Pages

Tuesday, 8 January 2013

အပစ်ခတ်ရပ်စဲရေး ၇၅ ရာခိုင်နှုန်းအောင်မြင်ဟု ကာကွယ်ရေးဦးစီးချုပ် ပြော



From : dvb
အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက အပစ်ခတ်ရပ်စဲရေးဆိုင်ရာ လုပ်ဆောင်ရမှာ ၇၅ ရာခိုင်နှုန်းအောင်မြင်နေပြီး ရာနှုန်းပြည်အောင်မြင်ဖို့ ဆက်လုပ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ဇန်န၀ါရီလ ၆ ရက်နေ့ တွေ့ဆုံခဲ့စဉ်က ကာကွယ်ရေးဦးစီးချုပ်က အခုလို ပြောဆိုလိုက်တာလို့ ကေအန်ယူ တွဲဖက် အထွေထွေအတွင်းရေးမှူး ၂ ပဒိုမန်းမန်းက ပြောပါတယ်။



“ကာကွယ်ရေးဦးစီးချုပ် သူ့ရဲ့ ပြောဆိုတာ သဘောထားအပေါ်မှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အောင်မြင်အောင် ဆက်လုပ်သွားနိုင်ဖို့ ပြောပြတာ ကြားသိရတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အပိုင်းမှာ. အထူးသဖြင့် စစ်ဘက်ပိုင်းဆိုင်ရာ၊ တပ်ဘက်ပိုင်းဆိုင်ရာ၊ အပစ်အခတ်ရပ်စဲရေး ပိုင်းဆိုင်ရာကိစ္စတွေမှာ သူ့ဘက်ပိုင်းမှာကတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်တဲ့အခါမှာ ၇၅ ရာခိုင်နှုန်းလောက် အောင်မြင်နေပြီလို့တော့ သူယုံကြည် ယူဆ လက်ခံနေတယ်။ ကျန်တဲ့အပိုင်းတွေကိုလည်းပဲ ရာနှုန်းပြည့်အောင်မြင် ဖို့လည်း သူဆက်လက် လုပ်မယ် ဆိုတာတော့ ပြောဆိုခဲ့တယ်။ ဆိုလိုတာကတော့ အဲအပိုင်းမှာ သူကြိုးစားဆောင်ရွက်မယ် အဲဒါမျိုး ပြောဆို ခဲ့တယ်။”

ကာကွယ်ရေးဦးစီးချုပ်က အခုလို ပြောဆိုပေမယ့် လက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် ဌာနချုပ် ရှိရာ လိုင်ဇာမြို့ကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ အပေါ် မေးမြန်းကြည့်ရာမှာ တပ်မတော် ရဲ့ ရိက္ခာလမ်းကြောင်းကို ဦးတည်တိုက်ခိုက်တာဖြစ်ပြီး ကချင် ဌာနချုပ်လိုင်ဇာကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုခဲ့တယ်လို့ ပဒိုမန်းမန်းမန်းက ဆိုပါတယ်။ “ကျနော်တို့ဘက်ကလည်း ကချင်မှာ လေယာဉ်နဲ့ တိုက်နေတဲ့ကိစ္စတွေကို ပြောပါတယ်။

 ဒီလောက်ကြီး ကြီးကြီးမားမားမဖြစ်သင့်ကြောင်းလည်း ပြောပါတယ်။ အဲတော့ သူတို့ဘက်ကလည်း ဆက်သွယ်ရေး၊ ရိက္ခာလမ်းကြောင်း၊ ကားလမ်းတွေအပေါ် အဓိက ဦးတည်တိုက်ခိုက်တာ ဖြစ်ပါတယ်ပေါ့။ နောက် လိုင်ဇာ ကချင်ဌာနချုပ်ကို သိမ်းပိုက်ဖို့လည်း သူတို့မှာ အစီအစဉ်မရှိဘူးဆိုတာ ပြောပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း၊ ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းတွေကို ပေါက်နိုင်ပြီဆိုရင်တော့ လက်ရှိ ဌာနချုပ်အထိတော့ စဉ်းစားဖို့ မရှိဘူးပေါ့။ ” ကရင့်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အခုလ ၆ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။ 

ဒီတွေ့ဆုံမှု အတွင်း ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးကိစ္စအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ ကချင်ဒေသ အခြေအနေတွေကို ဆွေးနွေးခဲ့ပြီး ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ရပ်စဲပြီး မှသာ နိုင်ငံရေး အဆင့် ဆက်ဆွေးနွေးဖို့ ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။ 

ဒါအပြင် နိုင်ငံရေးအဆင့် ဆွေးနွေးနိုင်ဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ခိုင်မြဲအောင် လုပ်ဆောင်ဖို့ လိုပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အစပျိုးနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ (ယူအန်အက်စီ) ကိုယ်စားလှယ်နဲ့ လာမယ့် ဇန်န၀ါရီလ လယ်လောက်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးက ဦးဆောင်ပြီး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း၊ ဗဟိုကော်မီတီဝင် ပဒိုမန်း ငြိမ်းမောင်၊ ပဒိုစောရောဂျာခင်နဲ့ ပဒိုစောလှထွန်းက ဇန်န၀ါရီလ ၃ ရက်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့ကြပြီး ဒီနေ့မှာတော့ နယ်စပ်ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်