Pages

Friday, 30 November 2012

စည်းကမ်းရှိမှ တိုးတက်မည်




''စည်းကမ်းရှိမှ တိုးတက်မည်''ဟု ဆိုရာ၌ စည်းကမ်းသည် ပါးစပ်ဖျားမှာ တဖွဖွပြော၍ စည်းကမ်းရှိနေခြင်း၊ စာရွက်ပေါ် ကြော်ငြာ သင်ပုန်းပေါ်တွင် ရေးသား၍ ''စည်းကမ်းရှိနေခြင်း''သည် ''စည်းကမ်းသိနေခြင်း''သာဖြစ်ပါသည်။ သတ်မှတ်ပြဋ္ဌာန်းရာ ''စည်းကမ်း''ကို ''သိ''ပြီး တိကျစွာ လိုက်နာ ကျင့်ကြံမှသာ ပြီးပြည့်စုံမှုရှိ၍ တိုးတက်မှုရှိမှာဖြစ်ပါသည်။ စည်းကမ်းချက်သည် ဥပဒေကဲ့သို့ လေးစားလိုက်နာအပ်သော တန်ဖိုးရှိသော ပြဋ္ဌာန်းဖွင့် ဆိုမှုများဖြစ်ပါသည်။ စည်းကမ်းသည် ကျင့်ကြံဆောင်ရွက်ရမည့် ကျင့်ဝတ် ဟုလည်း သတ်မှတ်၍ ရပါသည်။

စည်းကမ်းချက် ကျင့်ဝတ်နှင့် အညီလိုက်နာ နေထိုင်ကြပါက ယဉ်ကျေးမှုအ ဆင့် မြင့်မားသည်ဟု ညွှန်းဆိုနိုင်ပါသေးသည်။ စည်းမဲ့ကမ်းမဲ့ကျင့်စဉ် ဝတ္တရားမညီနေထိုင် ပြုမူပြောဆိုပါက ယဉ်ကျေးမှု ရှိသူဖြစ်ပေလိမ့်မည်။ တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုကို စီးပွားရေးနှင့်မတိုင်း၊ ပညာတတ်မှုနှင့် မတိုင်း၊ ယဉ်ကျေးမှုနှင့် တိုင်းတာပါသည်ဟု ယူဆချက်များရှိရာ ယဉ်ကျေးမှု၏ အတိမ်အနက်အတိုင်းအတာ အကျယ် အဝန်းမှာ နက်ရှိုင်းကျယ်ဝန်းလှ၏။

သို့ရာတွင် တိုးတက်မှုကို တိုင်းတာတွက်ဆရာတွင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍများ၏ မြင့်မားပြည့်ဝမှုများသည်လည်း အရေးပါ၍ အထောက် အကူပြုသည့်အားသာချက်များဟု ဆိုနိုင်ပါမည်။
စည်းကမ်း ကျင့်ဝတ်ပိုင်းကို တင်ပြလိုပါသည်။ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်ဟူ၍ လည်းကောင်း၊ ရဟန်းစည်းကမ်း၊ ရဟန်းကျင့်ဝတ်ဟူ၍လည်းကောင်း ရှိကြသလို နိုင်ငံတော်အတွင်းမှာ နေထိုင်သူများသည် နိုင်ငံတော်၏ စည်းကမ်းဥပဒေအတိုင်း လိုက်နာနေထိုင်ရမည်ဖြစ်ပါသည်။

ထို့အတူ ဌာနဆိုင်ရာ စည်းကမ်း၊ လုပ်ငန်းခွင် စည်းကမ်း၊ ရပ်ကွက်တွင်း စည်းကမ်း၊ အဖွဲ့အစည်းစည်းကမ်း၊ ကျောင်းတွင်း စည်းကမ်း၊ သင်တန်း စည်းကမ်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စသည်ဖြင့် စည်းကမ်း သတ်မှတ်ချက်များ ကျင့်ကြံလိုက်နာရမည့် ကျင့်ဝတ်များရှိကြပါသည်။

စည်းကမ်းကျင့်ဝတ်ဟူသည် လိုအပ်ချက်အရ ထုတ်ပြန်ထားကြသည်မို့ လိုက်နာ ကြရမည်မှာ သက်ဆိုင်သူတို့၏ တာဝန်အသိတရားပင်ဖြစ်ပါသည်။
လူမှုရေးလောကတွင်လည်း မင်္ဂလာတရားတော်အရ ယဉ်ကျေးမှုအသိတရား အရ ရှေးလူကြီးသူမများ၊ ပညာရှိသူတော်ကောင်းများက ပြဋ္ဌာန်းဆုံးမညွှန်း ဆိုခဲ့ သည့် ''မင်းကျင့်တရားများ၊ မှူးကြီးမတ်ရာ ဝန်ကြီးများကျင့်ရန်၊ ဆရာ ကျင့်ဝတ်၊ တပည့်ကျင့်ဝတ် ၊ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယား ကျင့်ဝတ်'' စသည်ဖြင့် ပြဋ္ဌာန်းလိုက်နာရမည့် စည်းကမ်းများ ရှိကြပါသည်။ လိုက်နာသင့်သော စည်းကမ်း ကျင့်ဝတ်များဖြစ်ပါသည်။

ကျွန်တော်ဆိုလိုတင်ပြချင်သည်မှာ စည်းကမ်းများ၊ ကျင့်ဝတ်များသည် အလွန် အဓိပ္ပာယ်ရှိလှပါသည်။ လူ့ဘောင်လောကအတွက် အလွန်တန် ဖိုးရှိအသုံးဝင်လှပါ သည်။ တစ်နည်းဆိုရသော် အမှားနှင့်အမှန်ခွဲခြားသိရန်နှင့် အမှားမပြုမိရန် အမှန် တရားကို ချဉ်းကပ်တွယ်ငြိရန်အတွက် လမ်းညွှန်ချက်များပင်ဖြစ်ပါသည်။

''ဥပဒေဘောင်တွင်းနေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ စိတ်ချမ်းသာ'' ဟူသော ဆောင်ပုဒ်သည် စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်ပါလျှင် ဘေးကင်းရန် ကွာ စိတ်ချမ်းသာမှာဖြစ်ကြောင်း ထပ်တူညီအဓိပ္ပာယ်ရပါသည်။ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ခဲ့ဖူးပါသည်။ စည်းကမ်းမဲ့ စည်းကမ်း မရှိ၊ စည်းကမ်းဖောက်ကြပါလျှင် ထီးနန်းပင်ပျောက်တတ်ပေရာ ဘဝ လည်း ပျက်နိုင်ပါသည်။ တိုးတက်ရာလမ်းကြောင်းလည် ဆုတ်ယုတ်နိုင်သလို အောင်မြင်မှုတွေ အကျိုးရလဒ်ဖြစ်ထွန်းမှုတွေလည်း ဆုံးရှုံးနိုင် မည်ဖြစ်ပါ သည်။

ထို့ကြောင့် နိုင်ငံနှင့်စည်းကမ်း၊ လူနှင့်စည်းကမ်းဆက်နွှယ်မှု အကျိုးသက် ရောက် တန်ဖိုးရှိမှုများရှိကြောင်း လက်ခံသဘော ပေါက်ကြမည်ဖြစ်ပါသည်။

သို့ဆိုပါလျှင် စည်းကမ်းတွေ နေရာတိုင်းမှာရှိပါလျက် ကျင့်ဝတ်ဝတ္တရားတွေ သတ်မှတ်ထားပါလျက် အဘယ်ကြောင့် တချို့လူတွေ ဘေးဒုက္ခကြုံ ရပါသနည်း။ ဘဝအန္တရာယ်ကြုံရပါသနည်း။ တိုးတက်နည်းပါး မထွန်းကား ရပါသနည်း ဟူသော အဖြေကို ရှာဖွေရသော် ကျွန်တော်ဤသို့မြင်ပါသည်။

လောကလူ့အလွှာနေရာ အသီးသီးမှာ အချို့သောနေရာတွေမှာ စည်းကမ်း သတ်မှတ်ချက် ''မူ'' ရှိပါသော်လည်း ကိုင်တွယ် ဆောင်ရွက်နေသူများက ''လူခင် တော့ မူပြင် လူမုန်းတော့ မူသုံး''ဆိုသကဲ့သို့ စည်းကမ်းကို တိကျစွာ မှန်ကန်စွာ အသုံးမပြုကြခြင်း၊ စည်းကမ်းကို ဝတ္တရားကျေ၊ တာဝန် ကျေရုံ ထုတ်ပြန်ကြေညာပြီး လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိအခြေအနေကို စိစစ် စစ်ဆေးမှုမရှိခြင်းတို့ကြောင့် တန်ဖိုးရှိ အနှစ်သာရရှိသော စည်းကမ်း သည် အသက်မဝင် အသုံးမဝင်ဘဲ လိုက်နာမှု၊ လေးစားမှုအားနည်း ကြရပေ တော့သည်။ ဤကား ကျွန်တော်မြင်သည့် ''အဖြေ''ပင်ဖြစ်ပါသည်။

သို့ပါ၍ စည်းကမ်းများကျင့်ဝတ်များလိုက်နာရန် ရည်ညွှန်းထားပြီးဖြစ် ပါသည်။ စည်းကမ်းများ ကျင့်ဝတ်များကို ''သိရုံ''နဲ့မပြီး၊ စာရွက်ပေါ် သင်ပုန်း ပေါ် ကြော်ငြာရုံ နှင့်မပြီးပါ။ ကိုယ်တိုင်လည်း လိုက်နာရန် လိုအပ်သလို မလိုက်နာပါက ထိရောက်သော အပြုဆောင်သည့် ဆောင်ရွက်မှုများနှင့် တုံ့ပြန်စေချင်ပါသည်။ သို့မှသာ လူသားအားလုံးနှလုံးသားမှာ စည်းကမ်း ပြည့်ဝပြီး သိက္ခာလှပနေမည် ဖြစ်ပါသည်။ နှလုံးသားထဲ၊ ဘဝထဲမှာ စွဲစွဲမြဲမြဲ စည်းကမ်းရှိက မုချတိုးတက် အောင်မြင် ဖွံ့ဖြိုးမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ။

ခြိမ့်နိုင်

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်