဲ့ ခြင်္သေ့မင်းကို မြေခွေးတစ်ကောင်းက ကယ်တင်ခဲ့ပါတယ်။ အသက်သခင် ကျေးဇူးရှင်မြေခွေး ကို ခြင်္သေ့မင်းက ပြန်လည်ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့အနားခေါ်ထားပြီး ကျွေးမွေးစောင့်ရှောက် ထား ပါတယ်။ ဒီလိုနဲ့ ခြင်္သေ့မင်းနှင့် ခြင်္သေ့မမှ မျိုးဆက်ခုနှစ်ဆက်၊ မြေခွေးနှင့် မြေခွေးမမှ မျိုးဆက် ခုနှစ်ဆက် ပေါက်ဖွားခဲ့ပါတယ်။
ဇာတ်မတူတဲ့ တိရစ္ဆာန် (၂) မျိုးဟာ မိဘချင်းမိတ်ဆွေဖြစ်ရာမှ သားသမီး မြေးမြစ်ခြင်း သူငယ်ချင်း အရင်း ချာများ ဖြစ်သွားကြပြီး အေးအတူပူအမျှ နေထိုင်လာခဲ့တာ စကားများခြင်း ရန်ဖြစ်ခြင်းတောင် မရှိခဲ့ ကြပါဘူး။
အဟိတ်တိရစ္ဆာန်တွေတောင် အမျိုးမတူ ယဉ်ကျေးမှုစရိုက်ချင်းမတူဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ကြသေးတာ တိရစ္ဆာန်ထက်အသိဉာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေကကော ဘာသာမတူ လူမျိုးကွဲပြား ရုံလေးနဲ့ ဘာလို့မနေထိုင်နိုင်ရမှာလဲ။
ဤအရှင့်သဘောကို ပြောရမယ်ဆိုရင်တော့ မြေခွေးဟာ ခြင်္သေ့အကျိုးလိုလားသလို မြန်မာ့မြေ မြန်မာ့ ရေကို မှီခိုနေကြသူတွေဟာ အမိမြန်မာပြည်ရဲ့ အကျိုးကိုလိုလားမယ်ဆိုရင်၊ ခြင်္သေ့ဟာ မြေခွေးရဲ့ကျေးဇူးကို သိတတ်သလို အမိမြန်မာပြည်ရဲ့ကျေးဇူးတရားကိုသိတတ်မယ်ဆိုရင် ဘာသာမတူ လူမျိုးကွဲပြားသော် လည်း အားလုံးဟာ မိတ်ဆွေတွေပါပဲ လို့ ပြောချင်ပါတယ်။
ဒါကြောင့် မြန်မာပြည်မှာ မှီတင်းနေထိုင်သူအားလုံး အမိမြေကို သစ္စာမဖောက်ဖို့၊ အမိမြေကို မဖျက်ဆီးဖို့၊ အမိမြေရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေဖို့၊ မိမိမှီခိုရာ လူဘောင်အဖွဲ့အစည်းကို သစ္စာမဖောက် ဖို့၊ ကျေးဇူးတရား ကိုနားလည်ဖို့ လိုအပ်ပါတယ်။
ကမ္ဘာသူ ကမ္ဘာသားအား လုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပါစေ……..
ဦးပဉ္စင်း ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်း၊
မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြိုနယ်၊
မန္တလေး။
အမျိုးအစာ
ဘာသာရေးဆောင်းပါး
Subscribe to:
Post Comments (Atom)
ဘုန်းဘုန်းဒီလိုတရားမျိုးဟောလိမ့်မည်လို့မထင်ခဲ့မိတာ အမှန်ပါ။ အခုလိုဟောတော့လေးစားရပါတယ်။ အင်တာ နက်မှာသာတယောက်နဲ့တယောက်မမြင်ရတော့ အားနာ မှုမရှိရန်လိုနေကြတာပါ။ လက်တွေ့ဘဝတွေမှာတော့ များသောအားဖြင့်တကယ့်ဆွေမျိုးတွေလိုပါပဲ။ ကမ္ဘာဆုံး တိုင်ငြိမ်းချမ်းစွာနေထိုင်နိုင်ကြပါစေ။
ReplyDelete