Sunday, 9 December 2012
သွေးချင်းနှောတဲ့ မောင်နှမအရင်း
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင် ပါတယ်မှတ်
အဖြစ်အပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့အောင် ခံစားရတယ်...။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ ခေါင်းကို မိုးကြိုးပစ်သလို ခံစားရတယ်...။
ငါ ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့စကား
ငါကိုယ်တိုင် ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်းထက်တူခံစားရတယ်...။
ငါ..ရခိုင်မဟုတ်ဘူးနော်...ဗမာ...
ကမ္ဘာဆိုတာ ရှိနေသ၍
မေ့ မထားဘူးဆိုတာ မှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်စေချင်စမ်းပါဘိ
ငါ ခုထိခံစားမြဲ
ရခိုင်လည်း ဗမာ..ဗမာလည်းရခိုင်မို့
ငါ့ သွေးထိ ငါမခံနိုင်ပါ
လက်သည်းဆိတ်တော့ လက်ထိပ်နာသလို ခံစားရတယ်...။
ငါ..ရခိုင် မဟုတ်ဘူးနော်..ဗမာ..
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့ အရေးလို့ အခိုင်အမာဆို
နင်တို့တွေ စိတ်မာလို့ မငိုကြလည်း
ငါ့ နှလုံးသားထဲမှာတော့ မျက်ရည် စက်လျက်
ငါ့ အသက်တမျှ ခံစားရတယ်...။
ငါ...ရခိုင် မဟုတ်ဘူးနော်...ဗမာ...
ကမ္ဘာ တည်သ၍ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမ အရင်း
မြန်မာပြည်ထဲက ညီအစ်ကို အရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
ဓားသွားထက်က ပျားရည်စက်တောင်
ခေါင်း မရှောင် အတူ လျှက်မယ်လို့ ငါခံစားရတယ်...။ ။
ကိုလေး(ထီလာမြေ)
၃၁.၁၁.၂၀၁၂(ဗုဒ္ဓဟူးနေ့)
အမျိုးအစာ
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်