Pages

Saturday, 29 December 2012

ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လိုစဉ်းစားပေးမှာလဲ KIA ?


KIA ကိုတိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက်လက်နက်ကိုင်တိုက်ပွဲ ၀င်နေတဲ့အဖွဲ့လို့ အရင် ကစိတ်ထဲမှာအသိအမှတ်ပြုခဲ့သေးတယ်။ဒါပေမယ့် ခုနောက်ပိုင်းတဖြည်းဖြည်းသိလာတာက နိုင်ငံရေး ခံယူချက်မည်မည်ရရမရှိတဲ့အဖွဲ့တစ်ခုဆိုတာပါပဲ။ဘယ်လိုနိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲ ၀င်နေ တာလဲ၊(အကယ်၍)ကချင်ပြည်နယ်ကိုKIAလက်ထဲ ထည့်ပြီး “ခင်ဗျားတို့စိတ်ကြိုက်အုပ်ချုပ်ပါ” ဆိုရင် ဘယ်လိုဖွဲ့စည်းပုံနဲ့ဘယ်လို အုပ်ချုပ်မယ်ဆိုတာမျိုးရှိရဲ့လား၊ချင်လူထုအကျိုးအတွက်လုပ်ကိုင်ဆောင်
ရွက်နေတဲ့အဖွဲ့ဖြစ်တယ်ဆိုတာသေချာရဲ့လားဆိုတဲ့မေးခွန်းတွေကိုမေးခွန်းထုတ်ရပါလိမ့်မယ်။
ငြိမ်းချမ်းရေးကိစ္စစဉ်းစားတဲ့နေရာမှာ ကချင်စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်အတွက် ဘာလို့ထည့်မစဉ်း စားနိုင် ရတာလဲ။အဲဒီဒုက္ခသည်တွေအတွက် ဘာတွေများကူညီစောင့်ရှာက်မှုတွေလုပ်ပေးပါသလဲ ။မြန်မာ စစ်တပ်နဲ့အစိုးရကမလုပ်ပေးဘူးဆိုရင်တောင်လက်ခံလို့ရသေးတယ်။KIAအနေ နဲ့ကိုယ့်လူမျိုး အချင်းချင်း အတွက်အဲဒီကိစ္စတွေကိုမစဉ်းစားပေးဘဲလက်နက်ကိုင်တိုက်ပွဲဝင်နေတာကချင်လူထုအတွက်လုပ်နေ တဲ့တော်လှန်ရေးဟုတ်ပါရဲ့လား။

KIAထိပ်တန်းခေါင်းဆောင်တွေရဲ့ချမ်းသာကြွယ်ဝမှုဟာန၀တစစ်အစိုးရခေါင်းဆောင်တွေထက်မလျော့ဘူး ဆိုတာလိုင်ဇာကိုရောက်ဖူးသူတိုင်းသိတဲ့ကိစ္စပါ။ဒါပေမယ့် သူတို့အနေနဲ့ ကချင်ပြည်နယ်အတွက် ကျန်းမာရေး၊ပညာရေး၊လူမှုဘ၀ဖွံ့ဖြိုးစည်ပင်ရေးတွေအတွက်ဘာများလုပ်ကိုင်ပေးခဲ့ပါသလဲ။လုပ်ခွင့်မရလို့ ဆိုတဲ့အကြောင်းပြချက်ချက်လောက်နဲ့တော့မလုံလောက်ပါဘူး။ပညာထူးချွန်တဲ့ ကချင် တိုင်းရင်းသားတွေ အတွက် ပညာရေးရန်ပုံငွေတစ်ရပ် ထူထောင်ပြီးပြည်ပနိုင်ငံတွေ မှာကျောင်းသွားတက် ဖို့စီစဉ်ပေးတာ မျိုးလောက်တော့ အနည်းဆုံးလုပ်လို့ရပါတယ်။တချို့မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေက ဆင်းရဲငတ်မွတ်နေ တဲ့ရွာသူရွာသားတွေအတွက်ဘယ်လိုများကူညီထောက်ပံ့ပေးခဲ့ဖူးပါသလဲ။

တကယ်တမ်းပြန်တွေးကြည့်ရင် KIA နဲ့ န၀တ စစ်အစိုးရ ဟာ ကချင်လူထုအတွက်အတူတူပါပဲ။( န၀တ စစ်အစိုးရကတော့ ကချင်လူထုချည်းပဲမဟုတ်ဘူး၊မြန်မာတစ်နိုင်ငံလုံးအတွက်လဲဘာမှမစဉ်းစားပေးခဲ့ဘူး) ကချင်ပြည်နယ်ကိုသာKIAလက်ထဲထည့်ပြီးစိတ်ကြိုက်လုပ်ခွင့်ပေးလိုက်ရင် ကချင်ပြည်သူတွေ အနေနဲ့ စစ်အာဏာရှင်စနစ်ကိုနောက်တစ်ကြိမ်ပြန်ရင်ဆိုင်ရမှာအသေအချာပဲ။ငြိမ်းချမ်းရေးကိစ္စညှိနှိုင်းရခက်နေ
တယ်ဆိုတာလဲ KIA မှာတိကျသေချာတဲ့နိုင်ငံရေးမူဝါဒမရှိသလို ကချင်ပြည်နယ် အနာဂတ် အတွက် ရည်ရွယ်ချက်ကြီးကြီးမားမားမရှိလို့ပဲဖြစ်ပါတယ်။နိုင်ငံရေးမူဝါဒမရှိ ဘဲလက်နက်ကိုင်တယ် ဆိုရ င်ဓားမြ အဖွဲ့ပဲဖြစ်လာမှာပါ။တော်လှန်ရေးသမားတော့ဖြစ်လာမှာမဟုတ်ပါဘူး။

အခုလဲသိပ်တော့မထူးပါဘူး…လက်နက်ကိုင်စီးပွားရေးလုပ်ဖို့အတွက်ငြိမ်းချမ်းရေးကိစ္စအပေါ်
အလေး အနက် မရှိခြင်းဆိုတာသေချာခဲ့ရင်တော့အပြစ်မဲ့ဒုက္ခရောက်နေရတဲ့ကချင်လူထုရဲ့ဒဏ်ခတ်မှုကို KIA အနေနဲ့တချိန်ချိန်မှာရင်ဆိုင်ရပါလိမ့်မယ်။ ကိုယ်ကျိုးရှာရုံ၊ကိုယ့်အာဏာတည်မြဲရုံလောက်နဲ့ တစ်ဖက် ကကချင်တိုင်းရင်းသားတွေရဲ့ဒုက္ခတွေကိုမျက်ကွယ်ပြုနေတဲ့KIAရဲ့သမိုင်းဟာရှေ့ဆက်ဘယ် လိုမှ လှပခန်းနားနိုင်မှာမဟုတ်တာသေချာပါတယ်။

မွန်းဒီပါ

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်