“သင်္ချိုင်းစောင့်စံအိမ်”၊ “သုသာန်စောင့်မဖဲဝါ”၊ “သရဲမလင်”၊ “တစ်နပ်စားခင်မှုန်”၊ “ခြတောင်ပို့ဖြို၍ ကြမ္မာ ဆိုးနှင့်သေကြသူများ”၊ “၀က်မိစာ”၊ “အမေကို ပစ်မှားတဲ့ ဘီလူးဝင်စားသား”၊ “မကျွတ် မလွတ်ကျော်မမ”၊ “လက်ပြတ်ဝင်စား မလှရီ”မြန်မာ ဗီဒီယိုဈေးကွက် ဗဟိုချက်ဖြစ်သော ရန်ကုန်မြို့လယ် ၃၅ လမ်းနှင့် ၃၆ လမ်းရှိ ဗီဒီယိုလုပ်ငန်းများတွင် ကြော်ငြာထားသောဇာတ်ကားဆိုင်းဘုတ်အမည်များဖြစ်၏။
“သရဲကားတွေ ချည်းပဲနော်”
“အေး သရဲခေတ်ရောက်နေပြီလေ” ရန်ကုန်မြို့လယ် ၃၆ လမ်း တွင်းသို့ ဖြတ်လျှောက်လာသည့် သားအမိ နှစ်ဦးထံမှ ထွက်ပေါ်လာသော စကားသံဖြစ်သည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်က တရားမ၀င် ပျံ့နှံ့ခဲ့သော “မိုင်တိုင် ၇၆” ဇာတ်ကားမှ အစပြု၍ သရဲ တစ္ဆေ ဇာတ်ကားများတစ်ခေတ် ပြန်ထလာခဲ့သည်။ယင်းမှာသရဲကားများကို ဈေးကွက်က တောင်းဆိုလာချိန်နှင့် အချိန်ကိုက်ပင် ၂၀၁၁ ဒီဇင်ဘာလမှစ၍ ဆင်ဆာ စည်းကမ်းချက် အချို့ကို ဖြေလျှော့လိုက်ရာ သရဲ တစ္ဆေ ဇာတ်ကားများ တလဟောထွက်ရှိလာသည်။ဆင်ဆာ ဖြေလျှော့မှု အလွန်တွင် သရဲကားများနည်း တူ ဖြစ်ရပ် မှန် ဇာတ်လမ်း များ၊ ချစ်ခန်း၊ ကြိုက်ခန်းများ ပိုမိုအတင့်ရဲလာကာ ယခင်မတွေ့ရသော ဇာတ်ဝင် ခ န်းများ ပါရှိသော ဇာတ်လမ်း များ ခပ်စိပ်စိပ် ထွက်လာသည်။သရဲကားများကို ထုတ်လုပ်ရေး တိုက်များက စရိတ် နည်း နည်းဖြင့် ကန်ထရိုက်ပေးကာ သုံးရက်နှင့် တစ်ကားအပြီး ရိုက်ကူးလာသည်။
ယင်းဇာတ်ကားများကို နယ်မြို့များက တစ်ခဲနက် အားပေးလာရာ ရန်ကုန်မြို့ ပေါ်တွင် မကြားဖူးသော မင်းသားမင်းသမီးများမှာ နယ်မြို့များတွင် အောင်မြင်နေကြသည်။“နယ်မှာ အခု အပေါက်ဆုံး မင်းသား ကတော့ ဂျိမ်းစ်ပဲ။ သူထူးစံနဲ့ ဆင်တယ်လေ” ဟု ၃၅ လမ်းရှိ နယ်ကြိုက်ကားများ ထုတ်လုပ် သည့် Golden Spider ထုတ်လုပ်ရေးမှ ဦးတင်ကိုကပြောသည်။
ထိုသရဲကားများကြောင့် မြန်မာ ဗီဒီယို ဇာတ်ကားများကို ပရိသတ်များက ဝေဖန်လာသူများလည်းရှိ သည်။ “သရဲကားတွေက ကြောက်ဖို့လည်း မကောင်းဘူး။ ရယ်စရာကြီးတွေ” ဟု အသက် ၂၃ နှစ် အရွယ် အမျိုး သမီး ပရိသတ် တစ်ဦးက ပြောသည်။
သို့သော် ဗီဒီယို ဈေးကွက်အခေါ် အောက်ကားဟု သတ်မှတ်ထားသော ယင်းဇာတ်ကားများက ဗီဒီယို ထုတ်လုပ်ရေးမှ အောက်ခြေ လူတန်းစားများ နေ့စဉ် ထမင်းစားနိုင်ရန် ဖန်တီးပေးနေပြန်သည်။ထိုဇာတ် ကား များတွင် အပေါ်ကားများကဲ့သို့ မင်းသား၊ မင်းသမီးကြေးနင့် နေအောင် ပေးရန်မလို၊ ဇာတ်ညွှန်း ကို စာရေးဆရာများထံမှ သိန်းချီပေး ၀ယ်စရာမလို၊ ကွန်ပျူတာ အထူးပြုလုပ်ချက် အတွက် ပညာရှင် ကို ဈေးကြီးပေးငှားရန် မလို၊ ရှုတင် တစ်မနက်ခင်းလေးအတွင်း နံနက်၁၁ နာရီ မကျော်ခင်မှာပင် အခန်းစဉ် ၈ ခန်းလောက် ရိုက်နိုင်သည်။ ဗီဒီယို တစ်ကားလုံးစာ ကုန်ကျစရိတ်သိန်း ၂၅၀ ခန့် ရှိနေချိန် တွင် အောက် ကား ထုတ်လုပ်ရေးတိုက်များက တစ်ကားလုံးစာ ၁၅ သိန်းနှင့် ရိုက်နိုင်သည်။
ကန်ထရိုက် ယူရိုက်ကူးမည့် ဒါရိုက်တာက ရိုက်လိုသည့် ၀ါသနာရှင် သရုပ်ဆောင်သစ် ကလေးများ၏ စိုက်ထုတ် ပူးပေါင်းမှုဖြင့် စရိတ်ကို တတ်နိုင်သမျှ ချုံ့ရိုက်သည်။ အလွန်ဆုံး ငါးရက်ခန့်အကြာတွင် ထုတ်လုပ်ရေးတိုက်ဆီ တည်းဖြတ်ပြီး ခွေအချောကို အပြီးအပ်သည်။
“ရိုက်တဲ့သူတွေမှာ စုမိဆောင်းမိတော့မရှိဘူး။ ဒါပေမယ့်ထမင်းတော့မငတ်ဘူးပေါ့” ဟု ရှုတင်မန်နေဂျာ ကိုဆာမိကရှင်း ပြသည်။ စူပါ မင်းသားများ၏ မူပိုင်ကြေး ကျပ်သိန်းငါးဆယ်၊ ခြောက်ဆယ် ပေါက်နေချိန် တွင် အောက်ကားများက ငါးသိန်းခန့်ရသည်။ ထုတ်လုပ်ရေးတိုက်လေးများမှာ ငွေရင်း စိုက်ထုတ်မှု နည်းပါး၍ ချက်ချင်းငွေပေါ်သည့် ဇာတ်ကလေးများ ရှာရိုက်ရင်းဖြင့် အောက်ကားဈေးကွက် ပေါ်ပေါက် လာခြင်းဖြစ်သည်။ “ဆယ်သိန်းလောက်ရင်းရင် နှစ်သောင်းလောက်တော့ ကျိန်းသေပြန်မြတ်တယ်။
အမြတ်မများပေမယ့် အောက်ကားတွေကြောင့် အဖွဲ့သားတွေ ထမင်းပုံမှန်စားနေရတယ်” ဟု ရှုတင် မန်နေဂျာ ကိုဆာမိကပြောသည်။အောက်ကားများအတွက် ဇာတ်လမ်းမှာလည်း မရှားလှ။ သတင်း ဂျာနယ် များပါ ထူးထူးခြားခြား သဘာဝလွန် ဖြစ်ရပ်များ၊ နယ်အနှံ့က ထူးခြား ဆန်းကြယ် ဖြစ်ရပ်များကို သတင်း တစ်စလောက် ရရုံဖြင့် တစ်ဇာတ်လုံးစာ ဖန်တီးနိုင်သည်။
“ယင်ကောင် ၀င်စား ကားတောင်ရှိတယ်” ဟု သရဲခန်းမှာ အများဆုံး သရုပ်ဆောင်ရသော ကိုချက်ကြီး ကပြောသည်။
အဖွဲ့သား တစ်ယောက်၏ တစ်ကားလုံးစာ ၀င်ငွေမှာ သောင်းဂဏန်းသာ ပေးရသည်။ “သရဲလုပ်ရ တာ နေ့ခင်းဘက်ဆို သိပ်မကြောက်ဘူး။ ညဘက်ဆို ကြောက်ကြောက်နဲ့ လုပ်ရတာ” ဟု သရဲကို အရမ်းကြောက်သော်လည်း ၀မ်းရေးအရ သရဲဇာတ်ရုပ် လုပ်ရသည့် ဇာတ်ရံ ကိုဖိုးသဲက ပြောသည်။
“သရဲဖြစ်နေတဲ့ ကိုယ့်ရုပ်ကိုယ် ကြည့်ပြီး ရယ်ချင်တယ်” ဟု ဆိုသူက ဇာတ်ရံကိုချက်ကြီး ဖြစ်သည်။ သရဲ တစ္ဆေ လူဝင်စား ဇာတ်ကားများကြောင့် ဗီဒီယို ဈေးကွက်တွင် ပိုနိမ့်ကျနိုင်သည်ဆိုသော ဝေဖန်မှုနှင့် ပတ်သက်၍ သရုပ်ဆောင် အာကာမြင့်အောင်က ယခုကဲ့သို့ ပြောသည်။ “အောက်ကားကြောင့် မဟုတ် ပါဘူး။ ဇာတ်ကားတစ် ကားကိုကောင်းကောင်းမွန်မွန်နဲ့ ပိုက်ဆံကိုမကြည့်ဘဲ အနုပညာမြောက်အောင် လုပ်ရင်ကောင်းမှာပဲ”
စူပါမင်းသားများပင် ဈေးကွက်အ၀ယ် နှေးနေချိန်တွင် အောက်ကားများကြောင့် ဈေးကွက်ပျက်သည်ဟု အပြစ်မတင်သင့်ကြောင်း၊ တစ်ပတ်လျှင် ကားနှစ်ဆယ်ခန့် ထွက်နေရာ ၀ယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုကြောင့်သာ ဈေးကွက် ကျရခြင်းဖြစ်ကြောင်း ဦးတင်ကိုကပြောသည်။ “ကားထုတ် အရမ်း များတော့ ဈေးလျှော့ ရောင်းရရော။ အဲဒီမှာဈေးကွက်ပျက်တာ” ဟု ၄င်းကပြောသည်။ သရဲကားနည်းတူ ပွင့်လင်း လွန်လာသော ဇာတ်ဝင်ကားအချို့ကို ဝေဖန်သူများလည်း ရှိသည်။
မကြာမီက ထွက်ရှိထားသည့် အမျိုးသမီး အဆိုတော် နှစ်ဦး၏ အမ်တီဗီမှာ ဆင်ဆာခေတ်လွန် တင်ပြပုံ စူးရဲလွန်း၍ လူငယ်ပိုင်း ပရိသတ်များကြား ဝေဖန်မှုများ ပေါ်ထွက်လာသည်။ မိန်းကလေးချင်း အချစ်တော် ထားသည့်ပုံစံ၊ မိန်းကလေးများ ဆေးလိပ်သောက်၊ နိုက်ကလပ်တက်သည့် ပြကွက်များ ပါဝင်သော အမျိုး သမီး အဆိုတော်၏ ဂီတဗီဒီယိုမှာ အွန်လိုင်းပေါ်ထိ ဂယက်ထခဲ့သည်။ “မိန်းကလေး ချင်းချင်း ကြိုက်နေ တဲ့ပုံစံ ရိုက်ထားတာ ရွံဖို့ကောင်းတယ်” ဟု အသက် ၁၈ နှစ်အရွယ် GTC ကျောင်းသူ မမြတ်သီရိမိုး က ပြောသည်။
“ဒီလို သီချင်းခွေတွေဆိုတာ ကလေးတွေကအစ ကြည့်တာလေ။ သူတို့အဲဒီလိုတွေ ရိုက်တော့ အတုယူ မှားမှာပေါ့” ဟုအဝေးသင် ကျောင်းသားတစ်ဦးက ပြောသည် ။ ဝေဖန်မှုများရှိသလို ထောက်ခံကြို ဆိုကြ သည့် ယောကျာ်းလေး ပရိသတ်အချို့ကမူ “နိုင်ငံခြား အမ်တီဗီတွေက ဒီထက် ဆယ်ဆလောက်တောင် ဆိုးတာ။ ဒါလောက်တော့ လက်ခံနိုင်တယ်” ဟု အသက် ၁၈ နှစ်အရွယ် အင်္ဂလိပ်စာ မေဂျာမှ ကျောင်းသား တစ်ဦးကပြောသည်။
သရဲ တစ္ဆေခေတ် မထခင်က ဖိုက်တင်နှင့် အက်ရှင် တော်လှန်ရေးစသည့် ဇာတ်ကြမ်းကားများကို တစိုက် မတ်မတ် အားပေးလာသော ပရိသတ်မှာ ယခုအချိန်တွင် သရဲမှသရဲ၊ ဖြစ်ရပ်မှန်သာ ဖြစ်ပါစေ၊ ကြောက် စရာ ကောင်းအောင်သာ ရိုက်ပြနိုင်ပါက နယ်မြို့များတွင်သာမက ရန်ကုန်ရှိ အချို့မြို့နယ်များ တွင်ပါ ခွေဆိုင်တက် မဆိုးလှ ဟု ခွေဆိုင်များက ပြောသည်။
“အခု အောက်ကားတွေပါ ၀ယ်နေရတယ်။ သရဲကားတွေက အငှားရဆုံးပဲ” ဟု အင်းစိန်မြို့နယ်ရှိ ချယ်ရီ အခွေငှားဆိုင်ရှင်ကပြောသည်။ သရဲရေစီးကြောင်းထဲသို့ နယ်ကြိုက်သရုပ်ဆောင်များသာမက နာမည် ရသရုပ်ဆောင်ကြီးများပါ ၀င်တိုးလာကြရာ စူပါမင်းသားတို့ ရိုက်သောကားများကို တောရောမြို့ပါမကျန် တစ်ခဲနက်အားပေးလာကြသည်။
“တစ်ပတ်ကို သရဲကားက ခုနစ်ကားလောက် ထွက်တယ်။ မင်းမော်ကွန်းတို့၊ ကျော်ရဲအောင်တို့ ရိုက်တဲ့ကားတွေဆိုပိုတောင် ငှားရတယ်။ ကလေးတွေ ပိုကြိုက်ကြတယ်” ဟု အင်းစိန်ရွာမမှ MP ခွေဆိုင်ရှင် ကိုစိုးမင်းက ပြောသည်။
သရဲကားများ ရိုးအီလာချိန်တွင် ဖြစ်ရပ်မှန် လူဝင်စားများ၊ တိရစ္ဆာန် ၀င်စားဇာတ်များ ပြောင်းရိုက်လာကြ သည်။ ယင်းဇာတ်များ အပ်ကြောင်း ထပ်လာချိန်တွင် ဇာတ်လမ်း ရေစီးကြောင်းက ပြောင်းလဲစပြုနေပြီ ဟု အောက်ကားထုတ်လုပ်သူများက ပြောလာကြသည်။
“အခု သရဲမရိုက်သလောက် ပြန်ဖြစ်လာပြီ။ ဖိုက်တင်ဘက်ကိုပြောင်းချင်နေပြီ” ဟု နယ်ကြိုက်ကားများ ရိုက်ကူးသည့် ဒါရိုက်တာဝေလင်းကပြောသည်။
လက်ရှိတွင် ၃၅ လမ်းဈေးကွက်၌ မကြာမီရက်ပိုင်းက ထွက်ရှိထားသော စီအိုင်ဒီဘဦး ဇာတ်ကားမှာ ဈေးကွက် တွင်း လှုပ်လှုပ် ခတ်ခတ်ရှိနေရာ မှုခင်းနွယ်သော အက်ရှင်ဇာတ်ကြမ်းကားများဆီသို့ တစ်ပတ်ပြန်လည်လာပြီဖြစ်ကြောင်း အောက်ကားထုတ်လုပ်သူတို့က ဈေးကွက်ကို ခန့်မှန်းလာကြသည်။
ရေစီးကြောင်းဘယ်လို ပြောင်းလဲပါစေ၊ ရေစုန်ရာ လိုက်ပါမည့် ကိုချက်ကြီးတို့လို ဇာတ်ရံများကတော့ ရိုက်ကွင်းရှိသည့် အချိန် ခေါ်ရိုက်ခံရန် အသင့် အနေအထားဖြင့် မိုးလင်းမှ မိုးချုပ် ၃၅ လမ်းတစ်ဝိုက်ရှိ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် ဘ၀တူ လောကသားများနှင့်အတူ ဖြတ်သန်းနေကြသည်သာ ဖြစ်သည်။
ဓာတ်ပုံ- ကျော်ဇင်သန်း
yoyarlay မှ သိသမျှ ။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်