Pages

Wednesday, 16 January 2013

ဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖေါက်နေသော Eleven Media Group အားအရေးယူရန် တိုင်စာပို့ပြီး


ဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖေါက်နေသော Eleven Media Group အားအရေး ယူပေး ပါရန်။တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ အမေဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးနှင့်တကွ တာဝန်ရှိလူကြီးမင်းများရှင့် အီလက်ထရွန်းနစ်ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံသားအခွင့် အရေး များအား ပြောင်ပြောင်တင်းတင်းချိုးဖေါက်နေသော Eleven Media Group မှ တာဝန်ရှိသူများ ကို အရေးယူပေးပါရန် တိုင်ကြားအပ်ပါတယ်။

(၁)။ Eleven Media Group ဟာပြီးခဲ့တက်ရက်များအတွင်းက ၄င်းတို့ရဲ့ အင်တာနက်စာမျက်နှာများနဲ့ Facebook လူမှုကွန်ရက်စာမျက်နှာများမှာ ၄င်းတို့အင်တာနက်စာမျက်နှာကို DDos ဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေကြောင်း၊ ထိုသို့ခြိမ်းခြောက်သောသူမှာ အစိုးရနှင့် စစ်တပ်ဘက်မှဖြစ်ရန်သေချာ သလောက် ရှိကြောင်းနှင့် တဖန် ၄င်းတို့ အင်တာနက်စာမျက်နှာများ နှစ်ရက်ဆက်တိုက် အတိုက်ခံရခဲ့ကြောင်းနှင့် ထိုသို့တိုက်ခိုက်သူများမှာ အစိုးရဘက်မှဖြစ်နိုင်ကြောင်း စွတ်စွဲရေးသားခဲ့ပါတယ်။


စာအရေးအသားများမှာ တိတိကျကျ စွတ်စွဲထားခြင်းမရှိသော်လည်း သာမာန်အားဖြင့် စာဖတ်သူတို့ ၏စိတ်ထဲတွင် Eleven Media Group ၏အကျိုးစီးပွားကို နိုင်ငံတော်အစိုးရနှင့် စစ်တပ်မှ ဖျက်လိုဖျက်စီး လုပ်နေသည်ဟု မှတ်ယူသွားနိုင်စေရန်ရည်ရွယ်ရေးသားထားကြောင်းနှင့် - တကယ်တွင်လည်း ထိုသို့ မှတ်ယူသွားနိုင်စေကြောင်း ထင်ရှားပေါ်ပေါက်ပါတယ်။ ထိုသို့အများပြည်သူက မှတ်ယူပါကလည်း အစိုးရအနေဖြင့်သိက္ခာကျနိုင်စရာရှိတယ်ဆိုတာ အထင်အရှားဖြစ်ပါတယ်။

(၂)။ ၂၀၀၄ ခုနှစ်၊ အီလက်ထရွန်းနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄ (ဃ) မှာ မည်သူမဆို အီလက်ထရွန်းနစ် ဆက်သွယ်ရေးနည်းပညာသုံးပြီး သူတပါးသိက္ခာကျအောင်မဟုတ် မတရားစွတ်စဲလျှင် ထောင်ဒဏ် (၅) နှစ်အထိအပြစ်ပေးနိုင်ကြောင်း အတိအလင်း ပြဌာန်းထားပါတယ်။

(၃)။ အဲဒါကြောင့် ယခုရက်များအတွင်း Eleven Media Group ရဲ့ရေးသားချက်များဟာ အီလက်ထရွန်းနစ် ဥပဒေပုဒ်မ ၃၄(ဃ) နဲ့ညိစွန်းနေတယ်ဆိုတာ ထင်ရှားပေါ်ပေါက်တဲ့အတွက် အရေးယူပေးပါရန်တောင်းဆို အပ်ပါတယ်။

(၄)။ ထပ်မံ၍တင်ပြရလျှင် EMG မှ သတိပေးချက်တစ်ခုတွင် ၄င်းအားတိုက်ခိုက်သူများမှာ အစိုးရနှင့် ဆက်နွယ်နေသူများဖြစ်ကြောင်း အများပြည်သူထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားထားခဲ့ပါသည်။ အင်တာနက်ဆိုင်ရာ တိုက်ခိုက်ချင်းများတွင် တိုက်ခိုက်သူအနေဖြင့် ၄င်းမည်သူမည်ဝါဖြစ်ကြောင်း အတိအလင်း ဖေါ်ပြတိုက်ခိုက်လေ့မရှိပဲ။ ၄င်းအားခြေရာခံမမိစေရန်ရတတ်သမျှနည်းလမ်းများ အသုံးပြု တိုက်ခိုက်ကြောင်းလူတိုင်းအသိပင်ဖြစ်ပါတယ်။

သို့ဖြစ်ပေရာ ...... Eleven Media Group ၏ အင်တာနက်စာမျက်နှာအား ပထမအကြိမ်တိုက်ခိုက်ခံရပြီး ၂၄ နာရီမပြည့်မီပင် ဒုတိယအကြိမ်တိုက်ခိုက်မှုအား ကာကွယ်မပေးနိုင်ခဲ့သည့် Eleven Media Group ၏နည်းပညာကျွမ်းကျသူဆိုသူများက အဆိုပါတိုက်ခိုက်သူများအား ခြေရာခံဖေါ်ထုတ်နိုင်သည်ဆိုသည့် ကိစ္စမှာ စဉ်းစားစရာပင်ဖြစ်ပါသည်။

သီရိမင်းကျော်

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်