Monday, 29 April 2013
အပိုဝင်ငွေ ရနေသော ဆူးပုပ် စိုက်ပျိုးရေး
ကျွန်ုပ်တို့ မွေးဖွားရှင်သန် နေထိုင်ရာ ကမ္ဘာမြေကြီးပေါ်တွင် သဘာဝအလျောက် ပေါက်ရောက်နေသော အပင်အမျိုးမျိုး ရှိကြသည်။ ထိုအထဲတွင် အသီးစား သုံးနိုင်သော အပင်များ၊ အရွက်စားသုံး နိုင်သော အပင်များ၊ အပွင့်စားသုံးနိုင် သောအပင်များ၊ အခေါက်ကို စားသုံးနိုင် သောအပင်များ၊ အမြစ်နှင့်ဥတို့ကို စား သုံးနိုင်သော အပင်များဟူ၍ အမျိုးမျိုး ရှိကြသည်။
ဤသို့ဖြင့် စားသုံးမှု ပုံစံအမျိုးမျိုး၊ အသုံးဝင်ပုံ အမျိုးမျိုးဖြင့် ပေါများကြွယ်ဝစွာ ပေါက်ရောက် နေသော်လည်း မသိသူကျော်သွား၊ သိသူဖော်စား ဆိုသကဲ့သို့ လက်တွေ့လုပ်ကိုင် အသုံးချတတ် သူသည် သာ အောင်မြင် အကျိုးရှိနိုင်မည် ဖြစ်သည်။
ထိုသဘာဝ ပေါက်ပင်များထဲမှ တောဆူးပုပ် ခေါ် ဆူးပုပ်ကလေးသည် အညာဒေသ တစ်ခွင် နေရာဒေသ မရွေး တွင် ပေါပေါများများ အလေ့ကျပေါက် လေ့ရှိပြီး မိုးကလေး တစ်ပြိုက် နှစ်ပြိုက်လောက် ရွာလိုက် သည်နှင့် စိမ်းစိမ်းစိုစို ဝေဝေဆာဆာ ထိုးထိုးထောင်ထောင် အညွန့်တွေ အလုအယက် ထွက်လေ့ရှိသည်။ ထိုအချိန်တွင် ဟင်းသီးဟင်းရွက် ခူးယူ ရောင်းချသူတွေ အားထားစရာ ဖြစ်သလို အညာသူ အညာသား တို့ နှစ်ခြိုက် စွာ စားသုံးသော အညာဓလေ့အစား အစာတစ်မျိုးလည်း ဖြစ်သည်။
အဆိုပါ အလေ့ကျ ပေါက်ရောက်သော တောဆူးပုပ်ပင်ကို စနစ်တကျ စိုက်ပျိုး အပိုဝင် ငွေတိုးနေပုံ ကို ရေစကြိုမြို့နယ် ပေါက်တောကျွန်းသို့ တောင်သူတွေ အခြေအနေ လေ့လာရန်သွားစဉ် အမှတ် မထင် တွေ့မြင် သဖြင့် စေ့ငုကြည့် မိခဲ့ပါသည်။
''အခု ဆရာမြင်နေရတဲ့ တောဆူးပုပ်က ရေသောက်ရရင် ရာသီ မရွေးအညွန့် ထွက်တဲ့ သဘာဝရှိပါတယ်။ ကျွန်တော်က အစေ့ကို ပထမ ပျိုးထောင်ပါတယ်။ အပင်တစ်ထွာလောက် အရွယ်ရောက်တော့ မြေချ စိုက်ပါတယ်။ ကျင်းတစ် ကျင်းမှာ သုံးပင်၊ လေးပင် ခြေတစ်လှမ်း ကွာ တစ်ကျင်းနဲ့ အိမ်ဝိုင်းပတ်ပတ် လည်မှာ ကျင်း ၈ဝ လောက်စိုက်ထား ပါတယ်။ ခြံစည်းရိုး အတွက်လည်း အထောက်အကူ ပြုတာပေါ့။ စိုက်ပြီးတစ် နှစ်ဆိုရင် အညွန့်ခူးစားလို့ ရပါတယ်။ အပင်ကို အလှပန်း ပုံသွင်းသလို ကိုက်ပေးထားတော့ အထက်ကိုလည်း ရှည်မ ထွက်၊ အတက်များများလည်း ထွက်တော့ ခူးရတာလည်း အဆင်ပြေတယ်။
အညွန့်တွေလည်း ပိုရတာပေါ့ ဆရာရယ်။ ဒီဆူးပုပ်က သဘာဝမိုးရေနဲ့ဆို အညွန့်တွေ ပိုသန်သလို ပိုပြီးလည်း ထွက်တယ်။ ကျွန်တော် စိုက်ပျိုးထားတဲ့ အပင်တွေကို ၅ ရက်တစ်ခါ ခူးတဲ့အခါ အညွန့် ၅ ပိဿာ ၆ ပိဿာခန့် ရပါတယ်။ တစ်ပိဿာကို ငွေကျပ် ၂ဝဝဝ၊ ၂၅ဝဝ ဈေးနဲ့ ဖောက်သည် ပေးရပါတယ်။ ပြီးတော့ မျိုးပင်တွေကို မျိုးအိတ်မှာ ထည့်ပြီး မျိုးပင်တစ်ပင် ငွေကျပ် ၂ဝဝ နဲ့ ရောင်းပါ တယ်''ဟုသဘာဝက ပေးသော လက်ဆောင် ဆူးပုပ်ပင်ကို စနစ်တကျ စိုက်ပျိုးအကျိုး များလျက် တစ်ဖက်တစ်လမ်းမှ အပို ဝင်ငွေ ရနေသော ပေါက်တောကျွန်းမှ တောင်သူ ဦးဝင်းရှိန်က သေသေချာချာ ရှင်းလင်းပြောပြခဲ့ပါသည်။
Written by စကားဝါ
မြဝတီ
အမျိုးအစာ
ဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်