Pages

Tuesday, 25 December 2012

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်



မေစစ်ပိုင်| December 25, 2012 |

ဒုတိယ ကမ္ဘာစစ်အတွင်း လူ့အသက်ပေါင်းများစွာ စတေးကာ ဖောက်လုပ်ခဲ့သော မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်းကို လာမည့်နှစ်အတွင်း ပြန်လည်ပြုပြင် ဖောက်လုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် တံခါးပေါက်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။



မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူတောင်ကြားကို ဖြတ်၍ ထိုင်းနိုင်ငံသို့ ဆက်သွယ်ဖောက်လုပ် ခဲ့သော ယိုးဒယား-မြန်မာ မီးရထားလမ်း (သေမင်းတမန် ရထားလမ်း) ကို လာမည့် ၂၀၁၃ ခုနှစ်အတွင်း စတင်၍ တနှစ်အတွင်း အကောင်အထည်ဖော် ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်က ဧရာဝတီသို့ ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအတွက် အရေးပေါ် အထောက်အပံ့ပစ္စည်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအပြီး ဧရာဝတီနှင့် တွေ့ဆုံစဉ် ၀န်ကြီး ဦးဇေယျာအောင်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တနှစ်အတွင်း အမြန်ဆုံး အကောင်အထည်ဖော်မယ်၊ ရထားလမ်း ဖောက်ဖို့အတွက်ကို စပြီးတော့ တိုင်းနေကြပြီ” ဟု ဦးဇေယျာအောင်က ပြောသည်။

လက်ရှိတွင် အဆိုပါရထားလမ်း ဖောက်လုပ်ရန်အတွက် လမ်း မြေတိုင်းတာခြင်းကို ပြုလုပ်နေပြီး ကုန်ကျစရိတ်ကို မတွက်ချက် ရသေးကြောင်း၊ တိုင်းတာမှုများ ပြုလုပ်ပြီး ကုန်ကျစရိတ် အသေးစိတ် တွက်ချက်ပြီးလျှင် လွှတ်တော်သို့ ရထားလမ်း ဖောက်လုပ်ရေးအတွက် ခွင့်ပြုမိန့် တင်ပြ အတည်ပြုချက် ရယူမည်ဖြစ်ကြောင်း သိရှိရသည်။

သေမင်းတမန် ရထား ပြန်လည် ဖောက်လုပ်ပြီးလျှင် မြန်မာနှင့် ထိုင်းနိုင်ငံအတွက် အရေးပါသော နယ်စပ်တံခါးပေါက် တခု ဖြစ်လာမည်ဖြစ်ပြီး ရထားလမ်း ဖောက်လုပ်ရေးအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုဖွယ်ရှိကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။

“လောလောဆယ် နိုင်ငံခြား ကုမ္ပဏီတွေကတော့ ရင်းနှီးမြှုပ်နှံဖို့ ကြိုပြောထားတာတွေ ရှိတယ်။ ဒါပေမယ့် ရင်းနှီး မြှုပ်နှံဖို့ကတော့ သိပ်မသေချာသေးဘူး။ အစိုးရအနေနဲ့တော့ လမ်း မြေနေရာတွေကို ကြိုတိုင်းထားမယ်။ ရထားလမ်း ဖောက်ပြီးရင်တော့ မြန်မာ – ထိုင်း နယ်စပ်တံခါးပေါက် ဖြစ်သွားမှာပေါ့” ဟု ဦးအောင်မင်းက ရှင်းပြသည်။

သေမင်းတမန် ရထားလမ်း ဖောက်လုပ်ပြီးစီးပါက မွန်ပြည်နယ်အတွင်း ကုန်စည်ကူးသန်းမှု များပြားလာနိုင်သည့်အပြင် ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာနိုင်မည်ဟု ၎င်းက သုံးသပ်သည်။

သေမင်းတမန် ရထားလမ်း ဖောက်လုပ်ခဲ့ပြီးသည့် နောက်ပိုင်း ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခရီးသွားလုပ်ငန်း အောင်မြင်မှုများ ရရှိနေသည့်အတွက် မြန်မာနိုင်ငံဘက်မှလည်း ပြန်လည် အကောင်အထည်ဖော် ဖောက်လုပ်ရန် စတင် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက ပြန်လည်ပြုပြင် ဖောက်လုပ်မည့် သေမင်းတမန် ရထားလမ်း အရှည်သည် ၇၈ မိုင်ကျော်ရှိပြီး မူလရထားလမ်း အရှည်မှာ ၂၅၈ မိုင် ၀န်းကျင် ဖြစ်သည်။

လက်ရှိတွင် သေမင်းတမန် ရထားလမ်းကို ကားလမ်းအဖြစ် ဒေသခံများက အသုံးပြုနေသောကြောင့် ရထားလမ်း ဖောက်လုပ်မည် ဆိုပါက ကားလမ်းနေရာ ပျောက်သွားနိုင်သည့်အတွက် ဘုရားသုံးဆူနှင့် သံဖြူဇရပ်မြို့နယ်အကြား ကားလမ်းသစ်တခု ထပ်မံ ဖောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သေမင်းတမန် ရထားလမ်းသည် ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဖက်ဆစ်ဂျပန်များက မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာတိုင်းရင်းသားနှင့် စစ်သုံ့ပန်း မဟာမိတ် တပ်သားများအပါအ၀င် လူ့အသက်ပေါင်း ၁ သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရသည့်အတွက် သေမင်းတမန် ရထားလမ်းဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

သေမင်းတမန် ရထားလမ်းကို သံဖြူဇရပ် မြို့နှင့် ဘုရားသုံးဆူ တောင်ကြားကို ဖြတ်ကာ ထိုင်းနိုင်ငံဘန်ပေါင်မြို့သို့ ဖောက်လုပ်ခဲ့ပြီး ဘန်ပေါင်ရှိ ဘန်ကောက် – စင်္ကာပူ မီးရထားလမ်းနှင့် ဆက်သွယ်ရန် ဖြစ်ကာ မြန်မာ့ ထွက်ကုန် ပို့ကုန် ကုန်စည်များကို လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် တခြားနိုင်ငံများ မဟာမိတ်ပြုလုပ်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Irrawaddy

သေမင်းတမန် ရထားလမ်းပိုင်းတခုကို ထိုင်းနိုင်ငံ ကန်ချန ဘူရီမြို့နယ်အတွင်း ကွေးမြစ်ပေါ် ဖြတ်၍ ဆောက်လုပ် ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – wherewasitshot.com)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်