အိန္ဒိယနိုင်ငံ သမ္မတ နှင့် ဒုသမ္မတ အကြောင်း
အိန္ဒိယနိုင်ငံသမ္မတဟာ လက်တွေ့မှာ နိုင်ငံရေးအာဏာမရှိပေမယ့် အခြေခံ
ဥပဒေမှာတော့ သမ္မတရဲ့ အခန်းကဏ္ဍကို တော်တော်လေး ဇောင်းပေး ဖော်ပြထားတာကို
တွေ့ရပါတယ်။ အုပ်ချုပ်ရေးအာဏာကို သမ္မတကို အပ်နှင်းထားပြီး သမ္မတဟာ
လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးရဲ့ စစ်သေနာပတိချုပ်ရာထူး ကိုလည်း
ရရှိထားပါတယ်။
သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲနဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ နဲ့ ဖွဲ့စည်းထားတဲ့ သမ္မတ
ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ် တင်မြှောက် တာ ဖြစ်ပါတယ်။ သမ္မတ
ရွေးချယ်တင်မြှောက်ရေး အဖွဲ့မှာ ပါတဲ့သူတွေကတော့ အထက်လွှတ်တော် နဲ့
အောက်လွှတ်တော် အမတ်များ၊ ပြည်နယ် လွှတ်တော်အမတ်များပဲ ဖြစ်ပါတယ်။ ပြည်သူက
တိုက်ရိုက်ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲနဲ့ သမ္မတ
ရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ ရွေးချယ် တင်မြှောက်တာက မြန်မာပြည်နဲ့
တူပါတယ်။
မတူတာက ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းပုံပါပဲ။
မြန်မာပြည်မှာ ဒီအဖွဲ့ကို အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် အမတ်များနဲ့ပဲ
ဖွဲ့စည်းထားပေမယ့် သူတို့ ဆီမှာကတော့ ပြည်နယ် လွှတ်တော် အမတ်တွေပါ ထည့်ပြီး
ဖွဲ့စည်းထားတာပါ။ မြန်မာပြည်မှာ သမ္မတရွေးချယ်ရေးအဖွဲ့က ဒုသမ္မတလောင်း
သုံးယောက်ကို သုံးဖွဲ့ခွဲပြီး ရွေးချယ်တာ ဖြစ်ပေမယ့် သူတို့ အဖွဲ့ကတော့
သမ္မတ တစ်ယောက်တည်း ကိုပဲ ရွေးတာဖြစ်ပြီး ဒုသမ္မတကိုတော့ အထက်လွှတ်တော်နဲ့
အောက်လွှတ်တော် ပေါင်းပြီး ရွေးချယ် တင်မြှောက်တာပါ။
နောက် မတူတာတစ်ခုက
မြန်မာပြည်မှာ ရွေးချယ်ရေးအဖွဲ့ဝင်တွေဟာ မဲတစ်မဲစီပဲ ပေးခွင့်ရှိပေမယ့်
သူတို့ဆီကတော့ ကိုယ်စားပြုတဲ့ လူဦးရေးပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက်
မဲအရေအတွက် မတူပါဘူး။ မြန်မာပြည်မှာ ဟိုတစ်လောက အသံနည်းနည်း ထွက်လာခဲ့တဲ့
အချိုးကျ မဲပေးစနစ်ဖြစ်ပါတယ်။ မဲပေးနည်းကတော့ လျှို့ဝှက်မဲပေးစနစ်ပါ။
သမ္မတ သက်တမ်းက ငါးနှစ်ဖြစ်ပြီး တာဝန်ထမ်းဆောင်မှု အကြိမ်အရေအတွက်
ကန့်သတ်ထားတာ မရှိပါဘူး။ မြန်မာပြည်မှာတော့ နှစ်ကြိမ်ထက် ပိုထမ်းဆောင်ခွင့်
မရှိပါ။ သူတို့ဆီမှာ အသက် သုံးဆယ့်ငါးနှစ် ဆိုရင် သမ္မတ လုပ်စားလို့ ရပါပြီ။
တို့ဆီမှာတော့ လေးဆယ့်ငါးနှစ်လို့ သတ်မှတ်ထားပါတယ်။ လွှတ်တော်အမတ် တစ်ယောက်
ဖြစ်ထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ အိန္ဒိယ နိုင်ငံသားတစ်ယောက်ဖြစ် ရင်
သမ္မတဖြစ်ထိုက်တဲ့ အရည်အချင်း ပြည့်စုံပြီလို့ ပြောလို့ရပါတယ်။ ကန့်သတ်ချက်
များများစားစား မရှိပါ။ သမ္မအဖြစ် ကျမ်းသစ္စာကျိန်ဆိုတာကလည်း
တို့ဆီကလိုပါပဲ။
သမ္မတက လွှတ်တော်အမတ် ဖြစ်ခွင့်မရှိတာ၊ သမ္မတာဝန်ယူထားရင်
ဘယ်လခရတဲ့အလုပ်ကိုမှ လုပ်ခွင့် မရှိတာ၊ သမ္မတလစာနဲ့ အဆောင်အယောင်ရတာ
စတာတွေကတော့ တို့ဆီကလိုပါပဲ။ တစ်ခုရှိတာက သမ္မတက သူ့လစာသူ လျှော့ချင်ရင်
သူ့သက်တမ်းအတွင်း လျှော့ခွင့်မရှိပါဘူး။ သမ္မတက နုတ်ထွက်ချင်ရင် ဒုသမ္မတဆီကို
နုတ်ထွက်စာတင်ပြီး ထွက်ခွင့် ရှိပါတယ်။
သမ္မတကို စွပ်စွဲပြစ်တင်တာနဲ့
ရာထူးဖြုတ်ချတာတွေကတော့ တို့ဆီကနဲ့ အတူတူနီးပါးပါပဲ။ အထက်လွှတ်တော်နဲ့
အောက်လွှတ်တော်ကသာ သမ္မတကို စွပ်စွဲပြစ်တင်ခွင့် ရှိပြီး လွှတ်တော်တစ်ခုက
စွပ်စွဲရင် လွှတ်တော်တစ်ခုက စုံစမ်းစစ်ဆေးရပါတယ်။ နောက်ဆုံး စုံစမ်း
စစ်ဆေးတွေ့ရှိချက်ကို လွှတ်တော်ကို တင်ပြပြီး မဲခွဲလို့ သမ္မတ အပြစ်ရှိတာ
မှန်တယ်ဆိုရင် တို့ဆီမှာတော့ ပြည်ထောင်စု လွှတ်တော် နာယကက သမ္မတကို
ရာထူးတာဝန်က ရပ်စဲကြောင်း ကြေညာပေးရပေမယ့် သူတို့ကတော့ ဘယ်သူက
ကြေညာပေးရမယ်လို့ မပါပါဘူး။
သမ္မတက သေဆုံးလို့ပဲ ဖြစ်ဖြစ်၊
နုတ်ထွက်လို့ပဲ ဖြစ်ဖြစ်၊ ရာထူးက ရပ်စဲခံရလို့ပဲ ဖြစ်ဖြစ် နေရာလပ်သွားရင်
သမ္မတအသစ်ကို အမြန်ဆုံး ပြန်လည် တင်မြှောက်ရပြီး အသစ်တက်လာတဲ့ သမ္မတက
ငါးနှစ်သက်တမ်း အပြည့် တာဝန်ထမ်းဆောင် ရပါတယ်။
တို့ဆီမှာတော့ အဲသည်လို
ကြားဖြတ်တက်လာတဲ့ သမ္မတ ဆိုရင် မူလသမ္မတရဲ့ကျန်တဲ့သက်တမ်းပဲ
တာဝန်ထမ်းဆောင်ခွင့် ရှိတာပါ။သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ ရတာကတော့ တို့ဆီကနဲ့ အတူတူပါပဲ။ဒုတိယ သမ္မတကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် က ရွေးကောက် တင်မြှောက်ပြီး
သူက လွှတ်တော်အမတ် မဟုတ်ပေမယ့် အထက်လွှတ်တော် ဥက္ကဌရာထူးကို အလိုအလျောက်
ရရှိပါတယ်။ ဒါကတော့ တို့ဆီကနဲ့ မတူဘဲ အမေရိကန် စနစ်နဲ့ သွားတူတာကို
တွေ့ရပါတယ်။
သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တင်မြှောက်မှုနဲ့ ပတ်သက်ပြီး
အငြင်းပွားစရာ ဖြစ်လာရင် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပေးတဲ့အတိုင်း
အတည်ဖြစ်ပါတယ်။ သမ္မတ တာဝန်ထမ်းဆောင်နေတာ ကာလတစ်ခုရှိမှ တရားလွှတ်တော်က
သမ္မတကို တရားမဝင်ပါဘူးလို့ ကြေညာခဲ့ရင်လည်း အရင် ဆောင်ရွက်ခဲ့သမျှတွေက
မပျက်ပြယ်ပါဘူး။ သမ္မတကတော့ တရားလွှတ်တော် ဆုံးဖြတ်ချက်အတိုင်း နာခံရပါတယ်။
ဒါတွေကတော့ အခြေခံ ဥပဒေမှာ ဖော်ပြထားတဲ့ သမ္မတ ဒုသမ္မတတို့ အကြောင်းပဲ ဖြစ်ပါတယ်။
FROM-MYMOSAIC
Posted by Singapore Feel
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်